menu

Thursday 23 January 2014

ကျွန်းစုမြို့နယ်၌ စက်လှေနစ်မြုပ်၍ လေးဦး အသက်ရှင်ပြီး သုံးဦး သေဆုံးကာ ၁၂ ဦး ပျောက်ဆုံး


မြိတ် ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် သမီးလှကျွန်း နှင့် ကော့ဒွေးကျွန်း အကြား ပင်လယ်ပြင်၌ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲက စက်လှေ နစ်မြုပ်မှုဖြစ်ပွား၍ စက်လှေပေါ်တွင် ပါလာသူ ၁၉ ဦးအနက် လေးဦး အသက်ရှင်ပြီး သုံးဦးသေဆုံးကာ ၁၂ ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကမ်း ကြီးကျေးရွာအုပ်စု တောင်သုံးလုံး ကျေးရွာ ဓနိအော်ပိုင်းနေ ဦးဖိုးဇော် သည် ပုလောမြို့နယ် ကြဲကျေးရွာသို့ နာရေးကိစ္စ သွားရန်အတွက် ၎င်းပိုင် အလျားပေ ၄ဝ၊ ဇောက် ၆ ပေ၊ တရုတ်အင်ဂျင် နှစ်လုံးတပ် (ဘေးချိတ်) တပ်ဆင်ထားသော လှေဖြင့် လှေပေါ်လိုက်ပါလာသူ ၁၉ ဦးသည် တောင်သုံးလုံး ကျေးရွာမှ ကြဲကျေးရွာသို့ ထွက်ခွာသွားရာ ည ၁ဝ နာရီခွဲတွင် သမီးလှကျွန်းနှင့် ကော့ဒွေးကျွန်းကြား အရောက်တွင် လှိုင်းကြီး၍ လှေမှာ နစ်မြုပ်ခဲ့သည်။


အဆိုပါ စက်လှေနစ်မြုပ်ရာ အနီး တစ်ဝိုက်သို့ ရှာဖွေရာ ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီက ၎င်းလှေပေါ်တွင် လိုက်ပါလာသူ မစုစုလှိုင်(ခ) ကြာပွင့် ၂၅ နှစ် (ဘ)ဦးကျော်ရှိန် တောင်သုံးလုံး ကျေးရွာနေသူအား ပင်လယ်ပြင်၌ မျောပါနေစဉ် ငါးဖမ်းလှေ တစ်စင်းမှ ကယ်တင်ခဲ့ပြီး တောင်သုံးလုံး ကျေးရွာ သို့ ပြန်ပို့ပေးသဖြင့် ၎င်းကျေးရွာမှ ရွာသူရွာသားများ ပင်လယ်ပြင်သို့ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်ခဲ့ရာ ဦးဖိုးဇော် ၃၅ နှစ် တောင်သုံးလုံး ကျေးရွာ ၊ ဒေါ်မိချို ၃ဝ နှစ် (ဘ)ဦးထွန်းရင် (ဦးဖိုးဇော်၏ ဇနီး) တောင်သုံးလုံး ကျေးရွာ၊ ဒေါ်ရွှေရွှေဝင်း ၃၅ နှစ် (ဘ)ဦးထွန်းဝေ တောင်သုံး လုံး ကျေးရွာ နေသူ သုံးဦးအား ပင်လယ်ပြင်၌ မျောပါနေ၍ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မောင်ခေတ်သစ် ၅ နှစ် (ဘ) ဦးထွန်းနိုင်ငယ်၊ မနွေးနွေးလှိုင် ၁၁ နှစ် (ဘ)ဦးထွန်းနိုင်ကြီး၊ မောင်စိုးမိုး ၁၅ နှစ် တောင်သုံးလုံး ကျေးရွာ နေသူသုံးဦးတို့၏ အလောင်းအား ရှာဖွေတွေ့ရှိရာ ပျောက်ဆုံးနေသူ ၁၂ ဦးအား ဆက်လက် ရှာဖွေလျက် ရှိသည်။

အဆိုပါ စက်လှေနစ်မြုပ်ရာသို့ ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်လင်းဦးနှင့် အဖွဲ့ တာဝန်ရှိသူများ၊ စက်ရေယာဉ်(၅၆)မှ ဗိုလ်ကြီး ဆန်းလင်း ဦးစီးအဖွဲ့တို့သည် ကျွန်းစု မြို့မှ စက်လှေဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis