menu

Thursday 23 January 2014

ရန်ကုန်နှင့်မတူသည့် အစီအစဉ်ဖြင့် မန္တလေးတွင် ကျပ်သိန်း ၁၀၀ အောက်ဈေး ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများ ရောင်းမှားဝယ်မှားနှင့် အိမ်မရှိသေးသည့် ပင်စင်စားအရာရှိများကို ဦးစားပေးရောင်းချမည်

Photo: ရန်ကုန်နှင့်မတူသည့် အစီအစဉ်ဖြင့် မန္တလေးတွင် ကျပ်သိန်း ၁၀၀ အောက်ဈေး ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများ ရောင်းမှားဝယ်မှားနှင့် အိမ်မရှိသေးသည့် ပင်စင်စားအရာရှိများကို ဦးစားပေးရောင်းချမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ကျပ် သိန်း ၃၀၀ ၀န်းကျင်ဖြင့် မတရားရောင်းချသော ပုံစံဖြင့်မတူဘဲ မန္တလေးမြို့တွင် ကျပ်သိန်း ၁၀၀ အောက်ဈေးဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာကို ရောင်းမှားဝယ်မှားနှင့် အမှန်တကယ်အိမ်မရှိသည့် ပင်စင်စားအရာရှိများကို ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့သော ယင်းတန်ဖိုးနည်းအိမ်ရာသည် ၃၇ လုံး၊ အခန်းပေါင်း ၁၃၀၀ ကျော်ရှိရာ လျှောက်ထားသူဦးရေ ၅၀၀၀ ကျော်ရှိပြီး၊ ယခုနှစ်မတ်လတွင် တည်ဆောက်ပြီးစီးမည်ဖြစ်သည်။

ကျပ်သိန်းတစ်ရာအောက် သတ်မှတ်ထားသော ယင်းအိမ်ခန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကဲ့သို့ နှစ်ကာလကန့်သတ်ချက် အရစ်ကျစနစ်ဖြင့် တစ်လမည်မျှဝင်ငွေရှိသူ ၀န်ထမ်းများကို ရွေးချယ်ရောင်းချမည်ဟူသည့် မူဝါဒ အတိအကျ မသတ်မှတ်ရသေးသော်လည်း ကနဦး ရောင်းမှားဝယ်မှား ဖြစ်ခဲ့သူများကို ဦးစားပေးရောင်းချသွားမည်ဟု ကော်မတီဝင်က ပြောကြားသည်။

“ရောင်းမှားဝယ်မှားသူတွေပြီးရင် အမှန်တကယ် နေစရာမရှိတဲ့ ပင်စင်စား အရာရှိကြီးတွေပါ။ နောက်ထပ်ကတော့ အစိုးရ၀န်ထမ်းတွေကိုလည်း အားလုံးမဟုတ်ဘဲ စိစစ်ရောင်းချမှာပါ။ ပုဂ္ဂလိက၀န်ထမ်းတွေအတွက် မျှော်လင့်ချက်မရှိဘူးဆိုတာ မဟုတ်ပါဘူး။ လျှောက်လွှာသာတင်ကြပါ။ ဒီအသုတ်မရတောင် နောက်ထပ်ဆောက်မယ့် နေရာတွေမှာ ရွေးချယ်ရောင်းချပေးမှာပါ” ဟု စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် မမ ၁၅၊ ၁၆၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ တွင် တည်ဆောက်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့၏ တန်ဖိုးမျှအိမ်ရာ စီမံကိန်းဈေးနှုန်းမှာ ကျပ်သိန်း ၂၀၀ ကျော်သည်အထိ ဈေးရှိနေခြင်းကြောင့် မန္တလေး၏ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာကို စိတ်ဝင်စားလျှောက်ထားသူ များပြားနေကြောင်း ထပ်မံသိရှိရသည်။

“တန်ဖိုးနည်းအိမ်ရာသွားလျှောက်တော့ လက်ရှိလျှောက်ထားသူဦးရေ ၅၀၀၀ လောက်ရှိနေတာ တွေ့ရတယ်။ တည်ဆောက်နေတဲ့ အခန်းအရေအတွက်က ၁၃၀၀ ကျော်ပဲရှိတာ။ ဒီတော့ ဒီတန်ဖိုးနည်းအိမ်ရာတွေကို ချထားပေးတဲ့အခါ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ နောက်ပြီး အမှန်တကယ် နေထိုင်မယ့်သူတွေ အိမ်ရာမရှိတဲ့သူတွေကို စိစစ်ချထားပေးဖို့ မျှော်လင့်ပါတယ်။ ခုကြားနေရတဲ့ စည်ပင်ဝန်ထမ်းတွေကိုလည်း ချပေးမယ် ဆိုတာမျိုးတွေကြောင့် လျှောက်သာလျှောက်ရတာ အားတော့သိပ်မရှိလှဘူး” ဟု တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။           

တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis