မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၊ အခုနောက်ဆုံး သိရသလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။  NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က  ၀ါးသင်္ခ ရွာ ၊ ညောင်ထောက်ရွာ ၊ ငှက်အော်စမ်းကျေးရွာ ၊ ကော်ခြံကျေးရွာတွေက မဲရုံတွေကို ဒီကနေ့ မနက် ၇ နာရီက လိုက်လံကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ပြီးတော့ အားလုံးမျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။