အအိပ်အနေ နည်းပါးမှုသည် လူ့ခန္ဓာကိုယ် အတွင်း လုပ်ငန်း ဆောင်ရွက်မှုများ အပေါ် အကျိုး သက်ရောက်မှု ရှိစေသည်ကို ဗြိတိန် နိုင်ငံမှ သုတေသီ များက တွေ့ရှိထားသည်။ တစ်ရက်လျှင် ၆ နာရီ ပြည့်အောင် မအိပ်သူ များသည် သီတင်းတစ်ပတ် ကြာသည့် အခါ ရာနှင့်ချီသော မျိုးဗီဇများ လှုပ်ရှားမှု ပြောင်းလဲ သွားကြောင်းကို ၎င်း တို့က ပြောကြား ထားသည်။
နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် ဦးနှောက် အလုပ်လုပ်မှု ကျဆင်းခြင်း တို့သည်လုံလောက်သော အိပ်စက် အနားယူမှု မရှိခြင်းနှင့် ဆက်နွှယ်မှု ရှိသည်ကို တွေ့ရသည်။
ဆာရေး တက္ကသိုလ်ရှိ သုတေသီ များက တစ်ညလျှင် အိပ်ချိန်၁ဝ နာရီဖြင့် သီတင်း တစ်ပတ်ကြာ အိပ်စက် ထားသူများ၏ သွေးများကို ဆန်းစစ် လေ့လာခဲ့ပြီး သီတင်းတစ်ပတ်လျှင် တစ်ညအိပ်ချိန် ၆ နာရီ မပြည့်သော သူများ၏ သွေးနမူနာ အဖြေများနှင့် နှိုင်းယှဉ် လေ့လာ ခဲ့ကြရာ မျိုးဗီဇ ၇ဝဝ ကျော်၏ ပြောင်းလဲမှု များကို တွေ့ရသည်။ ဗီဇ တစ်ခုစီတွင် ပရိုတင်းဓာတ် တစ်မျိုး တည်ဆောက်မှု အတွက် ညွှန်ကြားချက်များ ပါဝင်ပြီး မျိုးဗီဇများ ပို၍ လှုပ်ရှားလေ ပရိုတင်းဓာတ်များ ပိုမို ထုတ်လွှတ် နိုင်လေ ဖြစ်သည်။ ပရိုတင်းဓာတ် များလာခြင်းသည် ခန္ဓာကိုယ်၏ ဓာတုဗေဒ ဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။