ကျောင်းတက်ခါစ တစ်ယောက်တည်း အဖော်မဲ့နေစဉ်မှာ သူနှင့်စတင်တွေ့ဆုံ သိကျွမ်းရခြင်း ဖြစ်၏။
ကျွန်တော်တို့ကျောင်းမှ ဆယ်တန်းအောင်သူအနည်းငယ်တွင် တခြားတက္ကသိုလ်ရောက်သူရောက် ၊ လုပ်သားကောလိပ်တက်သူ တက်ကြသောကြောင့် ၀ိဇ္ဇာသိပ္ပံမှာ အနည်းငယ်ထက်နည်းသော အရေအတွက်သာရှိသည်။
ထိုအထဲတွင် ကျွန်တော်နှင့် သိပ်ရင်းနှီးသူတွေမပါချေ ။ ဒီကြားထဲသိပ္ပံဘာသာတွဲဖြင့်အောင်ပြီး ၀ိဇ္ဇာလိုင်းလိုက်သော ကျွန်တော်က ပို၍အထီးကျန်ဆန်နေသည်။
ကျောင်းရောက်စဖြစ်သဖြင့် အတန်းထဲမှာလည်း အပေါင်းအသင်း မဖြစ်သေး ။ မုန့်စားလွှတ်ချိန်ဆိုလျှင် ကျွန်တော်တစ်ယောက်တည်း ယောင်ချာချာဖြစ်နေတက်၏။
လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အချိန်ဖြုန်းရသည်။ တစ်ခါတစ်ရံ ဟိုလျှောက် ဒီလျှောက်၊ ဟိုကြည့်ဒီကြည့်။ စီးကရက်စမ်းသောက်ကြည့်လာမိသည်။
ကြားမှာ တစ်ချိန်လွတ်ပြီးမှ ညနေပိုင်း နည်းပြတန်းရှိသောအခါမျိုးဆိုလျှင် ပို၍ငြီးငွေ့ဖွယ်ကောင်းသည်။ ပထမနှစ်ဖြစ်သဖြင့် အတန်းလစ်ပြီးတော့လည်း အိမ်မပြန်ရဲသေး။
ပျင်းရိသူတို့ ထုံးစံအတိုင်း ဆာလောင်လာတက်သည်။ ထမင်းဘူးကလည်း ၁၁ နာရီလောက်မှာ စားပစ်လိုက်ပြီးပြီ။