မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ တော်ကို ရောက်ရှိနေတဲ့ သမ္မတရဲ့  နိုင်ငံရေးအကြံပေးအရာရှိ ဦးကိုကိုလှိုင် က ဧပြီလ (၁) ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမယ့်လို့ မျှော်လင့်ထားပေမယ့် ဒီလောက်အထိ အပြတ်အသတ်အနိုင်ရရှိလိမ့်မယ်လို့ မထင်မှတ်ခဲ့ကြောင်း ပြောပါတယ်။ ဗွီအိုအေ ဌာနချုပ်ကို လာရောက်ခဲ့တဲ့ ဦးကိုကိုလှိုင် ကို ဗွီအိုအေ မြန်မာအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဧပြီလ တရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီလောက်ကြီး အပြတ်အသတ် အနိုင်ရသွားလိမ့်မယ်လို့ အစိုးရဖက်က ယူဆထားခဲ့တာမဟုတ်ကြောင်း အခု ပါလီမန်လွှတ်တော်ထဲရောက်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်ထဲမှာ အစိုးရအဖွဲ့ဝင်အဖြစ်နဲ့ လွှတ်တော်အတွင်း ကော်မရှင်ရာထူး စသဖြင့် ဆန္ဒရှိသလို တာဝန်ယူလုပ်ဆောင်သွားနိုင်မယ်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအရာရှိ ဦးကိုကိုလှိုင် က ပြောပါတယ်။