menu

Thursday 23 January 2014

ကုလငြိမ်းချမ်းရေး တပ်များသည် စင်ပြိုင်အစိုးရသဖွယ် ပြုမူနေသည် ဟု တောင်ဆူဒန်သမ္မတဆို

Photo: ကုလငြိမ်းချမ်းရေး တပ်များသည် စင်ပြိုင်အစိုးရသဖွယ် ပြုမူနေသည် ဟု တောင်ဆူဒန်သမ္မတဆို

ဂျူဘာ၊ ဇန်နဝါရီ ၂၂

တောင်ဆူဒန်သမ္မတ ဆယ်ဗာကီရာက ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်များသည် ၎င်း၏ နိုင်ငံထဲတွင် စင်ပြိုင်အစိုးရသဖွယ် ပြုမူနေကြောင်း စွပ်စွဲ ပြောကြားလိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂက သူပုန်တပ်သားများနှင့် လက်နက်များကို UN စခန်းများ၌ ထည့်သွင်း ဝှက်ထားပေးနေကြောင်း တောင်ဆူဒန် အစိုးရက ကြေညာပြီးနောက် သမ္မတ၏ အထက်ပါ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ဆူဒန်နိုင်ငံ တွင် အရပ်သားပေါင်း ခုနစ်သောင်းကျော်သည် နိုင်ငံတဝှမ်းလုံးရှိ ကုလသမဂ္ဂ စခန်းများအတွင်း လာရောက် ခိုလှုံလျက်ရှိ ကြသည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သော တောင်ဆူဒန်တွင် အစိုးရတပ်များရော၊ သူပုန်တပ်များကပါ အကြမ်းပတမ်း လူသတ်မှုများကို ကျူးလွန်နေသည်ဟု ကုလသမဂ္ဂ အဖွဲ့အစည်းက ထုတ်ဖော် ပြောကြားထားသည်။

သမ္မတကီရာနှင့် ၎င်း၏ ဒုတိယသမ္မတဟောင်း ရစ်ခ်မာချာတို့အကြား နိုင်ငံရေးအရ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရာမှ ဒီဇင်ဘာ လလယ်လောက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူမျိုးစုတစ်ခုနှင့်တစ်ခု အသေအကြေ တိုက်ခိုက်မှုများလည်း ဖြစ်ခဲ့သည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် တောင်ဆူဒန်ပြည်သူ ငါးသိန်းခန့် နေရပ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရလျက်ရှိကာ လူပေါင်း တစ်ထောင်ကျော်ခန့် သေဆုံးရပြီး ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ကြီးက ငြိမ်းချမ်းရေး ထိန်းတပ်ဖွဲ့ဝင် ၅၅၀၀ ခန့်ကို တပ်စွဲထားစေပြီး ယင်းတပ်ဖွဲ့အင်အားကို ၁၂,၅၀၀ အထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။

မစ္စတာကီရာသည် ကုလတပ်များကို ဝေဖန်လိုက်သော မှတ်ချက်ကို သူပုန်များ သိမ်းထားသော မြို့ကို ပြန်သိမ်းလိုက်ပြီးနောက် အစိုးရ ရုပ်သံလိုင်းတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မစ္စတာဘန်ကီမွန်းက တောင်ဆူဒန်ကို စင်ပြိုင် အုပ်ချုပ်မယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြောထားသင့်ပါတယ်” ဟု တောင်ဆူဒန်သမ္မတက လူသိထင်ရှား ဆိုလိုက်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တောင်ဆူဒန်သမ္မတ၏ အဆိုပါ မှတ်ချက်ကြောင့် ထိတ်လန့်မိကာ စိတ်ညစ်ခဲ့ရကြောင်း၊ တောင်ဆူဒန် နိုင်ငံရောက် ကုလသမဂ္ဂ ဝန်ထမ်းများအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မြင်မိကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis