menu

Thursday 23 January 2014

အဆုံးစီရင်နှုန်းမြင့်တက်လာသည့် မြန်မာနိုင်ငံ

Photo: အဆုံးစီရင်နှုန်းမြင့်တက်လာသည့် မြန်မာနိုင်ငံ
--------------------
ရေးသားသူ- အောင်သစ်လွင်

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ အထိ သုံးနှစ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမျိုးဖြင့် လူလောကကို နှုတ်ဆက်သွားသူများမှာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာနေပြီး စာရင်းအရ သုံးနှစ်အတွင်း စုစုပေါင်း ၃၅၀၀ နီးပါးရှိသည်။ 

လေ့လာချက်များအရ နည်းမျိုးစုံအသုံးပြု၍ မိမိကိုယ်ကိုယ်အဆုံးစီရင်ကာ မိသားစုနှင့် လူမှုပတ်ဝန်းကျင်ကို နှုတ်ဆက်ထားရစ်ခဲ့သူများတွင် အသက်(၂၅)နှစ်မှ (၄၀)ကြား အမျိုးသားဦးရေမှာ အများဆုံးဖြစ်နေသည်။

“ရာဇသတ်ကြီးဥပဒေအရ လူတစ်ယောက်ဟာ ပြစ်မှုကျူးလွန်ပြီး အောင်မြင်သွားရင် အပြစ်ပေးမခံရနိုင်တာ နှစ်မှုပဲရှိတယ်။ နိုင်ငံတော်ပုန်ကန်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုပဲ”ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်ကပြောသည်။ 

နိုင်ငံတော်ပုန်ကန်သူမှာ ၎င်း၏ကျူးလွန်မှုအောင်မြင်သွားပါက နိုင်ငံတော်၏အထွတ်အထိပ်ခေါင်းဆောင် တစ်နည်းအားဖြင့် ရှင်ဘုရင်အဖြစ်ကိုရရှိသွား၍ မည်သည့်ပြစ်ဒဏ်မျှ ကျခံရခြင်းမရှိသလို မိမိကိုယ်မိမိ အဆုံးစီရင်မှုသည်လည်း မအောင်မြင်ပါက ဥပဒေအရအရေးယူခံရသော်လည်း အောင်မြင်သွားပါက ဇာတ်လမ်းဆုံးခန်းတိုင်သွားသည်ကို ရှင်းပြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ စတင်တာဝန်ယူသည့် ၂၀၁၁ ခုနှစ်မှသည် ၂၀၁၃ အထိ မိမိကိုယ့်ကိုယ် အဆုံးစီရင်ခြင်းမျိုးဖြင့် လူလောကကို နှုတ်ဆက်သွားသူများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှတ်တမ်းစာရင်းများထဲတွင် ကိန်းဂဏန်းများ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာနေသည်။ ၂၀၁၁ မှ ၂၀၁၃ အတွင်း သေကြောင်းကြံစည်အဆုံးစီရင်သူ ၃၅၀၀ နီးပါးရှိသည်။ 

လေ့လာချက်များအရ နည်းမျိုးစုံအသုံးပြု၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ကာ မိသားစုနှင့် လူမှုပတ်ဝန်းကျင်ကို နှုတ်ဆက်ထားရစ်ခဲ့သူများတွင် အသက်(၂၅)နှစ်မှ(၄၀)ကြား အမျိုးသားဦးရေမှာ အရေအတွက်အများဆုံးဖြစ်နေသည်။ ယင်းအခြေအနေမှာ ပြဿနာပေါင်းစုံအလယ်မှ ရုန်းထွက်၍ ကမ္ဘာ့အလယ်တွင် လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားနေဆဲ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်ကို အားအင်ချည့်နဲ့စေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရရှိသော စာရင်းများအရ ၂၀၁၁ ခုနှစ်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေသည့် အမှု ၁၂၃၇ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၃၂၂ မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်မူ သြဂုတ်လအထိ ၁၁၄၈ မှု ဖြစ်ပွားခဲ့ပြီး မှုခင်းဖြစ်စဉ်ကိန်းဂဏန်းများမှာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာနေသည်။ ရရှိသောကိန်းဂဏန်းများကို အခြေခံ၍ တစ်လချင်းတွက်ချက်သော စာရင်းများအရ ၂၀၁၁ က တစ်လလျှင် ၁၀၃ မှုနှင့် ၂၀၁၂ တွင် ၁၁၀ မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တစ်လချင်းအတိုင်းအတာဖြင့် ၁၄၃ မှုနှုန်း ဖြစ်ပွားနေပြီး သုံးနှစ်အတွင်း ကျား၊ မ စုစုပေါင်း ၃၄၅၇ ဦး သေဆုံးခဲ့သည်။

မှုခင်းဌာန ရဲအရာရှိများနှင့် မှုခင်းဆရာဝန်များ၏ လေ့လာဆန်းစစ်မှုများအရ မိမိကိုယ်ကိုယ် နည်းမျိုးစုံဖြင့် အဆုံးစီရင်သူများတွင် အမျိုးသားဦးရေကပိုများနေပြီး အသက်အရွယ်အရလည်း
(၂၅)နှစ်မှ(၄၀)ကြား လူဦးရေမှာ အများဆုံးဖြစ်နေသည်။ ထို့အပြင် မိမိ၏ကျန်းမာရေးအခြေအနေကြောင့် မိသားစုကို ဒုက္ခမပေးလိုတော့၍ မိမိကိုယ်ကိုယ်သတ်သေသွားသူမှာ အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။

“ရဲလုပ်သက် နှစ်လေးဆယ် အတွေ့အကြုံအရ ကျန်းမာရေးအခြေအနေကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အမှုက အများဆုံးဖြစ်နေတယ်။ စိတ်မကောင်းစရာတစ်ခုက သက်ကြီးရွယ်အိုတွေပါ အဲဒီအုပ်စုထဲပါနေပြီး နောက်ဆက်တွဲ စစ်ဆေးချက်တွေက မိသားစုကို သူတို့ဒုက္ခတွေ ဆက်မခံစားစေချင်လို့ဆိုတဲ့ အဖြေရတယ်”ဟု မှုခင်းရဲတပ်ဖွဲ့မှ  ရဲအရာရှိကြီးတစ်ဦးကပြောသည်။

မိမိကိုယ်ကိုယ်သတ်သေသည့် နည်းအမျိုးမျိုးတွင် ကြိုးချသေဆုံးခြင်း၊ အဆိပ်သောက်သေဆုံးခြင်း၊ ရေထဲခုန်ချ၍သေဆုံးခြင်း၊ မိမိကိုယ်မိမိသေနတ် (သို့မဟုတ်) ဓားအသုံးပြု၍ သတ်သေခြင်း၊ အမြင့်တစ်နေရာမှ ခုန်ချခြင်း၊ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခြင်းတို့မှာ သေဆုံးသူအရေအတွက်အလိုက် အစဉ်အလိုက်ရပ်တည်နေပြီး နာတာရှည်ရောဂါဝေဒနာ ခံစားနေရသည့် သက်ကြီးရွယ်အိုတချို့လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လေ့ရှိကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

“လူရယ်လို့ ဖြစ်လာရင်တော့ ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရမှာပါပဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကာယကံရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ရှိ၊ မရှိနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမဲ့  စိတ်ကျရောဂါခံစားနေရတဲ့သူကိုတော့ တစ်ယောက်တည်းပစ်မထားမိပါစေနဲ့”ဟု စိတ်ပညာရှင်ဒေါက်တာမြင့်ဆွေကပြောသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများမှာ တောရော၊ မြို့ပါ ဖြစ်ပွားလေ့ရှိပြီး ကာယကံရှင်ကိုယ်တိုင် စိတ်ကျရောဂါခံစားနေရကြောင်း သိရှိရပါက စိတ်ပညာဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခဒေါက်တာခင်မြင့်ကအကြံပြုသည်။

“ကျန်းမာရေးဗဟုသုတအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ စိတ်ပညာဆရာဝန်ဆီလာဖို့ကို တော်တော်ရှက်ရွံ့တတ်ကြတယ်။ လူတိုင်းလူတိုင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတရှိဖို့လည်း 
လိုအပ်ပါတယ်”ဟု ဒေါက်တာမြင့်ဆွေကပြောသည်။ 

မည်သို့ပင်ဖြစ်စေ အခြားသူတစ်ဦး၏ပယောဂကြောင့် သေဆုံးခြင်းမဟုတ်ဘဲ မိမိကိုယ်ကိုယ်သတ်သေသည့် ကိန်းဂဏန်းစာရင်းများ မြင့်တက်လာခြင်းကို အစိုးရအပါအ၀င် လူမှုဝန်းကျင်အသိုင်းအ၀ိုင်းက မျက်ကွယ်ပြု၍ မနေသင့်ကြောင်း နယ်ပယ်အသီးသီးမှ ပညာရှင်အချို့ အကြံပြုသည်။

မြန်မာနိုင်ငံတွင် ရာဇသတ်ကြီးဥပဒေအရ သေဒဏ် (သို့မဟုတ်) ကြိုးမိန့် အသက်ဝင်နေဆဲဖြစ်သော်လည်း ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစတင်ကာ မြန်မာအစိုးရက အကျဉ်းသားများအား သေဒဏ်ချမှတ် အပြစ်ပေးခြင်းမရှိတော့ပေ။ ယင်းအချက်ကိုလည်း ကုလသမဂ္ဂအဖွဲ့ကြီးက အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောကြားထားသည်။

လူ့ဘ၀ကိုရခဲ့ပြီး ရုန်းကန်ရှင်သန်ခဲ့သည့် နှစ်ကာလအပိုင်းအခြားတစ်ခုသို့ ရောက်ခဲ့ပြီးကာမှ လူ့သဘာဝအရ ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာများကို ရင်မဆိုင်ဝံ့တော့ဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမှုများသည် ယနေ့အချိန်တွင် ခပ်စိပ်စိပ်ကြားနေရသည့် သတင်းများဖြစ်နေသည်။

ရဲတပ်ဖွဲ့အနေဖြင့်လည်း ယင်းကဲ့သို့သော အမှုအခင်းများမှာ ကာယကံရှင်၏ ပင်ကိုစရိုက်နှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများဖြင့်သာ တိုက်ရိုက်သက်ဆိုင်သောကြောင့် အခြားမှုခင်းဖြစ်စဉ်များကဲ့သို့ ကြိုတင်ကာကွယ်မှုပြုလုပ်ရန်မှာ အခက်အခဲတစ်ရပ်ဖြစ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ဝင်းကပြောသည်။

“သားသမီးတွေ အပြင်ထွက်အလုပ်လုပ်တဲ့အချိန် သူထိန်းနေတဲ့မြေးမလေးကို အိမ်နီးချင်းတွေဆီ သေချာအပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့အမှု ကြုံခဲ့ရဖူးတယ်။ ကာယကံရှင်စိတ်ထဲမှာ ဖိအားတွေကို မခံစားနိုင်တော့လို့ ထွက်ပေါက်ရှာသွားတာပါ။ ရလဒ်ကတော့ ကျန်ရစ်သူမိသားစုတွေ အံ့သြ၀မ်းနည်းခဲ့ရတာနဲ့အတူ ရဲတပ်ဖွဲ့မှုခင်းစာရင်းမှာလည်း အမှုတစ်မှုထပ်တိုးသွားတာပဲ အဖတ်တင်တာပါ။ ဒီလိုအမှုကို လုံးဝမဖြစ်စေချင်ပါဘူး”ဟု ရဲမှူးမြင့်ဝင်းကပြောသည်။

