မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးဖို့နဲ့ ငြိမ်းချမ်းရေးအတွက်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစံနစ်နဲ့မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်တာတွေလုပ်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘေထားကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်တဲ့အထဲ အခုလို ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်ကို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂ဝ၁၂ ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာကြောင့် အခုလိုရွေးကောက်ပွဲကို ဝင်တာလဲဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကို ဖေဖော်ဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ အချက် (၃) ချက်ပါဝင်တယ်လို့ NLD ပါတီရဲ့  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။