![]() |
| (လက်ပံတောင်းတောင်အနီးတွင် သံဆူးကြိုးချဲ့ထွင်ခတ်မှုကြောင့် ဒေသခံများနှင့် လုံခြုံရေးများ ဖေဖော်ဝါရီ ၅ ရက်က ထိပ်တိုက်တွေ့ဆုံစဉ်) |
Written By - ကိုသိန်း (ကျောက်ကြီး)
လူရယ်လို့ ဖြစ်လာကြတဲ့အခါ ဘယ်သူမဆို လူသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေနဲ့ လူတမ်းစေ့နေထိုင်လိုကြပြီး ဖြစ်တည်လာတဲ့ ဘ၀တွေနဲ့အတူ ဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်း ထပ်တူ ရှိချင်ကြမှာပါ။ ဒါကြောင့်မို့လည်း အချိန်တန် အရွယ်ရောက်ကြကတည်းက အိုမင်းရင့်ရော်တဲ့အထိ နေ့ရောညပါ မိမိတို့ဆန္ဒတွေ ပြည့်ဝလာအောင် ဆန္ဒပြည့်ဝချင်သူတိုင်း မနားမနေ လှုပ်ရှားရုန်းကန် ဆောင်ရွက်နေကြခြင်းပဲဖြစ်ပါတယ်။ ဆင်းရဲတွင်းမှာ ကျရောက်နေကြတဲ့ ပြည်သူအများစုက ဆင်းရဲတွင်းက လွတ်ကင်းအောင် ရုန်းကန်နေကြသလို စီးပွားရေးသမားတွေကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အောင်မြင်သထက် အောင်မြင်အောင် နည်းမျိုးစုံသုံးပြီး ကြံဆောင်နေကြမှာပါ။ ထို့အတူ နိုင်ငံရေးပါတီအသီးသီးကလည်း သူတို့ချမှတ်ထားတဲ့ လမ်းစဉ်၊ မူဝါဒတွေ အကောင်အထည်ပေါ်လာအောင် မလျှော့သောဇွဲလုံ့လတွေနဲ့ ကြိုးပမ်းဆောင်ရွက်နေမှာဖြစ်သလို အာဏာရ အသိုင်းအ၀ိုင်းကလည်း သူတို့ရဲ့ဘ၀နဲ့ သူတို့ရဲ့အာဏာတွေ ဆက်လက်တည်မြဲနိုင်ရေး၊ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝသထက် ပြည့်ဝနိုင်ရေးအတွက် ခေါင်းစဉ်တွေအမျိုးမျိုးပြောင်းကာ လှုပ်ရှားကြံစည်နေကြမယ် ထင်ပါတယ်။
တကယ်တမ်းကျတော့ လူ့လောကရဲ့ အနှစ်သာရဟာ ငြိမ်းချမ်းခြင်းနဲ့အတူ ပျော်မွေ့စွာ အသက်ရှင်နိုင်တာအပြင် ဘာမှမရှိပါဘူး။ ဒါပေမဲ့ ယနေ့ပြည်သူအများစုရဲ့ လက်တွေ့ဘ၀ဟာ ငြိမ်းချမ်းမှုတွေကင်းဝေးပြီး ပျော်ရွှင်မှုတွေအစား နိုင်ငံအနှံ့မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပင်မှုတွေနဲ့သာ နပန်းလုံးနေကြတဲ့ သောကပင်လယ်ဝေနေကြတဲ့ ဘ၀တွေကများပါတယ်။ ပြည်သူတွေဖြစ်ချင်တဲ့ ဆန္ဒနဲ့ လက်တွေ့ဘ၀တွေဟာ ကွာခြားချင်တိုင်း ကွာခြားနေတယ်ဆိုတာ စစ်တမ်းကောက်ယူစရာတောင် လိုမယ်မထင်ပါဘူး။























