menu

Thursday 23 January 2014

မလေးရှားတွင် တရားမဝင် နိုင်ငံခြားသားများစဖမ်း၊ မြန်မာတစ်ရာကျော် အဖမ်းခံရ

Photo: မလေးရှားတွင် တရားမဝင် နိုင်ငံခြားသားများစဖမ်း၊ မြန်မာတစ်ရာကျော် အဖမ်းခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မလေးရှားနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသားများကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညသန်းခေါင်ယံတွင် စတင်ဖမ်းဆီးလျက်ရှိရာ နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဆီးခံရသည့်အနက် မြန်မာနိုင်ငံသား တစ်ရာကျော် ပါဝင်ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းဌာန ဖြစ်သည့် BERNAMA သတင်းတွင် ဖော်ပြထားသည်။ 

မလေးရှားရောက် တရားမဝင် လုပ်သားများကို တရားဝင် အထောက်အထား ထုတ်ပေးရန် သုံးလသက်တမ်း တိုးထားသည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သဖြင့် ယင်းနေ့ ည ၁၂ နာရီမှ စတင်ကာ တရားမဝင် နိုင်ငံခြားများကို ဖမ်းဆီးမှု စတင်နေခြင်း ဖြစ်သည်။

တရားမဝင် နိုင်ငံခြားသား ၁၅၆၅ ဦး ဖမ်းဆီးခဲ့ရာ ယင်းအနက် မြန်မာနိုင်ငံသား ၁၅၇ ဦး ပါဝင်ပြီး အင်ဒိုနီးရှား ၆၉၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂၅၅ ဦးနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ထိုင်းနိုင်ငံသားများ ပါဝင်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi က ပြောဆိုကြောင်း BERNAMA တွင် ဖော်ပြသည်။

မလေးရှား အစိုးရက တရားမဝင် နိုင်ငံခြားသားများကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ဖမ်းဆီးမည်ဟု တရားဝင် ကြေညာထားသော်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ဖမ်းဆီးခဲ့ကြောင်း၊ အဝေးပြေးကားများပေါ်တွင် တက်ရောက်ကာ စစ်ဆေးဖမ်းဆီးရာ မြန်မာသံရုံးတွင် အထောက်အထား လာရောက် ပြုလုပ်သူများလည်း ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ကပုန်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
“အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတယ်။ မြန်မာတွေ အိမ်တွေ၊ စက်ရုံတွေမှာ ပုန်းနေကြတယ်။ တချို့ဆို အလုပ်တောင် မဆင်းရဲကြတော့ဘူး” ဟု ၎င်းကဆိုသည်။

ကပုန်း နာရေးကူညီမှုအသင်းက ရရှိထားသည့် အချက်အလက်အရ မြန်မာ ၁၂၀ ကျော် ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း ဦးဆန်းဝင်းက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးကာ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည် ဖြစ်ပြီး ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံသံရုံးက ကျခံရမည် ဖြစ်ကြောင်း၊ ပြန်ပို့ခံရသည့် လုပ်သားများကို နောက်တစ်ကြိမ် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့် မပြုကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားသည်။

မလေးရှားရောက် တရားမဝင် မြန်မာများ အဖမ်းအဆီး မခံရမီ နေရပ်ပြန်လိုသည့် တရားမဝင် မြန်မာများကို တရားဝင် အထောက်အထား (Certificate of Identity) ထုတ်ပေးသွားမည် ဖြစ်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် ပြီးပါက မြန်မာသည် တရားမဝင် လုပ်သား တတိယ အများဆုံးနိုင်ငံ ဖြစ်ပြီး မြန်မာလုပ်သား ၂၅၇,၀၀၀ ရှိသည့်အနက် ၁၁၃,၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှားအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့သည့်  တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် အော်ပရာစီ စစ်ဆင်ရေးတွင် မြန်မာ ၆၀၀ ကျော် အပါအဝင် နိုင်ငံခြားသား ၅၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis