menu

Monday 5 March 2012

မြို့နယ် အုပ်ချုပ်ရေးမှူးက ဂျာနယ်တစ်စောင်ကို တရားစွဲဆို


ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံနှင့် မော်ဒန်ဂျာနယ်၏ မန္တလေး သတင်းထောက် သက်စုအောင်တို့အား သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း မန္တလေး သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်ထုတ် မော်ဒန်ဂျာနယ်ပါ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်အကြား ကားလမ်းပျက်မှုကို ရေးသားထားသည့် " လမ်းလွှဲလေးတော့ ကောင်းစေချင် " ဆောင်းပါးကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ယခုအခါ မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံသည် မန္တလေးမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် သပိတ်ကျင်းသို့ အာမခံကိစ္စ သွားရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

ပိုလန်တွင် ရထားနှစ်စီး တိုက်မိမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာ




ပိုလန်တောင်ပိုင်း Szczekociny မြို့တွင် မတ်လ ၃ ရက်က ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် လူ ၁၆ ဦးသေဆုံးပြီး လူ ၅၄ ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။
နိုင်ငံအရှေ့ပိုင်း Przemysl မြို့မှ ၀ါဆောမြို့သို့ ထွက်ခွာလာသော ရထားတစ်စီးကို ၀ါဆောမြို့မှ Krakow မြို့သို့ ဦးတည်ထွက်ခွာလာသော အခြားရထားတစ်စီးက လမ်းကြောင်းမှားပြီး ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။  ရထားနှစ်စီးပေါ်တွင် ခရီးသည် စုစုပေါင်း ၃၅၀ ခန့် တင်ဆောင်လာပြီး ယူကရိန်း၊ စပိန်နှင့် ပြင်သစ်အပါအ၀င် နိုင်ငံခြားသား အများအပြားပါဝင်ခဲ့ကာ သေဆုံးသူများထဲတွင် အမေရိကန် နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကား၏ ဇာတ်ညွှန်းအဖွဲ့ကို သမိုင်း၊ စာပေ၊ ရုပ်ရှင် ပညာရှင်များဖြင့် ဖွဲ့စည်းမည်




ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းကို သမိုင်းပညာရှင်များ၊ စာပေပညာရှင်များနှင့် ရုပ်ရှင်ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခုဖွဲ့စည်းကာ ရေးသားသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။
“ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးဖို့ကို မြန်မာနိုင်ငံသား သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ရုပ်ရှင်လောကမှ ပညာရှင်တွေပါဝင်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ရေးသား သွားမှာပါ။ ရိုက်ကူးရေးလုပ်တဲ့အခါ လိုအပ်တဲ့ ရိုက်ညွှန်းကိုတော့ နိုင်ငံခြားက ပညာရှင်တွေနဲ့ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ ဇာတ်ညွှန်းရေးဖို့ အတွက် တကယ် အချိန်ပေးနိုင်မယ့် သူတွေကိုဦးစားပေးပြီး ဒီအဖွဲ့မှာ ပါဝင်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဒါရိုက်တာကြည်ဖြူသျှင်က ဆိုပါသည်။

လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များကို စည်းရုံးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူများအတွက် အကျိုးမရှိသော ဥပဒေများ ပယ်ဖျက်ခြင်းနှင့် ပြဋ္ဌာန်းခြင်းများ လွှတ်တော်အတွင်း ဆောင်ရွက်ရာတွင် ၇၅ ရာခိုင်နှုန်း ကျော်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ပြည်သူအကျိုးကို လိုလားသော တပ်မတော် ကိုယ်စားလှယ်များကိုပါ စည်းရုံးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းမြို့ လူထုဟောပြောပွဲတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လွှတ်တော်အတွင်း လူနည်းစုသာ ဖြစ်မည် ဖြစ်သဖြင့် ထိုသို့ စည်းရုံးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံပိုင်နက်အတွင်းမှ လေကြောင်းဖြတ်သန်းခ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၆၀ ရရှိ


မြန်မာနိုင်ငံ၏ လေပိုင်နက်အတွင်း ဖြတ်သန်းသွားသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ လေကြောင်း ဖြတ်သန်းခအဖြစ် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၆၀ ခန့် ရရှိ ခဲ့ရာ ယမန်နှစ်ဘဏ္ဍာနှစ်က ၀င်ငွေဖြစ် သည့် ဒေါ်လာ ၄၅ သန်းခန့်ထက် ၀င်ငွေ ပိုကောင်းခဲ့ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းများက ဖော်ပြသည်။
"နိုင်ငံတကာလေကြောင်းလိုင်းမှာ တစ်ပိုင်းက စီးပွားရေးအရ ၀င်ငွေရမှု ရှိသလို တစ်ပိုင်းက တာဝန်ယူရမှုလည်း ရှိတယ်။ လေကြောင်းလမ်းညွှန်ကိစ္စ ရှိတယ်။ နိုင်ငံတစ်နိုင်ငံ လေပိုင်နက်ဖြတ် ကျော်ခ ပိုက်ဆံပေးရတယ်။ လေကြောင်း လမ်းညွှန်ခမှာ လေကြောင်းလမ်းညွှန် တာတင်မဟုတ်ဘဲ Search and Rescue ပျောက်ဆုံးရင် ရှာဖွေကယ် ဆယ်ဖို့၊ မိုးလေ၀သ သတင်းဖြန့်ပေးဖို့ အကုန်ပါတယ်။ နိုင်ငံတိုင်းဟာ ဆင်း သက်ခ၊ ရပ်နားခတို့အပေါ်က ဖြတ်ပျံခ ကိုလည်း ပိုက်ဆံပေးရတယ်"ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ကမ္ဘာကျော် အနုပညာရှင်တွေ ဇာဂနာနဲ့ တွဲဖက်ဖျော်ဖြေမည်

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်ကျင်းပမယ့် အေအိုင် ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အနှစ် (၅၀)ပြည့် ရွှေရတုအခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားဟောင်း မြန်မာ့ဟာသ အနုပညာရှင် ဇာဂနာနဲ့တွဲဖက်ပြီး ကမ္ဘာကျော် အနုပညာရှင်တွေ ပူးပေါင်းဖျော်ဖြေမယ့် အစီစဉ်တခုကို တင်ဆက်ဖို့ရှိပါတယ်။
(Photo: AFP)
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
ဒီအစီစဉ်မှာ သူကိုယ်တိုင် ဇာတ်ညွန်းရေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် (Freedom of expression) ဆိုတဲ့ ဇာတ်လမ်းတိုကို အမေရိကန် အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။

မြန်မာကျပ်ငွေ ဒေါ်လာနဲ့လဲလှယ်နှုန်း ပြင်တော့မည်

မြန်မာကျပ်ငွေကို အမေရိကန်ဒေါ်လာ ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်ခွင့်ရတော့မယ့် အစီအစဉ်ကို မကြာခင်မှာ အစိုးရက တရားဝင် ကြေညာတော့မယ်လို့ သိရပါတယ်။
ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်နိုင်ခွင့်ရှိအောင် စီစဉ်ရာမှာ အမေရိကန်တစ်ဒေါ်လာကို အပြင်ပေါက်ဈေး ကျပ် ၈၀၀ ထက်မပိုအောင် အစိုးရက ကြိုးပမ်းသွားမယ်လို့ အစိုးရအရာရှိတစ်ဦးက bloombeg သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး အတက်အကျကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ မြန်မာအစိုးရ ဗဟိုဘဏ်ကနေ ကြီးကြပ်သွားမယ်လို့ အစိုးရအရာရှိက ပြောကြောင်း သိရပါတယ်။

KIO နဲ့ မြန်မာအစိုးရ ရွှေလီမှာ ဒုတိယအကြိမ် ဆွေးနွေးမည်


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့ဟာ ဒီလ ၈ ရက်နေ့ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားပြီး KIO ဘက်က အချက် ၃ ချက်အပေါ်မှာ မူတည်ပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င် သဘောတူညီချက်တွေ ရရှိအောင် ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဆက်လက် ဖြစ်ပွားနေပါတယ်။ နယ်စပ်ဒေသကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာလည်း မကြာခင် မိုးရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အမိုးအကာ၊ စားနပ်ရိက္ခာအပြင် ဆေးဝါးတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

ရန်ကုန်မြို့၏ ပထမဆုံး 3D ရုပ်ရှင်ပြသမှုအဖြစ် တော်ဝင်စင်တာ ရုပ်ရှင်ရုံတွင် ‘AVATAR 3D’ ရုပ်ရှင်ဇာတ်ကား စတင်ဖွင့်လှစ်ပြသ




7232 ရန်ကုန်မြို့၏ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကား ပြသမှုအဖြစ် တော်ဝင်စင်တာ ရုပ်ရှင်ရုံတွင် ‘AVATAR 3D’ ရုပ်ရှင်ဇာတ်ကား ကို မတ်လ ၁ ရက်နေ့၌ စတင် ဖွင့်လှစ်ပြသခဲ့ရာ စိတ်ဝင်စားလာရောက် ကြည့်ရှုသူ များပြားခဲ့သည် ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ရုံသည် ရန်ကုန်မြို့တွင် ပထမ ဆုံး 3D ရုပ်ရှင်ရုံ အဖြစ် ပြသနိုင်ခဲ့ခြင်းဖြစ်ပြီး 3D ရုပ်ရှင် ဇာတ်ကားများကိုသာ ပုံမှန်ပြသသွားနိုင်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။
လာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦးက “3D ရုပ်ရှင်ဆိုတာ တစ်ခါမှမကြည့်ဖူးတာနဲ့ လာကြည့် ဖြစ်တာပါ။ အရုပ်အသံ အရည်အသွေးကို ပုံစံတစ်မျိုးနဲ့ ခံစားရတာပေါ့လေ။ ဈေးကတော့ ပုံမှန်ဇာတ်ကားတွေထက် နည်းနည်း ပိုများနေပေမယ့် ဖျော်ဖြေမှုပုံစံ အသစ်ဖြစ်တဲ့ အတွက် ကြည့်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ နိုင်ငံတကာမှာ ပြသနေတဲ့ကားတွေကို ကြည့်ရှုခွင့်ရမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ အခု လက်ရှိ မြန်မာ ဟာသကားတွေ ငြီးငွေ့ချိန်မှာ အပြောင်းအလဲ တစ်ခုပေါ့” ဟု သူ၏အမြင်အား ပြောပြခဲ့သည်။

လာမည့် မတ်လ ၁၄ ရက်နေ့တွင် မိုဘိုင်းတယ်လီဖုန်းများ၏ ကနဦးတပ်ဆင်ခများကို စတင်လျှော့ချပေးမည်




မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများ၏ ကနဦးတပ်ဆင်ခများကို စတင်လျှော့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မိုဘိုင်းဖုန်းအမျိုးအစားများမှာ GSM နှင့် CDMA 450MHz မိုဘိုင်းဖုန်းများအား ကျပ် ၂ သိန်းသို့ လျှော့ချပေးမည် ဖြစ်ပြီး အဆိုပါ ၁၄ ရက်နေ့၌ပင် WCDMA နှင့် CDMA 800MHz မိုဘိုင်းဖုန်းများ၏ ကနဦးတပ်ဆင်ခများကို ကျပ်နှစ်သိန်းငါးသောင်းသို့ လျှော့ချပေးမည်ဟု သတင်းရရှိသည်။

ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းမှာ 3G ဖုန်းအမျိုးအစားဖြစ်သည်ဟု သိရှိရပါသည်။By EMG
  
Related Posts Plugin for WordPress, Blogger...

ShareThis