menu

Thursday 23 January 2014

မင်္ဂလာဒုံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဆွယ် (လေ) ၀င်းအတွင်း ဓာတ်ဆီ၊ ဒီဇယ်ဆီဂိုဒေါင် မီးလောင်ကျွမ်းမှု ဂိုဒေါင်တာဝန်ခံကို စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားလေးဦး ဒဏ်ရာရရှိ

Photo: မင်္ဂလာဒုံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဆွယ် (လေ) ၀င်းအတွင်း ဓာတ်ဆီ၊ ဒီဇယ်ဆီဂိုဒေါင် မီးလောင်ကျွမ်းမှု ဂိုဒေါင်တာဝန်ခံကို စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားလေးဦး ဒဏ်ရာရရှိ

မင်္ဂလာဒုံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဆွယ်(လေ)၀င်းအတွင်း ဇန်န၀ါရီ ၂၁ ရက် ည ၆ နာရီဝန်းကျင်က ဓာတ်ဆီ၊ ဒီဇယ်ဆီဂိုဒေါင် မီးလောင်ကျွမ်းမှုအား ဂိုဒေါင်တာဝန်ခံ တပ်ကြပ်ကြီးတစ်ဦးကို စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားလေးဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဋ္ဌာနချုပ်မှ လက်ထောက်မီးသတ် ဦးစီးမှူးတစ်ဦး မျက်နှာမီးဟပ်ခံခဲ့ရကြောင်း သိရသည်။

မီးလောင်မှုအကြောင်းရင်းမှာ ဓာတ်ဆီတိုင်ကီအား ကားပေါ်တင်စဉ် သမံတလင်းပေါ်သို့ ပြုတ်ကျရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားပြီး မှုခင်းမှတ်တမ်းများတွင် ဆီတိုင်ကီကို သံဂေါက်တံဖြင့်ပိတ်စဉ် မီးပွင့်ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မီးလောင်မှုကြောင့် အေးကိုကိုမင်းတွင် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ကုသနေရကြောင်း သိရသည်။

ထို့ပြင် ဇင်ကိုဦး(၁၈)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ ကျော်ဇင်လတ် (၂၈)နှစ် ဆီဆိုင်အလုပ်သမား၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိ့၊ စိုးတင့် (၄၃)နှစ်၊ ဆီသယ်ယာဉ်နောက်လိုက်တို့သည် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် တင်ထားကြောင်း သိရသည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဆွယ်(လေ) အ၀င်းတွင်းရှိ ဆီဂိုဒေါင်ကို ပုဂ္ဂလိကဓာတ်ဆီဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကျော်ကျော်(ခ)မောင်ကျော်(စုံစမ်းဆဲ) မရမ်းကုန်းမြို့နယ်၊ နဂါးရုံဘုရားလမ်းနေသူကို ငှားရမ်းထားကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်ပေပါ ၅၀ လုံး၊ ဓာတ်ဆီပီပါအလုံး ၂၀၊ ဆီပီပါများ တင်ဆောင်ထားသည့် ယာဉ်တစ်စီး၊ ပေ ၂၀ ပတ်လည် မြေစိုက်ဂိုဒေါင်တစ်လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းဆီဂိုဒေါင်အတွင်း လောင်စာဆီတိုင်ကီများကို လက်ခံသိမ်းဆည်းပေးသူမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (လေ)မှ လေ-၂၁၂၈၆ တပ်ကြပ်ကြီး တင်ဌေးဆိုသူဖြစ်ကြောင်း သိရသည်။

ယင်းတို့နှစ်ဦးကို မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ) ၃၃/၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ကျူးလွန်သူတပ်ကြပ်ကြီး တင်ဌေးကို တပ်မတော်တပ်ထိန်း (၁)သို့ လွှဲပြောင်းပေးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

မင်္ဂလာဒုံ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းမြင့်က “ဆီဂိုဒေါင် ငှားရမ်းလုပ်ကိုင်တဲ့ ကျော်ကျော်(ခ)မောင်ကျော်ကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ သူ့အိမ်ကိုရောက်ပြီး သွားပေမယ့် ကျော်ကျော်က တိမ်းရှောင်နေပါတယ်။ တပ်ကြပ်ကြီးတင်ဌေးကို စစ်တပ်က အရေးယူသွားမှာဖြစ်လို့ လွဲပြောင်းပေးခဲ့ပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက် ညနေ ၄ နာရီက ပြောကြားခဲ့သည်။

ယင်းမီးလောင်မှု တပ်တွင်းတည်နေရာမှာ မင်္ဂလာဒုံမြို့နယ် စစ်သားစုဆောင်းရေးတပ်(လေ) အတွင်းမဟုတ်ဘဲ မင်္ဂလာဒုံမြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဆွယ်(လေ) အတွင်းဖြစ်ကြောင်း စစ်သားစုဆောင်းရေးတပ်(လေ)မှ တပ်ရင်းမှူးက ဇန်န၀ါရီ ၂၂ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ဖုန်းဖြင့်ဆက်သွယ် ပြောကြားသည်။   

မင်္ဂလာဒုံမြို့နယ် စစ်ဘက်ရေးရာလုံခြုံရေးဝင်း အတွင်းရှိ  ဒီဇယ်ဆီဂိုဒေါင် မီးလောင်ကျွမ်းမှုအား ဇန်န၀ါရီ ၂၁ ရက် ညပိုင်းက တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis