menu

Thursday 23 January 2014

မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းခံရ တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် ကိုင်တွယ်နေ


ရန်ကုန်၊ မဇ္ဈိမ။             ။မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းရပြီး ခဲယမ်းလက်နက်အချို့ ပျောက်ဆုံးနေမှုကို တိုင်း၊ ခရိုင်အဆင့်များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မရဲစခန်းမှ ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ရက်တွင် မဇ္ဈိမကို အတည်ပြုပြောပြခဲ့သည်။

အဆိုပါ လက်နက်တိုက် ဖောက်ထွင်းခံရမှုကို ဇန်နဝါရီ ၂၁ရက် နံနက် တွင် သိရှိခဲ့ပြီး အမှတ် (၅၀၁၀) တင့်ကား တပ်ရင်းမှ တပ်ရင်းမှူး ကြည်း ၂၃၇၈၅ ဒုတိယဗိုလ်မှူးကြီး အောင်သူက ဇန်နဝါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ တိုင်းနဲ့ ခရိုင်တပ်ဖွဲ့တွေကပါ ပူးပေါင်းဖော်ထုတ်နေပါတယ်။ လက်နက် ၂ လက်နဲ့ ကျည် ၅၀၀တောင့် ပါသွားတာ ဟုတ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ တရားခံလွှတ်သွားမှာစိုးလို့ ဘာမှ ထုတ်ဖော်ပြောကြားပေးလို့ မရသေးပါဘူး”ဟု ရဲမှူး နိုင်နိုင်ငြိမ်းက ရှင်းပြခဲ့သည်။


အဆိုပါ တင့်ကားတပ်မှာ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်စု၊ ရန်ကုန်- ပြည်ကားလမ်းဘေးရှိ အမှတ် (၅၀၁၀)တင့်ကားတပ်ရင်းဖြစ်ပြီး လက်နက်တိုက် ဖောက်ထွင်းခံထားရသည်ကို ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီတွင် စတင်သိရှိခဲ့ခြင်း ဖြစ်သည်။

ယင်းတပ်မှ တပ်ကြပ်ကြီး သိန်းအေးက မကောင်းတော့သည့် ခဲယမ်းများအပ်နှံရန်အတွက် ခဲယမ်းများထုတ်ယူရန် တပ်ရင်း လက်နက်တိုက်သို့လာစဉ် ဌာနချုပ်တပ်ခွဲ လက်နက်တိုက်မှာ တံခါးပွင့်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဌာနချုပ်တပ်ခွဲ လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး ရဲနောင်နှင့်အတူ သွားရောက် စစ်ဆေးရာ လက်နက်တိုက်အပြင်ဘက် ပျဉ်းကတိုးတံခါးနှင့် အတွင်းဘက်သံတံခါးတို့တွင် ခက်ထားသည့် BAOGU အမျိုးအစား အာမခံသော့ (၂)လုံးမှာ အဖျတ်ခံထားရခြင်းဖြစ်သည်။

လက်နက်တိုက်အတွင်း ဝင်ရောက်စစ်ဆေးရာ သေနတ်စင်မှ သေနတ်ခတ်သံကြိုးမှာ ပြတ်တောက်နေပြီး လက်နက်နံပါက် ဂျီ ၁၃၁၃၉ နှင့်  ဂျီ ၀၂၈၅၀ဖြစ်သည့် အမ်အေ 13 မတ် 1 အမျိုးအစား သေနက် (၂)လက် တို့မှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပြင်းကျည် စုစုပေါင်း ၅၀၀ တောင့်နှင့် အမ်အေ ၁၃ ကျည်ကတ် (၅)ခုတို့ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် မှော်ဘီရဲစခန်းက (ပ)၄၀/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ခိုးယူသူကို ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က)ဖြင့် အရေးယူရန် တိုင်းအဆင့် ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေခြင်းလည်း ဖြစ်သည်။

Written by  ဇော်ဇော်ထွေး

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis