menu

Thursday 23 January 2014

မီးအိမ်ရှင်အိပ်မက်

Photo: မီးအိမ်ရှင်အိပ်မက်
--------
ရေးသားသူ- အိဖြူလွင်

တောင်ခြေရွာတစ်ရွာတွင် ကျင်းပနေသည့် မူလတန်းလွန်ကျောင်းဖွင့်ပွဲ အခမ်းအနားတစ်ခုဖြစ်သည်။ ထိုအခမ်းအနားတွင် အသက်(၃၀)အရွယ် လူငယ်တစ်ဦးက မိုးပေါ်ပျံတက်သွားသည့် မိုးပျံပူဖောင်းများကို စိတ်ဝင်တစား ဓာတ်ပုံရိုက်နေသည်။

ဘေးနားမှ ကျောင်းအုပ်ဆရာကြီးက “အဲဒါ ကျွန်တော်တို့ဆီက တစ်ဦးတည်းသော ဗမာကျောင်းဆရာပဲ”ဟု ဆိုသည်။ နှင်းနှင့်ဖုန်မှုန့်တို့ဖြင့် ခပ်ညစ်ညစ်အ၀တ်အစားများနှင့် ထိုလူငယ်ကို တွေ့ရသည်မှာ ကျောင်းအုပ်ဆရာကြီးစကားနှင့် ဆက်စပ်ကြည့်ရန် ခပ်ခက်ခက်။

“ဒီနေရာတွေက လမ်းပန်းဆက်သွယ်ရေး ခက်တယ်လေ။ ဒါကြောင့် မြေပြန့်က ဆရာတွေတော့ သိပ်မရှိဘူး။ စစ်ကိုင်းတိုင်းဘက်က ဆရာတွေလောက်ပဲရှိတယ်”ဟု တောင်တန်းထူထပ်သောဒေသ၏ အလယ်တန်းကျောင်းအုပ်ကြီးက ၎င်းတို့ဒေသတွင် လာရောက်တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများတွင် မြေပြန့်ဒေသမှလာသူများ နည်းပါးပုံကိုပြောသည်။

ချင်းတောင်တန်းတွင် ရှားရှားပါးပါး ဗမာလူမျိုးကျောင်းဆရာဖြစ်နေသည့် ကိုကျော်ဇင်ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှ လာရောက်၍ ချင်းပြည်နယ်တီးတိန်မြို့နယ်ရှိ အနီးဆုံးမြို့မှ ၃၈ မိုင်ဝေးသော တွီးဗြဲရွာတွင် အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

ကျောင်းဆရာမျိုးရိုးမှလာခဲ့ပြီး ကိုယ်တိုင်လည်း ဆရာတစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ရှိခဲ့သည့် ဆရာဦးကျော်ဇင်ဦးက သူ၏ပညာရေးဝန်ထမ်းတစ်ယောက်ဘ၀ကို တောင်ထူထပ်သော ချင်းပြည်နယ်တွင် စတင်ရမည်ဟုတော့ မမျှော်မှန်းခဲ့ဟုဆိုသည်။

“ကျွန်တော် တာဝန်ကျတဲ့နေရာကို Google Earth ကနေရှာကြည့်တာ ရှာလို့မရဘူးဗျ။ ဒီလိုနဲ့ စာသင်ခန်းထဲကို ပထမဆုံးစ၀င်တဲ့နေ့ကတော့ တော်တော်ရယ်စရာကောင်းပါတယ်။ ကျွန်တော်ပြောတာ သူတို့နားမလည်ဘူးဗျ။ သူတို့ပြောတာလည်း ကျွန်တော် နားမလည်ဘူးလေ။ ဒီလိုနဲ့ပဲ လေးနှစ်ရှိလာခဲ့တာ”ဟု ကိုကျော်ဇင်ဦးက သူ၏ ပထမဆုံးချင်းတောင်တန်း၏ ဆရာဘ၀အတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။

ငယ်စဉ်ကတည်းက ကျောင်းဆရာတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ချက်ရှိခဲ့သော သူ့အတွက် အမျိုးသားစာပေဆုရ အိပ်မက်အလွမ်းနှင့် ကြိုးကြာတောင်ပံခတ်သံများဝတ္ထုထဲမှ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စေတနာကျောင်းဆရာ၊ စေတနာဆရာဝန်ဇာတ်ကောင်များကို အားကျမိသော်လည်း တကယ့်လက်တွေ့ဘ၀တွင်မူ စိတ်ကူးထဲကအတိုင်းဖြစ်ရန်မလွယ်ဟု သူက ၀မ်းနည်းစွာဖြင့်ပြောသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းများအနက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်ဖြစ်နေသကဲ့သို့ ဘာသာ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူညီမှုကြောင့် မြေပြန့်ဒေသမှဆရာများ လာရောက်တာဝန်ထမ်းဆောင်ရန် ခက်ခဲနေခြင်းဖြစ်သည်။

ချင်းတောင်တန်း၏သင်္ကေတ ကျောက်စာတိုင်၊ ခေါင်ရည်အိုး၊ ဆန်ဖွပ်မောင်းထောင်းသံများသည် ဝေသီမြင့်မားသော တောင်တန်းများနှင့် ခွဲခြားမရဘဲ တစ်နိုင်ငံလုံးရှိ မည်သည့်ဒေသနှင့်မှမတူသည့် ရေခဲသည့်လမ်းများ၊ တောင်ထွတ်များသည် သဘာဝ၏နက်ရှိုင်းသော အလှအပများစုဝေးရာ ဖြစ်သကဲ့သို့ မြေပြန့်ဒေသက လူတို့ဖန်တီးထားသော ယဉ်ကျေးမှုအစဉ်အလာများ၊ ပြောင်းလဲနေသောသဘာဝများနှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေပေသည်။

အညာအရပ်ဟုခေါ်နိုင်သည့် မြေပြန့်ဒေသမှလာရောက်သည့် ဆရာကိုကျော်ဇင်ဦးအတွက် ချင်းတောင်တန်းတွင် ပထမဆုံးကြုံတွေ့ရသည်မှာ ဘာသာစကားအခက်အခဲဖြစ်ပြီး ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေး၊ အစားအသောက် အခက်အခဲများအပြင် အကြီးမားဆုံးကွာခြားချက်အဖြစ် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကလည်း သူ့အတွက် အခက်အခဲများဖြစ်ခဲ့သည်။

သူနေထိုင်ရာ တွီးဗြဲရွာတွင် တစ်ဦးတည်းသော ဗမာလူမျိုးဖြစ်သည့် သူ့အတွက် နေ့စဉ်စားသောက်မှုဘ၀ အဆင်ပြေရန် ကျောင်းဆင်းပြီးချိန်တွင် ဟင်းစားရှာထွက်ရသေးသည်။

တွီးဗြဲကျေးရွာတွင် အိမ်ခြေ ၉၀ ကျော်ရှိပြီး ကျောင်းသားစုစုပေါင်း ၂၀၂ ယောက်ရှိသည့် အလယ်တန်းကျောင်းခွဲတစ်ကျောင်း ရှိသည်။ သူက ငါးတန်းမှခုနစ်တန်းအထိ ကျောင်းသားများကို စာသင်သည်။

ကျောင်းမှာ သူတစ်ယောက်တည်း ဗမာစကားပြောပြီး စာသင်သည့် ဆရာရှိသည်။ ထို့အတွက် ဗမာစာကို သေချာနားမလည်ဘဲသင်နေရသည့် ကျောင်းသားများသည် စာကိုဖတ်တတ်ရုံမျှသာရှိပြီး အလုံးစုံနားလည်မှု ရှိ၊ မရှိအပေါ်မှာတော့ သူက သံသယရှိနေသည်။

ယခုစာသင်နှစ်တွင် သူငယ်တန်းမှ ကိုးတန်းထိ အတန်းတိုင်းကို မအောင်မနေရစနစ်မှ လေးတန်းနှင့် ရှစ်တန်းများကို အစိုးရစစ်ပုံစံ ပြောင်းလိုက်ပြီဖြစ်သည့်အတွက် ကျောင်းသားများ၏ အောင်ချက်သည်လည်း ကျလာနိုင်ဖွယ်ရှိသည်ဟု သူထင်နေသည်။

သူငယ်စဉ်ကဖတ်ခဲ့သော စာအုပ်တွေအရ ချင်းတောင်တန်းတွင် တာဝန်ထမ်းဆောင်ချိန်တွင် ချင်းတောင်တန်းမှ မီးအိမ်ရှင်ဆရာလေးလို ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်ကြီးဟု ထင်မှတ်မိသော်လည်း လုံးဝကွဲပြားခြားနားနေပြီး ပြောင်းလဲရန်ခက်သည့် ပတ်ဝန်းကျင်တွင် အသားတကျနေထိုင်ရန်အတွက်မူ သူ၏အထီးကျန်မှု၊ အဆင်မပြေမှုခံစားချက်များနှင့် အပြိုင်ဖြစ်နေသည်ဟု သူကဆိုသည်။

သူ့ကဲ့သို့ မြေပြန့်ဒေသမှလာသည့် ၀န်ထမ်းများကို တစ်ယောက်တည်းတာဝန်မချဘဲ အနည်းဆုံး တစ်နေရာတွင် နှစ်ယောက်လောက်သာရှိမည်ဆိုလျှင် အထီးကျန်မှုခံစားချက်များ လျော့နည်းနိုင်သလို၊ ဘာသာစကားအဆင်ပြေရန်ကလည်း မြေပြန့်မှလာမည့် ကျောင်းဆရာများအတွက်ရော၊ တောင်တန်းဒေသရှိ ကျောင်းသားများအတွက်ပါ အဆင်ပြေနိုင်မည်ဟု ကိုကျော်ဇင်ဦးကယုံကြည်နေသည်။

“လေးနှစ်ဆိုတဲ့အချိန်တွင်းမှာ ဘာလုပ်ပေးနိုင်ပြီလဲလို့ ပြန်ကြည့်ရင် မနှစ်ကစပြီး ဘောလုံးကွင်းတစ်ကွင်း လုပ်နိုင်ခဲ့တယ်။ ဒီနေရာက တောင်စောင်းဒေသဆိုတော့ ဘောလုံးကွင်းတစ်ကွင်းဖြစ်ဖို့ ခက်တယ်လေ။ နောက် ကျောင်းသားတွေကို စာများများဖတ်ဖြစ်အောင် လုပ်ပေးနေတယ်။ စာကြည့်တိုက်ကြီးတစ်ခု မလုပ်နိုင်တောင် တတ်နိုင်တာလေးတော့ လုပ်ပေးချင်တယ်။ ကျွန်တော် ဒီလောက်နဲ့တော့ အရှုံးမပေးချင်ဘူးဗျာ။ လာပြီးမှတော့ နာမည်တစ်ခုကျန်ခဲ့စေချင်တယ်” ရာသီဥတုကြောင့် ကျန်းမာရေးပြဿနာများကို ခံစားနေရသည့်တိုင် သူ့အနေဖြင့် ဒီဒေသမှထွက်ခွာရန် ရည်ရွယ်ချက်မရှိပုံကို ပြောပြသည်။

ချင်းပြည်နယ်ကဲ့သို့ ဝေးလံသောဒေသများတွင် တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းများအတွက် လစာနှင့်ညီမျှသော ထပ်ဆောင်းစရိတ်ကို ခံစားခွင့်ပြုထားသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် စရိတ်ကြီးမားမှုကြောင့် သူသည် နေရပ်သို့ တစ်နှစ်မှတစ်ခါသာ ပြန်နိုင်သည်။

ချင်းပြည်နယ်ရှိ ကားလမ်းအများစုမှာ နွေရာသီ၌သာ ကောင်းစွာအသုံးပြုနိုင်ပြီး မိုးတွင်းတွင် တောင်ပြိုမှုများကြောင့် အသွားအလာသိပ်မရှိပေ။ ထို့ပြင် ကျေးရွာအများစုမှာ တောင်စောင်းများ၌ တည်ထားခြင်းဖြစ်သဖြင့် တစ်ရွာနှင့်တစ်ရွာသွားရာတွင် ဆိုင်ကယ်လမ်းမရှိပါက ခြေထောက်ကိုသာ အားကိုးရသည်။

တောင်ပေါ်တွင်သာ ရွာတည်ကြသည့် ချင်းပြည်နယ်၌ ကျောင်းသားဦးရေ စုစုပေါင်းတစ်သိန်းနှစ်သောင်းကျော်ရှိပြီး ပညာရေးဝန်ထမ်းအရေအတွက်သည် ခုနစ်ထောင့်ခုနစ်ရာရှိသည့်အတွက် ကျောင်းသားနှင့် ဆရာအချိုးမှာ (၁၈း၁)ဟု ပြောနိုင်သော်လည်း တကယ်တမ်းလက်တွေ့တွင်မူ စာရင်းထဲကနှင့် ကွာခြားသည်ဟု ဖလမ်းမြို့နယ် နှစ်ခြင်းခရစ်ယာန်အဖွဲ့မှ ဖွံ့ဖြိုးရေးတာဝန်ခံ ကိုထောင်ဘီးကဆိုသည်။

“ရွာမှာတာဝန်ကျတဲ့သူတွေက မြို့ပေါ်ကအရာရှိနဲ့ပေါင်းပြီး ရွာကိုမသွားဘဲ မြို့မှာနေနေတာတွေရှိတယ်။ ချင်းပြည်နယ်ရဲ့ပညာရေးကို တကယ်တိုးတက်စေချင်ရင်တော့ ဒေသခံဆရာတွေကပဲ စေတနာအပြည့်နဲ့ လုပ်ပေးဖို့လိုတယ်။ တခြားကလာတဲ့ လူတွေအတွက်တော့ ဘာသာစကားမတူတာတစ်ခုတည်းနဲ့တင် အဆင်မပြေဘူး”ဟု ကိုထောင်ဘီးက သူ့ယူဆချက်ကိုပြောသည်။

အလယ်တန်းပြဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကိုကျော်ဇင်ဦးက သူ၏ပထမဆုံးတာဝန်ကျသည့်နေရာသည် ချင်းတောင်တန်းဖြစ်သည့်အတွက် အခြားဒေသများသို့ ပြောင်းရွှေ့ရန် မည်သည့်အခါကမှ မကြိုးစားခဲ့သလို နောင်လည်းကြိုးစားမည်မဟုတ်ဟု သူ့ခံယူချက်ကိုပြောသည်။

မှိုင်းညို့နေသည့် တောင်တန်းပေါ်မှ ပြောင်းလဲရေးသမားကျောင်းဆရာက “အခုလည်း ရန်ကုန်ကဘွဲ့ရလာတဲ့ ဒေသခံတစ်ယောက်နဲ့ပေါင်းပြီး စိုက်ပျိုးရေးစနစ်ကို ရွှေ့ပြောင်းတောင်ယာအစားပေါ့ ခေတ်မီစိုက်ပျိုးရေးစနစ်ဖြစ်အောင် လုပ်ဖို့ရှိတယ်။ လောလောဆယ် ကျွန်တော့်နေ့စဉ်ဘ၀က ကျောင်းသားတွေပဲပေါ့။ ကလေးတွေနဲ့ စလိုက်နောက်လိုက်နဲ့ပဲ ပျော်အောင်နေနေပါတယ်”ဟု ဆိုသည်။

ချင်းတောင်တန်းသည် မဖွံ့ဖြိုးသေးပါ။ ဖွံ့ဖြိုးရန်အတွက် ဒေသခံများက အားကြိုးမာန်တက်လုပ်ဆောင်နေသလို ကိုကျော်ဇင်ဦးကဲ့သို့ ဇာတ်ကောင်ဆန်သော ကျောင်းဆရာများလည်း မရှိမဖြစ်လိုအပ်နေဦးမည်သာ ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis