menu

Thursday 23 January 2014

လက်မှတ်ထိုးပြီး အပစ်ရပ်စာချုပ်ကို လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် နောက်ဆက်တွဲ အာမခံချက်များ ခိုင်မာစေရန် လုပ်ဆောင်သွားမည်

Photo: လက်မှတ်ထိုးပြီး အပစ်ရပ်စာချုပ်ကို လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် နောက်ဆက်တွဲ အာမခံချက်များ ခိုင်မာစေရန် လုပ်ဆောင်သွားမည်

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညီချက် ရရှိကာ လက်မှတ်ရေးထိုးပြီးချိန်၌ ထိုစာချုပ်ကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် နောက်ဆက်တွဲ အာမခံချက်များ ခိုင်မာစေရန် ပြင်ဆင်ထားကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လော်ခီးလာညီလာခံသို့ တက်ရောက်နေသည့် တိုင်းရင်းသားခေါင်းဆောင်များက The Daily Eleven သို့ ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ကို ယခုအစိုးရ သက်တမ်းအတွင်း လက်မှတ်ရေးထိုးနိုင်ခြေ ရှိသော်လည်း စာချုပ်နောက်ဆက်တွဲပါ အာမခံချက်များကို နောင်တက်လာမည့် အစိုးရက အကောင်အထည်ဖော်မည့် အာမခံချက်ရရှိရန် လွှတ်တော်၏ အဆုံးအဖြတ်က အရေးပါလျက် ရှိနေသည်။

“လွှတ်တော်ကိုတင်ပြီးတော့ လွှတ်တော်ကနေ တရားဝင် စာချုပ်စာတမ်းအဖြစ် လွှတ်တော်ရဲ့ အတည်ပြုဥပဒေအဖြစ် ပြဌာန်းလိုက်ရင်တော့ နောက်အစိုးရမှာတော့ တာဝန်ရှိသွားတာပေါ့” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားသည်။

“တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကျွန်တော်တို့က ချုပ်ဆိုတဲ့ သဘောတူညီချက်မှာ ကတည်းကိုက ဒီအတွက်ကို အာမခံချက်ရှိအောင် ထည့်သွင်းထားတဲ့ အချက်တွေရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ သဘောတူညီချက်ကို လွှတ်တော်ကိုပေးပို့ပြီးမှ လွှတ်တော်ရဲ့ အတည်ပြုချက်ယူတာမျိုး စသဖြင့်ပေါ့နော်။ အဲဒါမျိုးတွေကို ဥပဒေကြောင်းအရ ခိုင်မာမှုရှိအောင် ဒီမှာထည့်သွင်းပြီးတော့ ချုပ်ဆိုကြမယ်” ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး နောင်တက်လာမည့် အစိုးရမတိုင်မီ မည်သည့်အဆင့်အထိ ရောက်ရှိမည်ဆိုသည်ကို မှန်းဆနိုင်ခြင်း မရှိသေးသော်လည်း ကွင်းဆက်မပြတ်ရန် ပြင်ဆင်ထားသည်များရှိကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်ကဆိုသည်။

“နောက်အစိုးရ မတက်ခင်လေးမှာ ကျွန်တော်တို့ ဘယ်အဆင့် ရောက်မလဲဆိုတာလည်း မှီတည်တာပေါ့။ သဘောတူညီချက်နဲ့ ပတ်သက်လို့ ဘယ်အဆင့်အထိ ရောက်နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ ကြည့်ရဦးမှာပါ။ ပြင်တော့ပြင်ထားတယ်။ တကယ်လို့များ လာမယ့်အစိုးရက လက်ရှိအစိုးရနဲ့ ကွင်းဆက်သိပ်မပြတ်ဘူး ဆိုရင်တော့ အလားအလာရှိမယ်လို့ မြင်တာပေါ့။ တကယ်လို့များ ကွင်းဆက်ပြတ်သွားတဲ့ အစိုးရမျိုး ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ အခုလက်ရှိသွားနေတဲ့ ဖြစ်စဉ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နည်းနည်းမြင်ယောင်ကြည့်တယ်။ ဒါလည်း ကံသေကံမ အပြတ်တော့ မပြောနိုင်ဘူး” ဟု ခူးဦးရယ်က ပြောကြားသည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီး နောက်လွှတ်တော်တင်သည့်အပိုင်းကို အစိုးရသာ တာဝန်ယူရမည်ဖြစ်ပြီး လွှတ်တော်က အတည်မပြုသေးမီကာလ၌ ၎င်းတို့အနေဖြင့် လွှတ်တော်သို့ သွားရောက်ကာ ပြောဆိုမည့် အစီအစဉ်မရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“ကျွန်တော်တို့ နှစ်ဖက်သဘောတူ ထိုးတယ်ဆိုပေမယ့် လွှတ်တော်တင်ခွင့်ရှိတာက အစိုးရဘက်က တင်ရမှာကိုး။ အစိုးရက ကျွန်တော်တို့လက်မှတ်ထိုးတဲ့ စာချုပ်က ဒါဖြစ်ပါတယ်ဆိုပြီး လွှတ်တော်ကိုတင်မှ အစိုးရက ချုပ်ဆိုထားတဲ့ စာချုပ်အပေါ်မှာ လွှတ်တော်ကနေပြီးတော့ အာမခံပေးတဲ့ သဘောပါ။ လွှတ်တော်က အစိုးရရဲ့ တင်ပြချက်အပေါ် အတည်ပြုသွားတဲ့အခါ နောက်ပိုင်းအကောင်အထည် ဖော်တာပေါ့။ ဒီစာချုပ်ကို အကောင်အထည်ဖော်တဲ့အခါ အကောင်အထည်ဖော်တဲ့ အချိန်တွေမှာ ပူးတွဲကော်မတီတွေရှိတယ်။ ပူးတွဲလုပ်ငန်း ကော်မတီရှိတယ်။ ပူးတွဲဦးဆောင်ရှိတယ်။ ပူးတွဲလုပ်ငန်းကော်မတီရှိတယ်။ ကော်မတီတွေ အထဲမှာကျတော့ ဆုံကြမယ်။ ပြောကြမယ်။ ဒါပေမဲ့ အစပိုင်းမှာ လွှတ်တော်ကိုသွားပြီးတော့ Testimony ပေးတာတော့ ဖြစ်မှာမဟုတ်ဘူး။ အစိုးရနဲ့ လက်မှတ်ထိုးတာနဲ့ အစိုးရကတော့ အသိအမှတ်ပြုတယ်။ ကျွန်တော်တို့ကို ဆွေးနွေးဖက်၊ ဒါပေမဲ့ လွှတ်တော်က ဥပဒေပြဌာန်းချက် တစ်ရပ်အဖြစ် အတည်မပြုမချင်း ကျွန်တော်တို့က လွှတ်တော်ကိုဝင်ဖို့ မသင့်တော်ဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

“လွှတ်တော်က ကျွန်တော်တို့ကို လက်မခံဘူးဆိုရင် ကျွန်တော်တို့ကို လက်မခံတာ မဟုတ်ဘူး။ သူ့အစိုးရကို သူလက်မခံတာပဲ။ သူ့အစိုးရကိုယ်တိုင်က ပါဝင်လက်မှတ် ရေးထိုးထားတဲ့စာချုပ်။ ဒါကတစ်ချက်။ နောက်ပြီးတော့ လွှတ်တော်ထဲမှာကလည်း အင်အားစုတွေရှိတယ်။ တပ်မတော်ရှိတယ်။ အနိုင်ရတဲ့ နိုင်ငံရေးပါတီရှိတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလည်းရှိတယ်။ ဆိုတော့ အဲဒီပါတီဝင်တွေက လက်မှတ်ထိုးတဲ့ စာချုပ်မှာ ပါဝင်ပြီးသားဖြစ်နေရင် လွှတ်တော်မှာလည်း သူတို့ပဲ ပြန်ထိုင်တာကိုး။ ဘယ်သူက ထ-ကန့်ကွက်မလဲ။ လွှတ်တော်ထဲမှာ ကန့်ကွက်တဲ့အင်အားကိုကြည့်ရင် တပ်ကထိုးထားတဲ့အတွက် တပ်ကမကန့်ကွက်တော့ဘူး။ အစိုးရက ထိုးထားတယ်ဆိုရင် အစိုးရက သူ့အောက်မှာ ဘယ်ပါတီရှိလဲ။ ပါတီအမတ်တွေက မကန့်ကွက်တော့ဘူး။ တိုင်းရင်းသားတွေ ထိုးထားတယ်ဆိုရင် တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီတွေက လွှတ်တော်အမတ်တွေက ကန့်ကွက်ဖို့ မရှိတော့ဘူးဆိုရင် နည်းသွားနိုင်တယ်ပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။

အင်ဒိုနီးရှားနှင့် အာချေးကိစ္စတွင် ယင်းကဲ့သို့ ပြဿနာမျိုးရှိခဲ့ပြီး နောက်ပိုင်းပြေလည်သွားခဲ့ကြောင်းနှင့် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားသော အပစ်ရပ်စာချုပ်ကို လက်ခံခြင်း၊ ပြင်ဆင်ခြင်းမပြုဘဲ ပယ်ချမည်ဆိုပါက လွှတ်တော်သည် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်း ၎င်းကပြောကြားသည်။

“အင်ဒိုနီးရှားမှာ အာချေးနဲ့ အင်ဒိုနီးရှားအစိုးရ လက်မှတ်ထိုးတော့ အင်ဒိုနီးရှားလွှတ်တော်ကို သွားတင်တယ်။ တင်တော့ အင်ဒိုနီးရှားလွှတ်တော်မှာ စိစစ်တာက ဒီဟာက တရားဝင်မှု ရှိမရှိ၊ ဘောင်ရောက်မရောက်ဆိုတာ တစ်ခါဖြစ်ဖူးတယ်။ သို့သော်လည်းပဲ အင်ဒိုနီးရှားလွှတ်တော်က နောက်ဆုံးအတည်ပြုလိုက်တယ်။ အင်ဒိုနီးရှားတိုင်းပြည်ရဲ့ ရှေ့ရေးနဲ့ ညီညွတ်မှုကို ထိန်းသိမ်းတဲ့အနေနဲ့ လွှတ်တော်က အတည်ပြုဖူးတယ်။ ဒါပေမဲ့ မပြုခင်မှာ တစ်ချက်တော့ ကဂျီကဂျောင်လုပ်တယ်။ ကျွန်တော်တို့ဆီမှာလည်း ဖြစ်နိုင်တယ်။ သို့သော် လုံးဝမပြင်ဘဲနဲ့ ပယ်ချဖို့တော့ မဖြစ်နိုင်ဘူး။ ပယ်ချရင် လွှတ်တော်က တရားခံဖြစ်သွားမယ်။ အားလုံးငြိမ်ပြီး လွှတ်တော်ကပယ်ချလို့ ပြန်တိုက်ကြတယ်ဆိုရင် သူကတကယ့်တရားခံကြီး ဖြစ်သွားမယ်။ ပြည်တွင်းစစ် နောက်ထပ်ပေါ်လာရင် လွှတ်တော်ကြောင့်ပဲဆိုရင် လွှတ်တော်အသစ်တောင် ဖြစ်ရင်ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က လုပ်မယ်လို့မထင်ဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ဇန်န၀ါရီ ၂၂ ရက်က ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လော်ခီးလာညီလာခံသို့ တက်ရောက်လာသူများကို တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis