၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန် ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို
ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ
ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ
သုံးသပ်ချက်များအရ သိရသည်။
“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကို ချချင်ရင် စတော့အိတ်ချိန်း မပေါ်ပေါက်မီ ချမှဖြစ်မယ်။ စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ ချမယ်ဆိုရင် စတော့ဈေးကွက်တောင် ပြိုလဲသွားနိုင်တဲ့အထိ ငွေကြေးကမောက်ကမ ဖြစ်နိုင်တယ်။ ဒီတော့ ၂၀၁၅ ခုနှစ်မတိုင်မီ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပဲ အိမ်ခြံမြေဈေးနှုန်းတွေကိုချမှ အဆင်ပြေပါလိမ့်မယ်” ဟု စီးပွားရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၊ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မြေဈေးနှုန်းများမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမြင့်လျက် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်တွေ့လျက်ရှိသည်။
စီးပွားရေးမြို့တော် ရန်ကုန်မြို့အတွင်း ရုံးခန်းငှားရမ်းခမှာ အခြေခံအဆောက်အအုံများ ပြည့်စုံပြီးဖြစ်သည့် အမေရိကန်နိုင်ငံ မန်ဟက်တန်ထက်ပင် ဈေးကြီးမြင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးများတွင် ဖော်ပြမှုများ ရှိနေသည်။