menu

Thursday 23 January 2014

မြင်သမျှ ကြားသမျှ...(အကြည်တော်)

Photo: မြင်သမျှ ကြားသမျှ

=============
အကြည်တော်

 တစ်ပတ်အတွင်း ထူးခြားမှုသတင်းများကို သုံးသပ်ရလျှင်...
ကျူးကျော်များနှင့် မြေသိမ်းမှု။

 အခုတလော ရန်ကုန်မြို့ကြီးမှာ ကျူးကျော်များအကြောင်း အမြဲကြားနေ ရပါတယ်။

 ကျူးကျော်များဟာလည်း ယခင် ကျူးကျော်များလို မဟုတ်တော့တာ အံ့အား သင့်စရာ ဖြစ်လာပါတယ်။

 ယခင်ကတေ့ ကျူးကျော်ဆိုတာ နေစရာနေရာမရှိလို့၊ ရတဲ့ဝင်ငွေနဲ့ လုံလောက် သော တိုက်ခန်းသို့မဟုတ် မြေနေရာမဖန်တီးနိုင်လို့၊ အများပိုင်မြေတစ်ခုခုမှာ တဲ လေးထိုးပြီး နေထိုင်ကြတာပါ။ ရန်ကုန်မြို့ ရဲ့ နေရာအနှံ့အပြားမှာ ကျူးကျော်တွေ ရှိပါတယ်။ 
(ကျွန်တော့် အိမ်နားမှာ ကျူးကျော်တဲတွေ မနည်းလှပါဘူး။)

 အခုကျူးကျော်များဟာ ခေတ်ပြောင်းစနစ်ပြောင်းနဲ့အတူ လိုက်ပါ ပြောင်းလဲ ကုန်ပါပြီ။ အခုခေတ် ကျူးကျော်များဟာ၊ မြေနေရာ တစ်ခုခုကို သတ်မှတ်ပြီး အုပ်စု ဖွဲ့ပြီး တဝုန်းဝုန်းနဲ့ ချက်ချင်းဝင်ရောက် ကျူးကျော်ကြတာပါပဲ။

 လူအင်အား အမြောက်အမြားက ပစ္စည်းအင်အား အပြည့်အစုံ၊ ကားကြီး ကား ငယ်များနဲ့ သယ်ဆောင်လာပြီး နေ့ချင်းညချင်း ဝင်ရောက် ကျူးကျော်တော့တာပါပဲ။

 တချို့နေရာတွေဆိုရင် မနေ့ကတင် မြေလွတ်မြေရိုင်း။ နောက်တစ်နေ့ မနက်မှာကျတော့ ကျေးရွာကြီးတစ်ခုလောက်ကို နေ့ချင်းညချင်း ပေါ်ပေါက်လာတာ တွေ့ရပါ တယ်။

 ကိုယ်တိုင်ကိုယ်ကျ တွံတေးအလွန် စာပေဟောပြောပွဲသွားတုန်းက ကျူးကျော် အမြောက်အမြား မြင်တွေ့ခဲ့ရပါတယ်။ တချို့ကလည်း အခိုင်အမာ၊ တချို့ကလည်း မြေပေါ်မှာ တိုင်လေးထောင်ပြီး နေရာသတ်မှတ် ထားတဲ့ သဘောပါ။

 အဲသည်လို မြေကွက်နေရာ သတ်မှတ်ပြီးရင် အရောင်းအဝယ်လည်း ရှိနေပါ တော့တယ်။ 

 ဆယ်ပေလောက်ရှိတဲ့ ကျူးကျော်မြေတစ်ကွက်ကို သောင်းဂဏန်း ကနေ သိန်းချီ ရရှိသည်အထိ အရောင်းအဝယ် ဖြစ်နေပါတယ်။ ပထမမြေဦးထားသူက သောင်း ဂဏန်းလောက် ကုန်ကျပြီး ပြန်ရောင်းရင် သိန်းဂဏန်းလောက် ပြန်ရတတ်ကြပါ သတဲ့။

 ဒီလောက်တောင် အဖွဲ့အစည်းတစ်ခုလို၊ ပစ္စည်းလူအင်အား အပြည့်အစုံနဲ့ ကျူးကျော်နိုင်အောင် ဘယ်သူတွေကများ ထောက်ပံ့နေ တာလဲဆိုတာ စဉ်းစားစရာပါ။

 ဒီလောက်ပစ္စည်းလူအင်အားစုနိုင်ဖို့ဆိုတာ သာမန်လူတော့ မဟုတ်လောက်ပါ ဘူး။ ဘယ်သူတွေကများ အားပေး၊ လုပ်ခိုင်းနေတယ် ဆိုတာ သိချင်နေမိပါတယ်။

 ဘာပဲပြောပြော ဒီခေတ်ကို ကျူးကျော်ခေတ်လို့တောင် နာမည်ပေးရ မလိုပါပဲ။

 ကျူးကျော်များလိုပဲ နေ့စဉ်ကြားနေရတဲ့ သတင်းတွေမှာ မြေယာ သိမ်းယူမှုဆို တာလည်း အမြဲကြားနေရတုန်းပါပဲ။

 ဘယ်နေရာမှာတော့ မြေယာတွေသိမ်းပြန်ပြီ။ ဘယ်နေရာမှာတော့ ဥယျာဉ်ခြံ တွေ သိမ်းပြန်ပြီဆိုတာလည်း မရိုးနိုင်တဲ့ သတင်းပါပဲ။

 သက်ဆိုင်ရာ အဖွဲ့အစည်းမှသော် လည်းကောင်း၊ ပုဂ္ဂလိက အချင်းချင်းသော် လည်းကောင်း မြေသိမ်းယာသိမ်း သတင်းတွေကလည်း စိတ်ဝင်စားစရာပါပဲ။ 

 ဒါပေမဲ့ ပိုစိတ်ဝင်စားစရာကတော့။

 တကယ်နေစရာမရှိလို့ (ခုနကပြောတဲ့ ကျူးကျော်တွေ မဟုတ်ဘူးပေါ့ ဗျာ။) မြေလွတ်မြေရိုင်းပေါ် တက်နေသူကိုတော့ ခေါ်ကြပါတယ်။ ''ကျူးကျော်တဲ့''။

 ကိုယ်မပိုင်ဘဲ သူများပိုင်တဲ့ မြေကို သိမ်းယူသူတွေကရော ကျူးကျော်တွေပဲ မဟုတ်လား။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ လာရောက်သိမ်း ပိုက်စဉ်က ခေါ်ကြပါရဲ့။ ''ကျူးကျော်သူတွေတဲ့''

 အခုကိုယ်မပိုင်ဘဲ အများပိုင်ကို သိမ်းယူနေတာရော ကျူးကျော်နေတာပဲ မဟုတ်လား။

 ဒါကြောင့် ကျွန်တော် သိထားတာတစ်ခုပဲ ရှိတယ်။

 မြန်မာနိုင်ငံမှာ

 ''တရားဝင် ကျူးကျော်နဲ့ တရားမဝင် ကျူးကျော်'' နှစ်မျိုးပဲရှိတယ်ဆိုတာ ပါပဲ။

►ပျောက်ဆုံးနေတဲ့သတင်းတွေ

 ကျွန်တော်တို့ဆီမှာ ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထွက် လာတော့ နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ အချိန်နဲ့တစ်ပြေးညီ ဖတ်နေရပါတယ်။ ဒါကလည်း ဝမ်းသာစရာပါပဲ။ဒါပေမဲ့ နေ့စဉ်သတင်းတွေ ကလည်း ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ တစ်ခါတလေ တချို့သတင်းတွေဟာ ဘယ်ရောက်လို့ ရောက်သွားမှန်းမသိတော့ပါဘူး။ 

 သတင်းဖြစ်စဉ်ခဏမှာတော့ ဟိုဂျာနယ်မှာလည်း ဒီသတင်း၊ ဒီဂျာနယ် မှာလည်း ဒီသတင်းနဲ့ နေ့စဉ်ထုတ် သတင်းစာမှာကအစ ပလူ ပျံနေအောင် တွေ့နေ ရပါတယ်။

 ဒါပေမဲ့ မကြာပါဘူး။ တခြားသတင်းတစ်ခုကို ရောက်သွားတဲ့အခါ  အရင် ဖော်ပြခဲ့တဲ့သတင်းဟာ စုပ်စမြုပ်စပျောက်သွားတော့တာပါပဲ။

 ဥပမာ ၈၈ ကျောင်းသားဟောင်းများပွဲတက်လို့ ပြုတ်သွား တဲ့ ကျောင်းဆရာမ၊ ဖြူးမြို့က လူသတ်မှု၊ ဝန်ကြီးများရဲ့ (၁၁) ဘီလျံ စသည်စသည်ဖြင့်ပေါ့။ ဟော့တ်ဖြစ် တုန်းကဖြစ်ပြီး၊ ပြီးရင် လည်း မေ့မေ့ပျောက်ပျောက်နဲ့ပဲ ပြီးခဲ့ကြတာချည်းပါပဲ။ ဘယ် အရာမှ 
အဆုံးသတ်ခဲ့တယ်ဆိုတာ မရှိပါဘူး။ 

 အဆုံးသတ်တာတစ်ခုပဲ ရှိပါတယ်။

 ဘယ်နေရာမဆို သတင်းသမားတွေ အရှုံးနဲ့ အဆုံးသတ်သွားတယ်ဆို တာပါပဲ။

 သတင်းသမားတွေ သတိထားရမှာလား။ သတင်းသမားတွေကိုတော့ အားလုံး က စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြပါတယ်။ နိုင်ငံတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံး ဒေါက်တိုင်တစ်ခုပေါ့။

 အခု သတင်းကိုတော့ တော်ရုံတန်ရုံ လွတ်လပ်ခွင့်တော့ ရနေပါပြီ။

 လွတ်လပ်ခွင့်ကို အခွင့်အရေးတစ်ခုအနေနဲ့ စာအုပ်တွေ စာစောင်တွေ မှာ သတင်းတွေကို အလွန်အကျွံရေးသားနေတာတွေ တွေ့ရပါတယ်။ တချို့ဆောင်းပါး တွေဆို ကြောက်စရာ လန့်စရာကောင်းအောင် လက်စွမ်းပြနေတာလည်း တွေ့နေရ ပြန်ပါတယ်။

 တချို့ ဆောင်းပါးတွေလည်း အလွန်သဘောတွေ့စရာ ကောင်းပါတယ်။

 ဒါပေမဲ့ သတိထားပါ။

 ကိုယ်ရေးခဲ့တဲ့ မှတ်တမ်းတွေ အားလုံးဟာ ပေထက်အက္ခရာမှာ ရှိနေပါတယ်။ ဒါကြောင့် အရင်တုန်းကလို အတွေ့အကြုံနဲ့ဆိုရင်။

 ပြဿနာမဖြစ်ခင်မှာတော့ ဘာမှမဖြစ်ပါဘူး။

 တစ်စုံတစ်ခုသာ ပြဿနာရှိခဲ့ရင် ဖြစ်ခဲ့သမျှ၊ ကိုယ်ရေးခဲ့သမျှ အကုန်ပြန်လှန်ပြီး အားလုံးစုပေါင်းပေးလိုက်မှာ ဖြစ်ပါတယ်။

 အဲဒါမျိုးဆို ကျွန်တော်တို့ စကားနဲ့ဆိုရင်။

 ''တစ်ပေါင်းတည်းကျခံရမှာပါ။ ဒါကြောင့် ခေတ်ပြောင်းပြီ ဘယ်လောက်ပြော ပြော၊ သတိနဲ့ယှဉ်ပြီးနေရင်တော့ ပိုကောင်းမှာပါ''

 နောက်တစ်ပတ်ဆက်ပါ့မယ်။

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis