menu

Thursday 23 January 2014

မင်္ဂလာဒုံ လေဆိပ်အနီးရှိ တပ်ပိုင် ဆီဂိုဒေါင်မီးလောင်၊ လေယာဉ် အတက်အဆင်းများခေတ္တရပ်နား

Photo: မင်္ဂလာဒုံ လေဆိပ်အနီးရှိ တပ်ပိုင် ဆီဂိုဒေါင်မီးလောင်၊ လေယာဉ် အတက်အဆင်းများခေတ္တရပ်နား

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက် အမှတ် (၄) စစ်ဘက်ရေးရာဆိုင်ရာ လုံခြုံရေးတပ်ဝင်းရှိ   ဆီဂိုဒေါင်တွင် ဇန်နဝါရီလ ၂၁ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်က ဓာတ်ဆီတိုင်ကီကို  စက်သုံးဆီတင် ယာဉ်ပေါ် တင်ဆောင်ရာမှ သမံတလင်းပေါ် ဆီတိုင်ကီ ပြုတ်ကျရာက မီးပွားထွက်ကာ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ယင်းလောင်ကျွမ်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ် အတက်အဆင်းများ ခေတ္တရပ်နား ထားခဲ့ကြောင်း တရားဝင် ထုတ်ပြန်သော သတင်းများအရ သိရှိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်နှင့် ဓာတ်ဆီ ပီပါပေါင်း ၇၀၊ စက်သုံးဆီ ၁၆၀၀ ဂါလန်ဆံ့ ဆီသည်ယာဉ်တစ်စီး၊ နစ်ဆန်း ၁၂ ဘီး ဆီပီပါတင်ယာဉ် နှစ်စီး၊ မြေပြင်ပေါ် ရပ်ထားသော ပါရာဒိုယာဉ် တစ်စီး၊ ပေ ၂၀ ပတ်လည်သွပ်မိုး၊ သံဆန်ခါဖြင့် ကာရံထားသော မြေစိုက် ဆီဂိုဒေါင်တို့ မီးလောင် ဆုံးရှုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့်  အရပ်သားနှစ်ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း  မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။   

အဆိုပါ မီးလောင်မှုတွင် ဆီပီပါများ ပေါက်ကွဲ မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး မီးတောက် အမြင့်မှာ  ၁၀ ပေခန့် ရှိကြောင်း အဆိုပါ မီးလောင်ပြင်သို့ ရောက်ရှိနေသော The Voice သတင်းထောက်က သတင်းပေးပို့သည်။
“ပီပါတွေ တဖုန်းဖုန်းနဲ့ ပေါက်ကွဲတဲ့ အသံတွေ ကြားရတယ်” ဟု ၎င်းကဆိုသည်။

စက်သုံးဆီ မီးလောင်မှုများကို ၁နာရီ မိနစ် ၄၀ ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက် ည ၆နာရီ မိနစ် ၄၀ ခန့်က မရမ်းကုန်းမြို့နယ် အမှတ် (၄) ရပ်ကွက် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့် Ocean စင်တာအနီးရှိ အမှတ် (၄) တပ်မတော် အင်ဂျင်နီယာ  တပ်ဆွယ်ဝင်းအတွင်း ဂိုဒေါင်ဟောင်း တစ်လုံးတွင် အဲယားကွန်း မော်တာ စက်ချို့ယွင်းရာမှ  ဂိုဒေါင်ဟောင်းတစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ 

မီးလောင်မှု စတင်ဖြစ်ပွားချိန်မှစ၍ မင်္ဂလာဒုံ လေဆိပ် ရှိ ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များ ဆင်းသက်မှုကို ၇ နာရီ ၂၀ မိနစ်အထိ တစ်နာရီကျော်ကြာ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ည ၉ နာရီ ပြည်တွင်း သတင်းများ အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက် နံနက် ၃ နာရီ ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးနှင့် ညနေ ၆ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် တော်ဝင် လမ်းနှင့် ပြည်လမ်းထောင့်ရှိ အမှတ် ၄ အင်ဂျင်နီယာတပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis