ကျွန်တော်သည် ပိုးကောင် မွှားကောင်ကလေးများကို မုန်းတီးတတ်သူ မဟုတ်ပါ။ အကြောင်းမဲ့သက်သက် သတ်ဖြတ်ချင်သူမျိုးလည်း မဟုတ်ပါ။ သူတို့ အန္တရာယ်နှင့် ကြုံနေရလျှင်ပင် တတ်နိုင်သမျှ ကယ်တင်တတ်သူဖြစ်ပါသည်။ ငယ်စဉ်ကတည်းက လူကြီးမိဘတွေ သင်ကြားပေးထားသော အလေ့အထ ဖြစ်၏။ ရေစည်ထဲမှာ၊ အုတ်ရေကန်ထဲမှာ၊ ရေစီးမြောင်းထဲမှာ ပိုးကောင်ကလေးများ ကျနေတာတွေ့လျှင် ဆယ်ယူပေးတတ်သည်။ သူတို့ ရေမွန်းနေသည် ထင်လျှင် လေနှင့် မှုတ်ပေးရသည်။
ငယ်ငယ်ကတော့ ဘာရယ်မဟုတ်။ လေနှင့် မှုတ်ပေးလျှင် အသက်ပြန်ရှင်တတ်သည် ဟူသော အသိကိုသာ မှတ်ထားမိ၏။ ကျောင်းမှာ သတ္တဗေဒ သင်ရတော့မှ သဘောကို နားလည်လာ၏။ ပိုးကောင် မွှားကောင်ကလေးများသည် လူနှင့် အချို့သတ္တဝါများကဲ့သို့ အဆုတ်နှင့် အသက်ရှုခြင်း မဟုတ်။ သူတို့မှာ အဆုတ်လည်း မရှိ။ သူတို့၏ ကိုယ်ခန္ဓာပေါ်တွင် ထရေးကီးယားခေါ် လေပြွန်ကလေးများ ရှိ၏။ ထိုလေပြွန်ကလေးများမှ တစ်ဆင့် ကိုယ်တွင်းသို့ လေကို ဝင်ရောက်စေခြင်း ဖြစ်သည်။ လူတို့ ရုတ်တရက် နှလုံးခုန် ရပ်သွားသောအခါ ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းခြင်းဖြင့် အဆုတ်တွင်းသို့ အောက်ဆီဂျင် ရောက်စေသည်။ ဒီသဘော အတိုင်းပင်။ ပိုးမွှားကောင်ကလေးများကို ရေထဲမှ ဆယ်ပြီး လေဖြင့် ခပ်ပြင်းပြင်း မှုတ်ပေးလိုက်လျှင် လေပြွန်ကလေးများ ပွင့်၍ ကိုယ်တွင်းသို့ အောင်ဆီဂျင်ရောက်ရှိပြီး ပြန်လည်လှုပ်ရှား သက်ဝင်လာခြင်း ဖြစ်၏။ ဒီလိုနည်းနှင့် ပုရွက်ဆိတ်ကလေးတွေ တော်တော်များများ၏ အသက်ကို ကယ်တင်ခဲ့ဖူးသည်။