မာဂီလေးတစ်ယောက် အဲဒီနေ့ ညက သူမရဲ့ ဒိုင်ယာရီထဲမှာကို ထည့်ရေးခဲ့ပါတယ်။
မှတ်မှတ်ရရ - ၂၁၅၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ပါ။
“တော်မီ… ဒီနေ့ စာအုပ်စစ်စစ် တအုပ်တွေ့တယ်” တဲ့။
“စာအုပ်ကတော့
အရမ်းအရမ်းကို ဟောင်းနေပါပြီရှင်လို့ ပြောရမှာပဲ။ မာဂီရဲ့ အဖိုး တစ်ခါ
ပြောဖူးတာကတော့ သူတို့ ဟိုးငယ်ငယ်လေး (အဖိုးကလေးဘ၀) တုန်းက၊ သူ့ရဲ့အဖိုး
(မာဂီ အဖိုးရဲ့အဖိုး) က ပြောဖူးခဲ့တယ်ဆိုပဲ၊ ပုံပြင်တွေအားလုံးကို တကယ့်
စာရွက်စက္ကူပေါ်မှာ ရိုက်နှိပ် ထားခဲ့တယ်တဲ့။”
ကလေးနှစ်ယောက်သား အတူတူ စာရွက်တွေကို လှန်ကြည့်ကြတယ်။ စာရွက်တွေက
ဝါကျင့် ကျင့် ကျွတ်ဆတ်ဆတ်နဲ့ပေါ့။ သိတဲ့အတိုင်းပဲ စာကြောင်းတွေ၊
စာလုံးတွေက သင်ပုန်းကြီးTablet မျက်နှာပြင်မှာ ရွေ့လျားနေရမှာကို မရွေ့ဘဲ
ဒီအတိုင်း ရပ်နေတာမြင်ရတော့ ရယ်ဖို့တောင် ကောင်းသေးတော့။ ဒီစာမျက်နှာကို
တစ်ခါပြန်လှန်တော့လည်း ပထမဆုံး ဖတ်တုန်းက အတိုင်းပဲ စာသားတွေက ရှိနေသေးတယ်။
“ဟင်… တကယ်လား” တော်မီက ပြောပါတယ်။
“ဒါသက်သက် ဖြုန်းတီးတာပဲနော်။
စာအုပ်ကို ဖတ်ပြီးသွားတာနဲ့ လွှင့်ပစ်လိုက်ရမှာပဲ။ ငါတို့အိမ်က၊ XXXPad
စခရင်ကြီးဆိုရင် စာအုပ်တစ်သန်းလောက် ရှိလိမ့်မယ်။ နောက်ထပ် အများကြီးလည်း
ထပ်ထည့်လို့ ရသေးတယ်။”
“အံမယ်… ငါ့အိမ်ကဟာလည်း ဒီအတိုင်းပါပဲနော့။”
အမှန်တော့ မာဂီက အသက် ၁၁ နှစ် ပဲ ရှိသေးတော့ ၁၃ နှစ် ရှိနေပြီဖြစ်တဲ့
တော်မီလောက် XXXPad စခရင်ကို မမြင်ဖူးသေးဘူး။
“နင်ဘယ်ကနေ ဒီစာအုပ်ကို တွေ့ လာတာလဲ”
“ငါ့အိမ် ထပ်ခိုးပေါ်ကပေါ့” သူက စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုရင်းက မျက်လုံးမရွှေ့ပဲ လက်ညိုးထိုးပြလိုက်သည်။