အဆိုပါအမှုမှာ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကြိုးဆွဲချသေဆုံးသူမှာ အသက်(၇၀)နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်ပြီး နာတာရှည်ရောဂါ ခံစားနေရသူဖြစ်သည်။ ၎င်းကိုယ်၎င်း သတ်သေခြင်းမပြုမီ ထိန်းကျောင်းနေသော သုံးနှစ်အရွယ်မြေးဖြစ်သူကို အိမ်နီးချင်းများသို့ သေချာအပ်နှံခဲ့ပြီးမှ လယ်ကွင်းပြင်ရှိ သစ်ပင်တွင် ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီလအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် လင်ယောက်ျားဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်သောကြောင့် မိန်းမဖြစ်သူမှာ ၂ နှစ်အရွယ် ရင်သွေးအား အိမ်သုံးဆေးအလွန်အကျွံတိုက်၍ ၎င်းကိုယ်တိုင်လည်းသောက်ကာ သားအမိနှစ်ဦးစလုံး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

“ဒီလိုဖြစ်စဉ်တွေကျတော့ ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ ၀န်ကြီးဌာနပေါင်းစုံ၊ အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံက ပညာပေးဖို့လိုအပ်ပါတယ်။ ဒီလိုမှုခင်းတွေ ကြိုတင်ကာကွယ်မှုလုပ်ဖို့ကို အားလုံးပူးပေါင်းမှ အဆင်ပြေနိုင်မယ်ဆိုတာ လူတန်းစားပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက နားလည်လက်ခံဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးကဆိုသည်။ 

မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခြင်းမရှိသူတို့မှာ ရဲတပ်ဖွဲ့က ပြစ်မှုဥပဒေ ၃၀၉ ဖြင့် ပြန်လည်အမှုဖွင့်အရေးယူခံရပြီး ၂၀၁၁ ခုမှ ၂၀၁၃ ခုအတွင်း ကျား၊ မ စုစုပေါင်း ၁၉၁ ဦး အရေးယူခံရသည်။

“ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေမယ့်နေ့က သေချင်တာကလွဲလို့ ဘာမှမသိခဲ့ဘူး။ မိသားစုမှာ ကိုယ်မရှိမှ ကောင်းမှာပါဆိုတဲ့ မိုက်မဲတဲ့အတွေးနဲ့ ကာယကံမြောက်လုပ်ခဲ့ပေမယ့် မိသားစုကပဲ အချိန်မီသိလိုက်လို့ မသေခဲ့တာ။ လောကကို အရှုံးပေးချင်တဲ့ မလုပ်အပ်တဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်ပါ”ဟု ၂၀၁၁ ခုက စင်ကာပူနိုင်ငံမှပြန်လာပြီး အိတ်ခ်ျအိုင်ဗီရောဂါ ပါလာခဲ့သောကြောင့် စိတ်ကျပြီး သေကြောင်းကြံစည်ခဲ့ရာမှ မအောင်မြင်ခဲ့ဘဲ ရဲတပ်ဖွဲ့၏ ပြစ်မှုဥပဒေ ၃၀၉ ဖြင့် အရေးယူခံရပြီး ထောင်ဒဏ်တစ်နှစ်ကျခံရသူ မြောက်ဥက္ကလာပမြို့နယ်နေ ကိုလှစိုးနောင်ကဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ စာရင်းများအရ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေတစ်သန်းခန့်မှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုကြောင့် သေဆုံးလျက်ရှိသည်။ ထိုသို့ သေကြောင်းကြံစည်မှုများသည် အလုပ်လုပ်နိုင်သောအရွယ်များဖြစ်သည့် (၁၅)နှစ်မှ (၅၀)နှစ်ကြား အပိုင်းအခြားအရွယ်များတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး တစ်ကမ္ဘာလုံးတွင် အသက်(၁၅)နှစ်နှင့် (၅၀)နှစ်ကြား သေဆုံးမှုများ၏ နံပါတ်သုံးတရားခံဖြစ်သည်ဟု WHO က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် မိမိကိုယ်မိမိသတ်သေခြင်းကြောင့် သေဆုံးရသည့် လူအရေအတွက်အရ ကမ္ဘာပေါ်တွင် ညွှန်းကိန်းအဆင့် ၉ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ရှိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသုတေသနဌာနတစ်ခုဖြစ်သည့် Institute for Health Metrics and   Evaluation က ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါညွှန်းကိန်း (Global Burden Disease)တွင် ဖော်ပြထားသည်။ 

ယုံကြည်ကိုးကွယ်ရာ မည်သည့်ဘာသာဝင်ဖြစ်စေ မိမိကိုယ်ကိုယ်သတ်သေခြင်းဖြင့် ဘ၀တစ်ခုကိုအဆုံးသတ်ရန် အားပေးအားမြှောက်ပြုထားခြင်းမရှိဘဲ အကျည်းတန်သောလုပ်ရပ်၊ သူတော်ကောင်းမဆန်သောလုပ်ရပ်ပင်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဆိုင်ရာကျမ်းစာအုပ်များတွင် ရေးသားထားသည်။ 

“လူတစ်ယောက်ရဲ့စိတ်ဟာ ကြည်လင်သန့်ရှင်းနေရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အပြစ်မျိုး ဘယ်တော့မှ ကျူးလွန်မှာမဟုတ်ပါဘူး။ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့အလုပ်ဟာ အကုသိုလ်အလုပ်ပါ။ ဘာကြောင့်ဆိုတော့ အသေခံပြီးပြုလုပ်တဲ့ ဒီအလုပ်ကို လုပ်တဲ့သူရဲ့စိတ်ထဲမှာ ကြီးမားတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖုံးလွှမ်းနေလို့ပါ”ဟု မှော်ဘီမြို့ ဓမ္မဒူတဆရာတော်ကမိန့်ကြားသည်။

မိသားစုတွင်း ကာလရှည်ရင်ဆိုင်နေရသော ပြဿနာများကို ဆက်လက်ရင်ဆိုင်နိုင်စွမ်း မရှိတော့သောကြောင့် မိမိကိုယ်ကိုယ်သတ်သေရန် သုံးကြိမ်တိုင်ကြိုးပမ်းခဲ့သူ အသက်(၂၃)နှစ်အရွယ် ဆုမီဆိုသူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးက ၎င်းရင်ဆိုင်ခဲ့ရသောအတွေ့အကြုံများအရ ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ဘယ်သောအခါမှ ကြံစည်တော့မည်မဟုတ်ဘဲ အကယ်၍ တစ်စုံတစ်ယောက်အနေဖြင့် စိတ်ကျဝေဒနာခံစားနေရသည်ဟု မိမိကိုယ်မိမိ သိလိုက်သည်နှင့်တစ်ပြိုင်နက် ဘေးနားတွင် အဖော်တစ်ဦးကို ချက်ခြင်းခေါ်ထားရန် အကြံပြုချင်ကြောင်းဆိုသည်။

“ကိုယ့်ကိုယ်ကိုယ် စိတ်အားငယ်လာပြီ၊ စိတ်ကျလာပြီဆိုတာ သိလိုက်တာနဲ့ တွေ့ရာလူတစ်ယောက်ရဲ့လက်ကို ဆွဲထားလိုက်ပြီး အဖော်အဖြစ် ထားလိုက်တော့တယ်။ ကျွန်မအတွေ့အကြုံအရတော့ ကောင်းသောနည်းလမ်းတစ်ခုလို့ ထင်ပါတယ်”ဟုဆိုသည်။

ဆုမီသည် ဘာမီတွန်ကဲ့သို့သော အိမ်သုံးဆေးပြားများကို အလွန်အကျွံသောက်၍ သုံးကြိမ်တိုင်တိုင် သေကြောင်းကြံစည်ခဲ့ဖူးသည်။ မိခင်ဖြစ်သူနှင့် အိမ်နီးချင်းအချို့က အချိန်မီသိရှိပြီး ဆေးခန်းသို့ပို့ဆောင်နိုင်ခဲ့၍သာ အသက်ဆက်လက်ရှင်သန်ခွင့်ရခဲ့သူဖြစ်သည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis