menu

Thursday 23 January 2014

ကသမြင်ငါးကြီး ဖမ်းဆီးရမိသူ မောင်သာထူး(ခ) ဇော်မင်းဦး နှင့်တွေ့ဆုံခြင်း



မွန်ပြည်နယ် မော်လမြိုင်မြို့ ကော့တွန်ကျေးရွာအုပ်စု ၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏ သား မောင်သာထူး သည် မော်လမြိုင်ခေါင်းဆေး ကျွန်း အနီး တွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက ငါးပြက်ပိုက်ဆွဲရာမှ အလေးချိန် ၅၂ ပိဿာခန့်ရှိသည့် ကသမြင် ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါငါးကြီးအား မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံလွင်ဈေး ငါးအဝယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိက္ခမီမြို့မှ ငါးအဝယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေကျပ် ၂၂၅ သိန်း ပေးဝယ်ကာ ရန်ကုန်သို့ နေ့ချင်းအပြီး သယ်သွားကြောင်း ငါးထက် ငါအဆီပေါင်းက ပိုမိုဈေးရကြောင်း ငါးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

အဆိုပါ ငါးကြီးကို ဖမ်းမိသောသူသည်နောက်ပိုင်းတွင် တံငါလုပ်ငန်းပြန် လည်လုပ်ကိုင်လျှင် ခိုက်တတ်ကြောင်း ပြောဆိုမှုများ က လည်း ထွက်ပေါ်နေ သည်။ ယခုအခါ အဆိုပါ ငါးကြီးကိုရောင်းချခဲ့ပြီးဖြစ်ရာ ယင်းငါးကြီး ကို ဖမ်းမိခဲ့ သည့် မောင်သာထူး နှင့် ၄င်း၏ ဖခင်ဖြစ်သူတို့ကို ရန်ကုန်တိုင်းမ် သတင်းစာမှ တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

မေး- မောင်သာထူးရဲ့မိဘတွေက

ဖြေ- ကျွန်တော့်မိဘတွေက ဦးတင်လှနဲ့ ဒေါ်စန်းဝင်း(ခ) ဒေါ်ပုဖြစ်ပါတယ်။ ကော့ တွန်ကျေးရွာအုပ်စု ဇွယ်ရပ်ကျွန်းမှာနေပါ တယ်။ သားသမီး ခုနစ်ယောက်အနက် ကျွန်တော်က ခြောက်ယောက်မြောက်ဖြစ်ပါ တယ်။ နာမည်က မောင်သာထူး(ခ) မောင် ဇော်မင်းဦးဖြစ်ပါတယ်။

မေး- မောင်သာထူးရဲ့ အသက်နဲ့ကျောင်း ပညာအရည်အချင်းက

ဖြေ- ကျွန်တော့်အသက်က ၁၄နှစ်ပါ။ ငါး တန်းအောင်ပြီးကတည်းက ကျောင်းထွက် လိုက်ပါတယ်။ ကျောင်းထွက်တာ သုံးနှစ် လောက်ရှိပါပြီ။ မိဘတွေကတော့ အရင်က တံငါပါပဲ။ အခုတော့ခြံစိုက်ပါတယ်။ တံငါ မလုပ်တော့ပါဘူး။ ငှက်ပျောခြံ စိုက်ပါ တယ်။ ငှက်ပျောခြံ နှစ်ဧကလောက်စိုက်ပါတယ်။

မေး- မောင်သာထူးငါးဖမ်းတာက

ဖြေ- ကျွန်တော်ကျောင်းထွက်ပြီးကတည်း က ကျွန်တော့်အစ်ကိုတွေနဲ့ ငါးဖမ်းလိုက်ပါ တယ်။ အစ်ကိုက သီးခြားနေပါတယ်။ ကျွန်တော်က အစ်ကို့လှေမှာ လိုက်ပါတယ်။

မေး- ငါးမိတဲ့ ၁၃ရက်နေ့က အကြောင်း ပြောပါဦး။

ဖြေ- အဲဒီနေ့ကတော့ ကျွန်တော့်အစ်ကိုက မအားတာနဲ့ ကျွန်တော်ပိုက်ထွက်ပါတယ်။ အမေက အဖော်လိုက်ပေးပါတယ်။ ကျွန် တော်က ပဲ့နင်းလုပ်တယ်။ စက်မောင်းတယ်။ ပိုက်ချပါတယ်။ တံငါလုပ်နေတာ သုံးနှစ် လောက်ရှိပြီဆိုတော့ ကျွန်တော် လည်း ကျွမ်း ကျင်ပါတယ်။ အဲဒီနေ့က ဘာမှမထူးခြား ပါဘူး။ ခါတိုင်းအစ်ကိုနဲ့သွားပြီး ပိုက်ချနေကျ အတိုင်းပါပဲ။ ကျွန်တော်တို့ ပိုက်မျှောတဲ့ နေရာရောက်တော့ ပိုက်ချတယ်။ နာရီဝက် လောက်နေပြီး ပိုက်ဆွဲပါတယ်။ ဆွဲရင်းနဲ့ ပိုက်လေးလာပြီး ကျွန်တော်မဆွဲနိုင်တော့ ဘူး။ အမေပါ ဝိုင်းဆွဲတယ်။ အဲဒါလဲ မနိုင် တော့တာနဲ့ တခြားလှေက လူတွေကိုဝိုင်း ခေါ်ပါတယ်။ တခြားလှေက လူလေးယောက် ရောက်လာပြီး ဝိုင်းဆွဲကြတော့မှ ကသမြင် ငါးကြီးမှန်း သိရတော့ တယ်။

ကသမြင်ငါးကြီး ဖမ်းဆီးရမိသူ မောင်သာထူး (ခ) ဇော်မင်းဦး

မေး- ငါးကြီးရတော့ ဘာလုပ်လဲ။

ဖြေ- ငါးကြီးရတော့ လှေကို ကျွန်တော်တို့ အိမ်ကိုမောင်းသွားပြီး အဖေ့ကိုသွားခေါ် ပါတယ်။ အဖေကချက်ချင်းလိုက်လာပြီး အဖေနဲ့အတူ မော်လမြိုင်ကို ပြန်မောင်းခဲ့ ပါတယ်။

မေး- မော်လမြိုင်ရောက်တော့ ဘာဆက် လုပ်လဲ။

ဖြေ- မော်လမြိုင်ရောက်တော့ အဖေကပဲ ဆက်လုပ်ပါတယ်။ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာနဲ့ နောက်ဆုံး မော်လမြိုင် ဘိုကုန်းရပ်က သံလွင်ဈေးငါးအဝယ်ဒိုင် တွေဆီကို သုံးဘီးဆိုင်ကယ်နဲ့ တင်သွားပါ တယ်။ ဈေးစကား တွေကိုတော့ အဖေကပဲ ပြောပါတယ်။

မေး- အဝယ်ဒိုင်မှာ တွေ့ဆုံဝယ်ယူတဲ့အ ကြောင်းလေး

ဖြေ- (သာထူး၏ဖခင်)- ကျွန်တော် ဦးတင် လှပါ။ မောင်သာထူးရဲ့ ဖခင်ပါ။ အဝယ်ဒိုင် ရောက်တော့ အဝယ်ဒိုင်တစ်ဦးက ကျပ်သိန်း ၁၅ဝပေးမယ်ပြောပါတယ်။ အလေးချိန်ကြီး ရင် ပိုပေးမယ်ပြောပါတယ်။ အလေးချိန် ချိန်ကြည့်တော့ ငါးကြီး ဟာ အလေးချိန် ၅၂ ပိဿာကျော်ကျော်လေးရှိပါတယ်။ ဒါနဲ့ အဲဒီ အဝယ်ဒိုင်က ကျပ်သိန်း ၁၉ဝပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကလဲ အဲဒီငါး ကြီးရဲ့အကြောင်းကိုသိနေတော့ မရောင်း သေးဘဲ ဈေးဆွဲပါတယ်။ ငါးကြီးရဲ့ အသား က ဘာမှမဟုတ်ပေမယ့် အဲဒီငါးကြီးရဲ့ ငါးဆီပေါင်း က ဈေးရတယ်ဆိုတာသိထားတော့ ကျွန်တော် မရောင်းသေးဘူး ။ နောက်ဆုံးတော့ ကျိုက္ခမီ မြို့ ငါးအဝယ်ဒိုင်တစ်ယောက်က ငွေကျပ် ၂၂၅သိန်းပေးမယ်ဆိုတာနဲ့ ရောင်းလိုက်ပါ တယ်။ ဝယ်တဲ့ငါးဒိုင်ကလည်း ငါးကြီးကို ချက် ချင်းပဲ ရန်ကုန်ကိုသယ်သွားပါတယ်။

မေး- ပိုက်ဆံတွေရပြီဆိုတော့ ဘာလုပ်ငန်း လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ- ကျွန်တော်ကတော့ ခြံပဲစိုက်ပါမယ်။ ကလေးတွေကတော့ တံငါအလုပ်ပဲ ဆက် လုပ်ကြမှာပါ။

မေး- ငါးကြီးကြီးရပြီးရင် တံငါအလုပ် ဆက်လုပ်ရင်ခိုက်တတ်တယ်ဆို။

ဖြေ- ပြောကြတာပဲ။ ကျွန်တော်တို့ကတော့ အဲဒါကို မယုံပါဘူး။ တံငါပဲ ဆက်လုပ်ပါ့ မယ်။ ရွာမှာလဲအရင်က အဲဒီလို ငါးအကြီး ကြီးတွေကို နှစ်နှစ်တစ်ခါ၊ သုံးနှစ် တစ်ခါ လောက်ရထားဖူးတဲ့ လူတွေရှိတယ်။ သူတို့ လဲ တံငါအလုပ်ပဲ ဆက်လုပ်နေ ကြတာပဲ၊ ခိုက်တယ်ဆိုတာကို ကျွန်တော်တို့ မယုံ ကြည်ပါဘူး။

မေး- ဦးတင်လှတို့ ဘာဆက်လုပ်ဖို့အစီ အစဉ်ရှိလဲ။

ဖြေ- လောလောဆယ်တော့ အလှူလုပ်ပါ့ မယ်။ အဲဒီနောက်မှ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရပါမယ်။ သားတွေကတော့ တံငါ အလုပ်ပဲ ဆက်လုပ်မှာပါ၊ ငွေကျပ် ၂၂၅ သိန်းဆိုတာ ဒီကာလမှာ ဘဝကြီးတစ်ခုလုံး ကို မပြောင်းလဲနိုင်ပါဘူး။

မေး- ငါးကြီးကြီးမိတဲ့ မောင်သာထူးနဲ့ ပတ် သက်ပြီး ဘာတွေထူးခြားတာတွေရှိလဲ။

ဖြေ- လွန်ခဲ့တဲ့ တော်သလင်းလထဲမှာ မောင် သာထူးမြေကိုက်ခံရပါတယ်။ မြွကေ မြေ ပွေးပါ။ မော်လမြိုင်ကိုအချိန်မီရောက်သွား လို့ ဒီကလေးအသက်ရှင်နေတာပါ။ မနည်း အသက်လုပြီး ကယ်တင်ထားတယ်။ သူ့ကံ က မကောင်းလိုက်၊ ကောင်းလိုက် ထင်ပါ တယ်။ ကျေးဇူးတင်ပါတယ်။

မေး- ကိုယ်ငယ် ဟိုးတစ်နေ့ကပြောတယ်နော် ငါးအကြီးကြီးမိတဲ့လူတွေဟာ တံငါမလုပ် ရတော့၊ ပြန်လုပ်ရင်ခိုက်တယ်ဆိုတာလေ။

ဖြေ- (ကိုငယ်) ဟုတ်ပါတယ်။ ကျွန်တော် တို့အရပ်က လူကြီးတွေလဲ ပြောပါတယ်။ ခိုက်တဲ့လူတွေလဲတကယ်ရှိခဲ့ပါတယ်။ မယုံ ကြည်တဲ့လူတွေလဲရှိပါတယ်။ တချို့က အလှူ အတန်းအကြီးကြီးလုပ်ကြတယ်။ ယုံတဲ့လူ တွေရှိသလို၊ မယုံကြည် တဲ့ လူတွေလဲရှိတယ်။

အခုလို ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါ တယ်။

အောင်ထိုက်ဦး - တွေ့ဆုံမေးမြန်းသည်။

Yangon Media Group


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis