menu

Sunday 25 March 2012

ဂျူးလေးဦးနှင့် ပြင်သစ်စစ်သားသုံးဦးအား သတ်ဖြတ်ခဲ့သော သေနတ်သမားကို ကွန်မန်ဒိုများက ၃၁ နာရီကျော်ကြာ ၀ိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် အသေဖမ်းမိ




မိုဟာမက်မီရက်ဟ်နေသော တိုက်ခန်းတစ်ဝိုက် ရဲများက စောင့်ကြပ်နေစဉ်
ပြင်သစ်စစ်သား သုံးဦး၊ ဂျူးလူမျိုး ကျောင်းဆရာတစ်ဦးနှင့် ကလေးသုံးဦးအား သတ်ဖြတ်ခဲ့မှုဖြင့် အလိုရှိနေသည့် သေနတ်သမားတစ်ဦးကို ပြင်သစ်ရဲများက ၃၁ နာရီကျော်ကြာ ၀ိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် မတ် ၂၂ ရက် နံနက်တွင် အသေဖမ်းမိခဲ့ကြောင်း  တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီရက်ဟ်ကို အသေဖမ်းမိပြီးနောက် ပြင်သစ်သမ္မတ နီကိုလတ်စ်ဆာကော်ဇီက မီရက်ဟ်ကို အသက်ရှင်လျက် တရားခွင်တင်နိုင်ရေးအတွက် လုပ်နိုင်သမျ အားလုံးလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘယ်လိုဖမ်းမိခဲ့သလဲ
အယ်လ်ကေးဒါးအဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့သည်ဆိုသော အသက် ၂၃ နှစ်ရှိမိုဟာမက်မီရက်ဟ် ၏ခေါင်းကို ပြင်သစ်ကွန်မန်ဒိုများက  သေနတ်ဖြင့်ပစ်ခဲ့ပြီးနောက် အသေ ဖမ်းမိခဲ့ခြင်းဖြစ်သည်။မီရက်ဟ်သည် ၎င်းပုန်းနေရာတိုက်ခန်းရှိ ရေချိုးခန်းမှ ထွက်ပေါ်လာပြီး ဖမ်းဆီးရန်ကြိုး ပမ်းလာသော ရဲများထံ သေနတ်ဖြင့် အချက် ၃၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ပါရီအစိုးရရှေ့နေ ဖရန့်ဆွာမိုလင်စ်က ပြောကြားခဲ့သည်။ မီရက်ဟ်သည် ပြတင်းပေါက်မှနေ၍ လေသာဆောင်သို့ ခုန်ထွက်စဉ် သေနတ်ဖြင့် ပစ်ခတ်နေဆဲဖြစ်ပြီး ၎င်းကို မြေကြီးပေါ်တွင် သေဆုံးလျက် တွေ့ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းသေဆုံးချိန်တွင် ၎င်း၏သေနတ်ထဲ၌ ကျည်နှစ်တောင့်သာ ကျန်တော့ကြောင်း မိုလင်စ်က ပြောကြားခဲ့သည်။ ၎င်းကိုဖမ်းရန် ကြိုးပမ်းစဉ် ရဲနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Claude Gueant  က ပြောကြားခဲ့သည်။

လက်နက်အများဆုံး တင်သွင်းသည့် အာရှနိုင်ငံများ

စတော့ဟုမ်း- ကမ္ဘာပေါ်တွင် လက်နက် တင်သွင်းရာ၌ အာရှတိုက်သည် ထိပ်ဆုံးအဆင့်ရှိကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေ သန အဖွဲ့ (SIPRI) က မတ်လ ၁၉ ရက် နေ့က ကြေညာခဲ့သည်။
လွန်ခဲ့သောငါးနှစ်အတွင်း အာရှနှင့် သမုဒ္ဒရာကျွန်းနိုင်ငံများသည် ကမ္ဘာ့ သမားရိုးကျ လက်နက်တင်သွင်း မှု၏ ၄၄ ရာခိုင်နှုန်းရှိခဲ့သည်ဟု ၎င်း အဖွဲ့ကဆိုသည်။
ဥရောပတွင် ၁၉ ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းတွင် ၁၇ ရာခိုင်နှုန်း၊ မြောက်နှင့် တောင်အမေရိကတွင် ၁၁ ရာခိုင်နှုန်းနှင့် အာဖရိကတွင် ကိုးရာခိုင် နှုန်းအသီးသီးနှင့် နှိုင်းယှဉ်ကြည့်နိုင် ပါသည်။
၎င်းအချိန်ကာလအတွင်း အိန္ဒိယ သည် ကမ္ဘာ့ပထမဆုံး လက်နက် တင်သွင်း သူဖြစ်ခဲ့ပြီး ၁၀ ရာခိုင်နှုန်းရှိသည်။
၎င်းနောက်တွင် တောင်ကိုရီးယားက ခြောက်ရာခိုင်နှုန်း၊ တရုတ်နှင့် ပါကစ္စ တန်က ငါးရာခိုင်နှုန်းအသီးသီးနှင့် စင်ကာပူက လေး ရာခိုင် နှုန်းရှိသည်ဟု လက်နက်ထိန်းချုပ်ရေးနှင့် ဖျက်သိမ်း ရေးကိစ္စရပ်များကို လေ့လာသော လွတ်လပ်သည့် ယင်းအဖွဲ့အစည်းက ဆိုသည်။

နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးပြီးနောက် ၀န်ထမ်းအားလုံးကို ၀င်ငွေခွန်ပြောင်းလဲကောက်ခံမည်



ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်ကို ဧပြီလမှ စတင်ပြီး ကောက်ခံတော့မည်ဖြစ်ကြောင်း ဦးစီးဌာနအတွင်း ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
          ထိုညွှန်ကြားချက်တွင် အခွန်စည်းကြပ်ရန်အတွက် အသေးစိတ်တွက်ချက်နည်းများကို ဖော်ထားပါသည်။ ထိုသို့ တွက်ချက်ရာတွင် မူရင်းလစာအပြင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀အပါဝ်င လစာဝင်ငွေ စုစုပေါင်းပေါ်တွင် ၁ % မှ ၃% အထိ ၀င်ငွေအဆင့်အလိုက်တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
          ကာကွယ်ရေးဝန်ကြီးဌာန ပြန်တမ်းဝင်အရာရှိများအတွက် လစာမှ ၀င်ငွေခွန်တွက်ချက်ဖြတ်တောက်နုတ်ယူပေးသွင်းရန် ကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြိးဌာန ငွေစာရင်းရုံးမှ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရသည်။
          လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်တွက်ချက်မှု နမူနာ
ဦးစီးအရာရှိအဆင့် လစာကျပ် ၁၃၀၀၀၀(ထောက်ပံ့ကြေးကျပ် ၃၀၀၀၀အပါအ၀င်)ရရှိပြီး အိမ်ထောင်မရှိသူ လစာဝင်ငွေစုစုပေါင်း(ကျပ် ၁၃၀၀၀၀ x၁၂)                                                                            ၁၅၆၀၀၀၀ ကျပ်
(နုတ်)အခြေခံသက်ခွင့်(၂၀%)                                                          ၃၁၂၀၀၀ ကျပ်
                                                                                                   --------------
အခွန်စည်းကြပ်ရန်ဝင်ငွေ                                                               ၁၂၄၈၀၀၀ ကျပ်
အခွန်တွက်ချက်ခြင်း(ဇယားပါနှုန်းဖြင့်)
၁ ကျပ်မှ ၅၀၀၀၀၀ ကျပ် ပထမ ၅၀၀၀၀၀ အတွက် ၁%ဖြင့်                    ၅၀၀၀   ကျပ်
၅၀၀၀၀၀ ကျပ်မှ ၁၀၀၀၀၀၀ ကျပ်ထိ ဒုတိယ ၅၀၀၀၀၀ တွက် ၂%ဖြင့်   ၁၀၀၀၀   ကျပ်
၁၀၀၀၀၀၀ကျပ်မှ ၁၂၄၈၀၀၀ ကျပ်ထိကျန် ၂၄၈၀၀၀အတွက် ၃%ဖြင့်      ၇၄၄၀  ကျပ်
                                                                                                     ---------------               တစ်နှစ်အတွက်စုစုပေါင်းကျသင့်ငွေအခွန်                                  ၂၂၄၄၀  ကျပ်
          တစ်လအတွက် နုတ်ယူရမည့် ကျသင့်အခွန်      ပျှမ်းမျှ                   ၁၈၇၀  ကျပ်   

ရုပ်ရှင်အနုပညာရှင် အများအပြား ပါဝင် မဲပေးရွေးချယ်ခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်း



e7261 ရုပ်ရှင်အနုပညာရှင် အများအပြား မဲပေးရွေးချယ်ခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည် ရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အလွှာအလိုက် ပါဝင်ရွေးချယ် ခံခဲ့သူများအား လျှို့ဝှက်မဲပေးစနစ်ဖြင့် နှစ်သက်ရာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုများအားလုံး ရပ်နားထားပြီး အလွှာအသီးသီးရှိ အနုပညာရှင် အတတ်ပညာရှင် အများအပြားလာရောက် မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
“တကယ့်တကယ်ပြောရမယ် ဆိုရင်တော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခု အချိန်ကိုက်ပေါ်ပေါက်လာ တာပါပဲ။ စာပေလောက အစည်းအရုံး ဆိုတာ စာပေသမားတွေရဲ့လက်ထဲမှာပဲ ရှိရမှာဖြစ်သလို ဂီတအစည်းအရုံး ဆိုတာလည်း ဂီတသမားတွေရဲ့လက်ထဲမှာပဲ ရှိရမှာပါ။ ဒီလိုပဲ ရုပ်ရှင်လော ကသားတွေရဲ့ လက်ထဲမှာလည်း ရုပ်ရှင် အစည်းအရုံး ရှိရမှာပါ။

တပေါင်း၏ သြဇာနှင့် ဆရာအို၏ ပြဿနာ(သိန်းဖေမြင့်)

ဆရာအိုပြဿနာ

အချိန်မှာ ကျွန်ုပ်တို့၏ ရန်ကုန်တက္ကသိုလ် နွေရာသီကျောင်းပိတ်ချိန် တနေ့သော နံနက်ခင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ပင်စင် ယူရခါနီးပြီဖြစ်သော ကထိက ဆရာအိုကြီးတဦး ဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညတ်မီကပင် ကိုယ့်ဖာသာစည်းကမ်း သတ်မှတ်ပြီး ကျောင်းသို့ ၉ နာရီ မှန်မှန်ရောက်အောင် လာလေ့ရှိသည်။
ကျောင်းသားတွေအတွက် ကျောင်းပိတ်ပြီးဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ် သေးသော ရက်များ၌ပင်လျှင် ဤအချိန်ဇယားကို စည်းကမ်းကြီးစွာနှင့် စောင့်ထိန်းလေ့ရှိသည်။
ကျွန်ုပ်သည် နေအိမ်မှ ကျောင်းသို့ ခြေလျင် လျှေက်ရခြင်းကိုလည်း  နေပူမရှောင်၊ မိုးရွာမရှောင် ကျင့်သုံးသော အလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းသည်မှာ ဤအလေ့ကြောင့် တကြောင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားနိုင်သည့် PC ၁၆၀,၀၀၀ ကို Lenovo ပြန်လည်သိမ်းဆည်းခဲ့



Power supply ရှိ အတွင်းပိုင်းစက်ပစ္စည်း အစိတ်အပိုင်းတစ်ခု၏ ချို့ယွင်းမှုကြောင့် အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားနိုင်သည့် Thinkcentre M70z နှင့် M90z all-in-one desktop PC နှစ်မျိုးအား ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၂ ဇန်န၀ါရီလအတွင်း ကမ္ဘာတစ်ဝန်းမှ အလုံးရေ ၁၆၀,၀၀၀ ခန့် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Lenovo အနေဖြင့် all-in-one PC များရှိ power supply ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းချို့ယွင်းချက်ကြောင့် အပူလွန်ကဲမှုများဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပေါ်စေနိုင်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသောကြောင့် ပျက်စီးသွားသည့် PC နှစ်လုံးနှင့်ပတ်သက်သည့် သုံးစွဲသူထံမှ တင်ပြချက်များကိုလည်း လက်ခံရရှိခဲ့ကြောင်း Lenovo ၏ ယူကေမီဒီယာဆက်ဆံရေးဌာနမှ အကြီးအကဲဖြစ်သူ Charlotte Westက Inquirer သတင်းဌာနသို့ပြောကြားခဲ့သည်။

Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား RFA သတင်းဌာနမှတွေ့ဆုံမေးမြန်းခြင်း


‘အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေး နောက်ပြန်သွားမယ် ဆိုရင် ကျွန်တော်တို့ စာနယ်ဇင်းလောကလည်း ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး’၊
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သတင်းမီဒီယာများ၏ လွတ်လပ်ခွင့် အနေအထား အပါအ၀င် အနာဂတ် မြန်မာစာနယ်ဇင်း လောကဖွံ့ဖြိုးမှု အနေအထားများနှင့် ပတ်သက်၍ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား RFA သတင်းဌာနမှ ကိုကျော်ကျော်အောင် က တွေ့ဆုံမေးမြန်း၍ မတ်လ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည် .  .  .
မေး - ဒီကနေ့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ သတင်းမီဒီယာတွေရဲ့လွတ်လပ်ခွင့် အနေအထားကို ဦးသန်းထွဋ်အောင် အနေနဲ့ ဘယ်လိုများခြုံပြီး သုံးသပ်လို့ ရပါသလဲခင်ဗျာ။
ဖြေ - မနှစ်ကထက် စာရင်တော့ ကျွန်တော်တို့ လက်ရှိအခြေအနေဟာ ကျေနပ်စရာ ကောင်းတယ်လို့ ယူဆရပေမယ့် နိုင်ငံတကာ အဆင့်အတန်းနဲ့ဆိုရင် ကျွန်တော်တို့က အဝေးကြီးနောက်မှာ ကျန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် The Voice Journal ပါ ဆောင်းပါးတစ်ခုတွင် သတိပေးထား




ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် The Voice Journal ပါ ဆောင်းပါးတစ်ခုတွင် သတိပေးထားသည်ကို တွေ့ရှိရသည်။

မတ် ၂၆- ဧပြီ ၁၊ ၂၀၁၂ ရက်စွဲပါ The Voice Journal အတွဲ ၈၊ အမှတ် ၁၅ ၏ စာမျက်နှာ ၃၄ တွင် ဖော်ပြထားသော ဆောင်းပါးရှင် ပေါ်လင်းဦး၏ "ဓားမလည်း မဆုံး၊ ဖွတ်လည်းရ" ဆောင်းပါးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အပေါ်သတိပေးထားသည်ကို တွေ့ရှိ ရခြင်းဖြစ်သည်။

ဆောင်းပါးရှင် ပေါ်လင်းဦးက "အန်အယ်လ်ဒီအနေဖြင့် ယခုအချိန်တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စာလျှင် တပ်မတော် နှင့် ယုံကြည်မှု တည်ဆောက်ရေးကို ဦးစားပေးသင့်သော အချိန်ဖြစ်ပါသည်။ တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ခြင်း အတိုင်းအတာ တစ်ခုရောက်လျှင် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ယခုအခြေအနေထက် လွယ်ကူစွာ ဖြစ်လာနိုင်စရာ ရှိပါသည်။ ကျွဲကူးရေပါကိစ္စပင် ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ယခုအချိန်တွင်မူ ရလဒ် မသေချာလွန်းသည့် စွန့်စားမှုကို ရှောင်ကြဉ်သင့်ပါသေးသည်"ဟု သတိပေးမှတ်ချက်ပြုထားသည်။

သဲလွန်စ(ချစ်နိုင် (စိတ်ပညာ))

 

နိဒါန်း
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ကျွန်တော်တို့သည် ရှမ်းပြည်နယ်အရှေ့ ပိုင်းရှိနယ်စပ်မြို့တစ်မြို့သို့စာပေဟောပြော  ပွဲဟောပြောဖို့သွားရောက်ခဲ့ကြပါသည်။ ကျွန်တော်တို့ဆိုသည်မှာ စာရေးဆရာ အကြည်တော်နှင့် ကိုရိုးကျန့်ရယ်ကျွန်တော်  ချစ်နိုင် (စိတ်ပညာ) ရယ်။ နယ်စပ်မြို့ဆို သည်မှာ တာချီလိတ်မြို့ (ရှမ်းဘာသာ စကားတာချီလိတ်သည်မြန်မာအဓိပ္ပာယ် “မယ်ဇလီဆိပ်” ဟုဆိုလိုကြောင်း သိရပါ သည်)ဖြစ်၏။
စာပေဟောပြောပွဲ
ကျိုင်းတုံလိုခရိုင်မြို့မှာ ပင်စာပေဟော  ပြောပွဲဖြစ်မြောက်အောင်မဆောင်ရွက် နိုင်သော်လည်း တာချီလိတ်မြို့နှင့် မိုင်း ဆက်မြို့များတွင် စာပေဟောပြောပွဲထ မြောက်အောင်မြင်အောင်စွမ်းဆောင်နိုင် ခြင်းမှာ ထူးခြားသည်။ ဘာကြောင့်ပါလဲ။ လေ့လာကြည့်သောအခါစာပေနှင့် စာနယ်  ဇင်းအဖွဲ့ချင်း၏ စည်းလုံးမှုနှင့် စည်းရုံးရေး စွမ်းအားပေါ်မူတည်၍ကွာခြားခြင်းဖြစ် ကြောင်း တွေ့ရသည်။
စာပေဟောပြောပွဲ ဖြစ်မြောက်အောင်  ဆောင်ရွက်နိုင်ခြင်းမရှိသောမြို့များကို အပြစ်မဆိုသင့်ပေ။ စာပေဟောပြောပွဲ ထမြောက်ရန်ဆိုသည်မှာခက်ခဲသောလုပ် ငန်းတစ်ရပ်ဖြစ်၏။ အဘက်ဘက်ကလို အပ်ချက်တွေကိုထောင့်စုံဘက်စုံမှဖြည့် ဆည်းရ၏။ ဒေသဆိုင်ရာအာဏာပိုင်၏ ကူညီမှု၊ အားပေးမင၊ အမြော်အမြင်ရှိမှု၊ စေတနာပါမှုလည်းလိုအပ်သည်။ စာနယ် ဇင်းအဖွဲ့ဝင်များအချင်းချင်းချစ်ခင်ညီညွတ် မှုနှင့် တာဝန်ယူနိုင်စွမ်းရှိမှုတို့က အခြေခံ လိုအပ်ချက်ဖြစ်လေသည်။

လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုတောင်းပန်ရန် အမတ်များတောင်းဆို

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။
မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ၀န်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News ဂျာနယ်ထဲမှာ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူး ဖော်ပြထားတာပါ။

The One World Human Rights Film Festival တွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှ ဆုရဇာတ်ကားတို ငါးကား သွားရောက်ပြသ




e4512 The One World Human Rights Film Festivalတွင် လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်မှ ဆုရဇာတ်ကားတိုငါးကားအား သွားရောက်ပြသခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော် အား ချက်သမ္မတနိုင်ငံ Prague မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဇာတ်ကားတိုများ ပါဝင်ပြသခဲ့ကာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ဖိတ်ခေါ်ပြသခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ဒီရုပ်ရှင်ပွဲတော်မှာ အဓိက ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက human rights abuse  လုပ်ခံရတာနဲ့ ပတ်သက်တဲ့ ဇာတ်ကားတိုတွေ ပြသတာပါ။ မြန်မာနိုင်ငံကိုတော့ အဓိက က လေ့လာသူအဖြစ် ဖိတ်ပြီးတော့ ဒီရုပ်ရှင်ပွဲတော်မှာ ဆုရတဲ့ဇာတ်ကားတွေကို ကြည့်ခွင့်ရခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိနေတဲ့ အနေအထားတစ်ခု ကိုလည်း သူတို့က သိချင်လေ့လာချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်ကြားတယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း human rights နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခု ပြုလုပ်နိုင်ဖို့ ကြိုးစား သွားမယ်လို့ စိတ်ကူးထားတယ်”ဟု အဆိုပါ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ရှင်းပြခဲ့သည်။

အချိန်ဇယားကို လေးစားပါ(မောင်တင်ဦး(မြောင်းမြ))

တကယ်တော့ ကျောင်းသားတွေမှာလည်း အချိန်ဇယား ရှိရပါတယ်။ ကစားချိန်ကစား၊ နားချိန်နား၊ စာကျက်ချိန်စာကျက်စတဲ့ ကလေးတွေနဲ့ ညီညွတ်မျှတတဲ့ အချိန်ဇယား ရေးဆွဲထားရပါမယ်။ ဒီအလေ့အကျင့်ကို ကျောင်းတွေက အစပြုလေ့ကျင့် ပျိုးထောင်ပေးရပါမယ် ...



ကျောင်းလွှတ်ချိန်။ ကျောင်းဝင်းထဲမှ ကျောပိုးအိတ် အကြီးကြီးတွေကို မနိုင်မနင်းထမ်းပိုးကာ လက်တစ်ဖက်က ခြင်းတွေ လက်ဆွဲအိတ်တွေဆွဲရင်း ကျောင်းသားများ၊ ကျောင်းသူများ အလုအယက် လျံထွက် လာကြပါတယ်။ ကျောပိုးအိတ်က ကျောင်း သားတွေရဲ့ ကိုယ်ထက် နှစ်ဆနီးပါး ကြီးမား လေးလံနေပါတယ်။ ဒီလိုနဲ့ အိမ်ကို ရောက်လာပါရော။

''ဟဲ့မြန်မြန်လုပ်လေ။ ကျူရှင် မမီဘဲနေဦးမယ်။''
အမေက ကျောင်းသားစားဖို့ စားစရာ ပြင်ဆင်ရင်း လှမ်းသတိပေးပါတယ်။ ကျောင်းသားခမျာ ကျောင်းဝတ်စုံကိုချွတ်ရင်း အိမ်သာထဲ ပြေးဝင်လိုက်ပါတယ်။ အမေကို သူဘာမှပြန်မပြောပါ။ ဒါပေမယ့် အိမ်သာထဲမှာ အကြာကြီး(အချိန်ရသလောက်) ထိုင်ကာ အချိန်ဖြုန်းပါတယ်။

''ဟဲ့မြန်မြန်လုပ်လို့ဆိုနေ၊ မပြီးသေးဘူးလား။''
''ပြီးပါပြီ မေမေရေ။''
အိမ်သာမတက်ဘဲ တမင်ထိုင်နေရာက ပြန်ဖြေပါတယ်။ ဒီအချိန်လေးပဲ သူ့ခမျာ နားရတာ။ အချိန်ကို ဆွဲနိုင်သလောက် ဆွဲပစ်လိုက်တယ်။ မှတ်ကရော။

နောက်ဆုံး သတ်မှတ်ချိန်ရောက်မှ အိမ်သာထဲကထွက်၊ အမေပြင်ဆင်ပေးထားတဲ့ မုန့်တွေစား၊ ကျူရှင်စာအုပ်ကို ကျူရှင်လွယ်အိတ်ထဲ ထိုးထည့်၊ နေပူကျဲကျဲ၊ ဖုန်သဲသဲကြားမှာ အပြေးထွက်သွားပါတယ်။ သူ့ခေါင်းထဲမှာ ဘာမှပါမသွားပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် သရုပ်ဆောင် ၁၄ ဦး ပဏာမရွေးချယ်

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေရာမှာ ဗိုလ်ချုပ်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ဖို့ စာရင်းသွင်း လျှောက်ထားသူတွေထဲက ဆန်ခါတင် (၁၄) ဦးကို ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ရွေးချယ်လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားအတွက် ဇာတ်ညွှန်းရေးသားတဲ့အဖွဲ့ကို ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ တို့နဲ့အတူ စာရေးဆရာတွေဖြစ်တဲ့ ချစ်ဦးညို၊ ငြိမ်းမင်း ၊ ဇော်သက်ထွေးတို့နဲ့ ဖွဲ့စည်းခဲ့ပြီး ဇာတ်ညွန်းအတွက် ၀ိုင်းဝန်း အကြံပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ရွှေစင်စင်္ကြာ မော်တော်ယာဉ်လိုင်းက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအတွက် ကျပ်ငွေ သိန်းတစ်ထောင်ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက် လှူဒါန်းခဲ့တယ်လို့ ကမကထပြု စီစဉ်ပေးသူ တစ်ဦးဖြစ်တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောပါတယ်။

တိုင်းရင်းသားလူမျိုးစုတစ်စုကို ပြန်လည်ဖော်ထုတ်ခြင်း


တောင်ရိုးတိုင်းရင်းသူများကို ရိုးရာပွဲတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ-ယုယုမော်
တောင်ရိုးတိုင်းရင်းသားလို့ ဆိုလိုက်ရင် လူတော်တော်များများ ကြားသိကြမယ်ဆိုပေမယ့် သူတို့တွေ ဘယ်လိုဝတ် စားဆင်ယင်သလဲ၊ သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ စာပေတွေက ဘယ်လို ရှိတယ် ဆိုတာကိုတော့ လက်တွေ့မြင် ဖူးမယ့်သူ ရှားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ တောင်ရိုးလူ မျိုးစုတွေက ဓနု၊ ပလောင်၊ ပအိုဝ်း စတဲ့ လူမျိုးစုတွေနဲ့ ရောယှဉ်နေထိုင်ကြတဲ့ အတွက် သူတို့ရဲ့ ၀တ်စား ဆင်ရင်မှု ဓလေ့ ထုံးစံတွေ ကွယ်ပျောက်လုနီးနီးဖြစ်ခဲ့ရ တာ နှစ်ပေါင်း ၉၀ နီးပါး ကြာပါပြီ။
ဒါတွေကို ၂၀၁၀ ပြည့်နှစ်က တောင်ရိုး တိုင်းရင်းသား ဦးသောင်းရွှေ ခေါင်း ဆောင်ပြီး တောင်ရိုးတိုင်းရင်းသား ယဉ်ကျေးမှုကို ပြန်လည် ဖော်ထုတ်ခဲ့ပါ တယ်။
အဲဒီနေ့က သူတို့ရဲ့သမိုင်းမှတ် တမ်းဝင်တဲ့နေ့ တစ်နေ့ပါပဲ။
"ခေတ်စနစ်တွေ ပြောင်းလာတာနဲ့ အမျှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေ တဲ့ အချိန်ဖြစ်တဲ့အတွက် ကိုယ်လုပ်ချင် တာတွေကို ဥပဒေဘောင်အတွင်းကနေ လုပ်လို့ရနေပါပြီ။ အခုကျတော့ လွတ် လပ်လာပြီး ကိုယ့်ယဉ်ကျေးမှုကို ဖော် ထုတ်လို့ရလာပါတယ်"လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ တောင်ရိုး တိုင်းရင်းသား ဦးသောင်းရွှေက ပြောပါတယ်။

တစ်နှစ်ကြာမြောနေတဲ့ ဂျပန်ငါးဖမ်းသင်္ဘော ပြန်တွေ့


ပြီးခဲ့တဲ့နှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း  ဖြစ်ပေါ်လာတဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုကြောင့် ပျောက်ဆုံးနေတဲ့ ဂျပန် ငါးဖမ်းသင်္ဘော တစ်စင်းကို အခု ကနေဒါနိုင်ငံ  အနောက်ဘက် ကမ်းရိုးတန်းရဲ့ ကမ်းလွန်နေရာမှာ တွေ့ရှိခဲ့ရပါတယ်။
ပေ ၁၆၀ ကျော် အရှည်ရှိတဲ့ ဒီငါးဖမ်းသင်္ဘောကို ကနေဒါနိုင်ငံ တောင်ဘက်မှာ ရှိတဲ့ Haida Gwaii အငူရဲ့ အနောက်ဘက် ရေမိုင် ၁၅၀ လောက်အကွာမှာ တွေ့ခဲ့ရတာပါ။ ဒါဟာ Vancouver မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၆၀ လောက်အကွာမှာ ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ ကနေဒါကမ်းခြေဆီ တဖြည်းဖြည်း ရွေ့လာနေတာမို့ ရေကြောင်း မတော်တဆ အန္တရာယ် ဖြစ်လာနိုင်ကြောင်း ကနေဒါအစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒီလှေဟာ ပြီးခဲ့တဲ့နှစ်က ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပြီး မြောက်အမေရိက တိုက်ကို  ပထမဆုံး ရောက်ရှိလာတဲ့ အကြီးဆုံး သင်္ဘောတစ်စင်းလည်း ဖြစ်ပါတယ်။
VOA

သတင်းထိန်းချုပ်မှု လျှော့ချဖို့ စီစဉ်နေလို့ ပြန်ကြားရေးဝန်ကြီးဆို


မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေရာမှာ အစိုးရအနေနဲ့ ခေတ်စနစ်နဲ့အညီ သတင်းမီဒီယာ ကဏ္ဍမှာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့မှာ စနေနေ့က အရေးပေါ် ခေါ်ယူကျင်းပတဲ့ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း ညီလာခံမှာ စာရေးဆရာများ၊ ထုတ်ဝေသူများနဲ့ သတင်းသမားများကို   ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အသစ်ထုတ်ပြန်လိုက်တဲ့ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြခဲ့ပါတယ်။
“ကနေ့ မီဒီယာလောကကိုလည်း ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲ လိုကြတာမို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း  အဖွဲ့ကြီးကို ခေတ်စနစ်နဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် အသင်းအဖွဲ့များ၊ အဲဒီလို အဖွဲ့အစည်းများ ပေါင်းစုတဲ့ မီဒီယာအဖွဲ့ စသဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ဒီကနေ့ အရေးပေါ် ညီလာခံကို  ခေါ်ယူခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားလိုပါတယ်။”
အစိုးရသစ်အဖွဲ့ အာဏာရယူခဲ့တဲ့ တစ်နှစ်နီးပါး အချိန်အတွင်းမှာပဲ အရင်က အစိုးရထိန်းချုပ်မှု အပြည့်ရှိတဲ့  သတင်းမီဒီယာ ကဏ္ဍကို နိုင်ငံရေးကင်းရှင်းတဲ့ လွတ်လပ် အဖွဲ့အစည်းဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲဖို့ လုပ်ဆောင်လာခဲ့တယ်လို့လည်း ပြောပါတယ်။

တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)စတင်ဖွင့်လှစ်၊တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ပစ္စည်းများကိုလည်း ပြသလျက်ရှိ




နေပြည်တော် ဇေယျာသီရိမြို့နယ် စစ်သမိုင်းပြတိုက်တွင် ပြသထားသည့် လေယာဉ်များအား တွေ့ရစဉ်
နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅၉)မိုင် (၃) ဖာလုံအနီးရှိ တည်ဆောက်ပြီးစီးသွားပြီဖြစ်သော တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)ကို ယခုလ (၁၈)ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။ အဆိုပါ စစ်သမိုင်းပြတိုက်တွင် ရှေးခေတ်မြန်မာ့တပ်မတော်သုံး စစ်လက်နက်ပစ္စည်းများ၊ ဘီအိုင်အေ၊ ဘီဒီအေခေတ် ဗမာ့တပ်မတော်သုံး လက်နက်နှင့် ပစ္စည်းများ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ပစ္စည်းများစသည်ဖြင့် ခေတ်အဆက်ဆက် ဗမာ့တပ်မတော်သုံး လက်နက် နှင့်ပစ္စည်းမျိုးစုံကို ပြသထားရှိသည်။
စုစုပေါင်းဧရိယာ ၆၀၃ ဒသမ ၆၈ ဧက ကျယ်ဝန်းသည့် တပ်မတော် စစ်သမိုင်းပြတိုက်၌ အဆောက်အအုံအားလုံး၏ ဧရိယာ ၂၀ ဒသမ ၉၃ ဧက၊ တပ်မတော်(ကြည်း) ပြကွက်တွင် အဆောင်(၆)ဆောင်နှင့် တပ်မတော် (ကြည်း) ပြင်ပပြကွက် ဧရိယာ ၁၀ ဒသမ ၅၈ ဧက၊ တပ်မတော်(ရေ)ပြကွက်တွင် အဆောင်(၃) ဆောင်နှင့် ပြင်ပပြကွက် ဧရိယာ ၉  ဒသမ ၈၇ ဧက၊ တပ်မတော်(လေ) ပြကွက်တွင် အဆောင်(၃)ဆောင်နှင့် ပြင်ပပြကွက်ဧရိယာ ၉ ဒသမ ၈၇ ဧက၊ ရှုမျော်ခင်းကြည့်ဆောင် (၄) ဆောင်၊ လူ (၁၆၆)ဦးဆံ့ အစည်းအဝေးခန်းမနှင့် ပါဝင်သော ဧည့်ကြိုဆောင်၊ မော်တော်ယာဉ်ရပ်နားရန် ဧရိယာ ၁၂ ဒသမ ၃၉ ဧကအတွင်းတွင် အမိုးပါကားပါကင် (၄)ခု ပါရှိကြောင်း သိရှိရသည်။

တိုကျိုစတော့ အိတ်ချိန်း အကူအညီဖြင့် ရန်ကုန်နှင့် မန္တလေး စတော့အိတ်ချိန်းတို့ကို ၂၀၁၄ခုနှစ်တွင် တည်ထောင်ရန်ပြင်ဆင်




တိုကျိုစတော့ အိပ်ချိန်း၏ အကူအညီဖြင့် မြန်မာစတော့ အိပ်ချိန်းများဖြစ်သော ရန်ကုန်နှင့် မန္တလေး စတော့ချိန်းတို့ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ရန် ပြင်ဆင်နေကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး  ဦးကျော်ကျော်က ပြောကြားခဲ့ပါသည်။
“အရင်းအနှီး ဈေးကွက်ဖြစ်ထွန်းဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ တိုကျိုစတော့အိပ်ချိန်း၊ Dai -wa Institute of Research တို့အကြား MoU ထိုးဖို့ လုပ်ဆောင်နေပါတယ်။ နည်းပညာနဲ့ HR ပိုင်းဖွံ့ဖြိုး ရေးအတွက် အဓိက အကူအညီ ပေးသွားမှာဖြစ်ပြီး အရင်းအနှီးဈေးကွက် တစ်ခုလုံး ဖွံ့ဖြိုးနိုင်ဖို့အတွက် အထောက်အကူ ရယူသွားမှာပါ။ ၂၀၁၄ မှာ စတော့အိပ်ချိန်း စတင်တည်ထောင်မှာ ဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးမှာ ဖွင့်လှစ်သွားမှာပါ”ဟု ဦးကျော်ကျော်က ထည့်သွင်း ပြောဆိုခဲ့ပါသည်။

ပေးနေရဆဲ ၊ ယူနေဆဲပဲ(လှတင့်ဆွေ (ပိန်းဇလုပ်))


““မည်သည့်နိုင်ငံရေးသမားမျှ၊ ငွေနှင့် ပေးဝယ်၍မရလောက်အောင်မမိုက်ပေ၊ နိုင်ငံရေးသမားဆိုသည်မှာ ၀န်ထမ်းအား လုံးကိုဆိုလိုသည်”” ဟူသောအဆိုတစ်ရပ် ကို ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးခဲ့သည်။ အဆို  ၏ အဓိပ္ပာယ်မှာဝန်ထမ်းများကိုလာဘ် ပေးပြီး၊ ငွေနှင့်ပေးဝယ်လျင်ဝယ်၍ရသည့် ဆိုသောဆိုရိုးစကားဖြစ်ပေသည်။
လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်  ပြီး ကျွန်တော်တို့နိုင်ငံမှာခေတ်အဆက် ဆက်ကလည်းရေးသားခဲ့ကြပါတယ်။ ရုပ် ရှင်၊ ဇာတ်သဘင်နဲ့ အငြိမ့်များမှာလည်း လူရွှင်တော်များက ဟာသပျက်လုံးများနဲ့ ထောက်ပြ၊ ရင်ဖွင့်ပြခဲ့ကြပါတယ်။ တစ် ခေတ်တစ်ခါက သံချပ်များစပ်ဆိုပြီးလည်း တိုင်းပြည်သို့ တင်ပြခဲ့ကြဖူးပါသည်။ ဒီကိစ္စ ဆိုးကြီးကို ပြည်သူတွေလည်းသိတယ်။ ၀န်ထမ်းတွေလည်းသိတယ်။ တာဝန်ရှိသူ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတော်အကြီးအကဲ  များလည်းသိကြပါတယ်။ သိပင်သိငြား သော်လည်း အစိုးရအဆက်ဆက်မတိုက် ဖျက်နိုင်ခဲ့ပါဘူး။ မကွယ်ပျောက်သွားခဲ့ပါ ဘူး။ ယခုအထိလည်းရှိနေဆဲပါ။

တာချီလိတ်တွင် မိုင်း(၂)လုံးပေါက်ကွဲ


ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးနှင့် အဖွဲ့ ယနေ့နံနက်က တာချီလိတ်မြို့ ဂေါက်ကွင်းသို့ အသွား ဂေါက်ကွင်းအတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့သည်။
တာချီလိတ်မြို့ မြောက်ဖက် ဆန်ဆိုင်းရပ်ကွက်ရှိ ဂေါက်ကွင်း၌ နံနက် (၇) နာရီနှင့် (၈) နာရီ အချိန်ခန့်က မိုင်းနှစ်လုံး အချိန် (၁) နာရီခန့် ခြား၍ ပေါက်ကွဲခဲ့သည်ဟု တာချီလိတ် မြို့ခံ တဦးက အခုလို ပြောသည်။
“ဗျူဟာမှူးနဲ့ အဖွဲ့ပေါ့။ ရဲချုပ်တွေ ရဲမင်းကြီးတွေလည်း ပါတယ်။ သူတို့ ဂေါက်ရိုက်ဖို့ သွားတဲ့ အချိန်မှာ မနက် (၇) နာရီလောက်မှာ တလုံးကွဲသွားတယ်။ ကွဲသွားပြီးတော့ စစ်တပ်ကို ခေါ်ပြီးတော့ သူတို့ မိုင်းရှာတယ်။ မိုင်းက မတွေ့ဘဲနဲ့ (၈) နာရီလောက်မှာ နောက်တလုံးက တခါ ထပ်ကွဲပြန်တယ်။”
လောလောဆယ်တွင် ဂေါက်ကွင်းဖက်သို့ သွားသည့် လမ်းကြောင်း တလျောက်အား သက်ဆိုင်ရာက ပိတ်ပင်ထားပြီး တာချီလိတ်မြို့တွင်း နေရာ အနှံ့၌ စစ်တပ်၊ ရဲနှင့် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) စသည့် အာဏာပိုင် အဖွဲ့အစည်းများက တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဆက်လက် ပြောဆိုသည်။
“မနက်ကတည်းက ရှာဖွေရေး လုပ်နေတာ ခုထိပဲ။ ဒီက သွားတဲ့ ဆိုင်ကယ်တွေ ကားတွေအကုန်လုံးကို သူတို့ တားပြီးတော့ စစ်နေတာတွေ့တယ်ဗျ။” 
အာဏာပိုင်နှင့် နီးစပ်သူ တဦးကမူ ပေါက်ကွဲမှု ဖြစ်ပွားစဉ် တရုတ်အမျိုးသား စီးပွားရေးသမား တဦးနှင့် ဂေါက်ရိုက်အိတ် သယ်ဆောင်ပေးသည့် ဂေါက်ကွင်းဝန်ထမ်း တဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း အခုလို ပြောသည်။

အိန္ဒိယတွင် ရထားနှင့် ဂျစ်ကားတိုက်မိပြီး ကားပေါ်မှ လူ ၁၅ ဦး သေဆုံး




မတ်လ ၂၀ ရက်နေ့က ရထားနှင့် တိုက်မိသောကြောင့် လွင့်စင်ပျက်စီးသွားသည့် ဂျစ်ကားကို ၀ိုင်းအုံကြည့် နေကြစဉ်
အိန္ဒိယတွင် လုံခြုံရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် မီးရထားခများ တိုးမြှင့်ကောက်ခံမှုများနှင့် ပတ်သက်၍ နိုင်ငံရေးအရ အငြင်းပွားမှုများ ဖြစ်ပွားနေချိန် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ရထား မတော်တဆမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရထားသည် ဥတာပရာဒေ့ရှ်ပြည်နယ်တွင်း ခုတ်မောင်းလျက်ရှိစဉ် မဟာမာယနာဂါခရိုင် အတွင်းရှိ စောင့်ကြပ်မည့်သူမရှိသော မီးရထားလမ်းဆုံ၌ လူ ၁၉ ဦးလိုက် ပါလာသည့် သတ်မှတ်အလေးချိန်ထက် ပိုမိုသယ်ဆောင်လာသော ဂျစ် ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ပြည်နယ်မြို့တော် လက်ခနောင်းနှင့် ၂၉၆ ကီလိုမီတာ (၁၈၅ မိုင်) အကွာတွင် မနက် ၇ နာရီခွဲအချိန်၌ ယင်းမတော်တဆ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရထားနှင့် တိုက်မိစဉ်တွင် ဂျစ်ကားသည် ပေ ၂၀ (၆ မီတာ) ခန့် လွင့်စင်သွားခဲ့၍ ဂျစ်ကားပေါ်တွင် ပါလာသော လူ ၁၉ ဦးအနက် ၁၅ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်လေးဦးမှာ အပြင်းအထန် ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis