
ဆံပင်ညှပ်ဆိုင်ထဲသို့ ၀င်လာသောသူကို ဆံသဆရာက "ဆံပင်ညှပ်မလို့လား" ဟုမေးသည်။ ထိုသူက ခေါင်ညိတ်ပြပြီး ဆုံလည်ကုလားထိုင်ပေါ် ထိုင်သည်။ ဆံသဆရာက ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာကို ယူပေးသည်။ ထို့နောက် အ၀တ်ဖြူစကို ကိုယ်ပေါ်မှာ လွှမ်းခြုံပေးသည်။
"ဘယ်လိုပုံစံညှပ်မလဲ"
"ခပ်ပါးပါး သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ဗျာ၊ နက်ဖြန် အင်တာဗျူးဝင်စရာရှိလို့"
ဆံသဆရာက ခေါင်းတစ်ချက်ဆတ်လိုက်သည်။ ဆံပင်ကို ဘီးဖြင့်ဖွပြီး ကတ်ကြေးဖြင့် စ၍ညှပ်သည်။ ညှပ်နေရင်းက လေထဲမှာ ကတ်ကြေးကို အလွတ်ကစားနေသည့် အသံတစ်ချက်ချက်သည် စည်းချက်ညီညီ ထွက်ပေါ်နေ၏။
ပြီးလျှင် ခွကတ်ကြေးဖြင့် ပါးသွားအောင် ညှပ်ပြန်သည်။ စွန်းထွက်နေသော ဆံပင်များ၊ ကော့လန်ကွေးကောက်နေသော ဆံစများကို ကတ်ကြေးထိပ်ချွန်ဖြင့် သပ်ရပ်ညီညာသွားအောင်တိသည်။
"ဒီအနေတော်ပြီလား" ဟု ဆံသဆရာက မေးသည်။ ရှေ့နောက်နှစ်ဖက်ညှပ်၍ တပ်ဆင်ထားသော မှန်များကြောင့် ရှေ့မှန်ထဲမှာပင် နောက်ဘက်မြင်ကွင်းပါ မြင်နေရ၏။
"ရပါပြီ"
ဆံသဆရာသည် ရေဆွတ်ထားသော ၀က်မှင်ဘီးကလေးဖြင့် ကုပ်သားတစ်လျှောက်၊ နားသယ်စပ်တစ်လျှောက် လိုက်သုတ်ပေးသည်။
သင်ဓုန်းဓါးကို သားရေပြားပေါ်မှာ တရွှီရွှီမြည်အောင် ပွတ်သွေးသည်။ ပြီးတော့ ဒေါက်တိပေးသည်။ ဓါးဖြင့်ရိတ်ထားသော နေရာများကို ပေါင်ဒါတို့သည်။ မျက်နှာသုတ်ပ၀ါအသေးဖြင့် ဆံပင်များကို ပွတ်ခါပေးသည်။ ဆံပင်ကို သပ်ရပ်အောင် ဖြီးသင်ပေးသည်။








![Photo: [ Satire ]
အုတ်ခဲနှင့် မူဝါဒလမ်းစဉ်ကိစ္စ အရှုပ်တော်ပုံကြီး
(လော်ဘီအုတ်ခဲ)
လက်ဖက်ရည်ဆိုင်မှာ ချထားတဲ့ ဂျာနယ်တစ်စောင်ကို လော်ဘီအုတ်ခဲ ကောက်ဖတ်မိသည်။ ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံကို မြင်ရသည်။ ခေါင်းစဉ်ကြီး ကလည်း ပြူးနေ၏။
အို... ဘာတဲ့။
နေပြည်တော်မှာ စာဖတ်နေသည့် ဘဘကြီး ချမှတ်ခဲ့တဲ့ မူဝါဒတွေအတိုင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ်က ကျင့်သုံးသွားမည် ဆိုပါလား။ အုတ်ခဲ ကျောပင်စိမ့်ရလေ၏။ ကြက်သီးများ တဖုဖုထ၍ နားသယ်မွေးများတောင် ဖလန်းဖလန်း ထောင်ရလေ၏။
မဖြစ်။ ဒီကိစ္စက ရှော့ခ်ရှိသည်။
ဂျာနယ်ကို မလှန်သေးဘဲ ဖုန်းအစုတ်လေးကို ထုတ်ကာ ဖွဘုတ်ကို ဖွင့်လိုက်သည်။ ဒီကိစ္စကို ဖွဘုတ်လွှတ်တော်မှာ ဝင်ရှင်းရမည်။ ဖွဘုတ် ဆိုတာက မြန်မာနိုင်ငံမှာ အော်ချက်ထုတ်လို့ အကောင်းဆုံးနေရာ မဟုတ်လား။
"သောက်.... ကွိစိကွစ အမ်ပီတီ"။
အရေးထဲ အင်တာနက်လိုင်းက တဖုတ်ဖုတ် ပြုတ်ကျနေသဖြင့် MPT ကို အသံထွက်အောင် ဆဲမိသေးသည်။ အမ်ပီတီဆိုတဲ့ ဆက်သွယ်ရေးဌာန ကလည်း မြန်မာနိုင်ငံမှာ ဘောလုံးသမားများ ပြီးလျှင် ဒုတိယ အဆဲအခံရဆုံး ဖြစ်သည်။
လိုင်းပြန်ကောင်းလို့ ဖွဘုတ်ပွင့်လာတော့ လော်ဘီအုတ်ခဲ အော်ချက်ထုတ်ရန် ပင်မလို။ ဖွဘုတ်မှာ ကိုယ့်ထမင်း ကိုယ်စားပြီး တွေ့ကရာလူ ပတ်ဆဲနေသည့် စေတနာ့ဝန်ထမ်း များက ဂျာနယ်မျက်နှာဖုံးကို ဓာတ်ပုံရိုက်ကာ တင်ထားပြီးပြီ။ ဒီတော့ အုတ်ခဲ နောက်မှအသာလိုက်ပြီး မီးရှို့ဖို့သာ လိုတော့သည်။
တင်ထားတာတွေ တစ်ခုချင်း လိုက်ဖတ်ကြည့်တော့ ပစ်စာထက် ဆိုးတဲ့ ဆဲစာတွေ ဖြစ်နေသည်။ ဘယ်အချိန် ကတည်းက တေးထားကြသည်မသိ။ ကာချုပ်ကို ပယ်ပယ်နယ်နယ် ကလော်နေ ကြသည်။ နောက်တစ်မိနစ် နေလျှင်ပဲ မြန်မာနိုင်ငံကြီး ပျက်စီးတော့မယောင်ယောင် ရေးသားနေကြသည်။ ညသန်းခေါင် မကျော်ခင်မှာပဲ ကာချုပ်က အာဏာပြန် သိမ်းတော့မလို အော်ချက် ထုတ်နေကြသည်။
ဆဲစာရေးသူများ အောက်မှာ ဆဲစာ အားပေးသူများနှင့် အဆဲသန်သူများ ခမျာ အမြီးပင် မမြှောက်အား၊ ချိုပင်မသွေး အားဘဲ သူ့ထက်ငါဦးအောင် ကလော်တုတ်နေ ကြ၏။ ပဲလှော်ကြား ဆားညပ်မည့် ကိန်းမြင်သဖြင့် အုတ်ခဲ အသာလေး ငြိမ်နေလိုက်ရသည်။
ရေးတဲ့ဂျာနယ် ကလည်း ခေါင်းစဉ်ကို ဟိုလိုလိုဒီလိုလို လုပ်၏။
ဖွတဲ့ လူကလည်း အဲဒီ ဟိုလိုလိုဒီလိုလို ကိုပင် ဟိုဒင်းလိုလို ဒီဒင်းလိုလို လုပ်ပြန်၏။
ပျော်စရာ ကောင်းပေတည့်တကား။
တချို့က စာဖတ်နေသည့် ဘဘကြီး ချမှတ်ပေးသည်ဟု ဆိုသည့်အတွက် ကြိုးကိုင်သူကို မိပြီဟု ကြွေးကြော်ကြသည်။ ထိုလမ်းစဉ်အတိုင်း လိုက်နာမည်ဟု ဆိုသည့်အတွက် တိုင်းပြည်ချောက်ထဲ ကျတော့မည်ဟု မှတ်ယူကာ ငိုကြွေးကြသည်။ ချောက်ထဲမကျရန် ကယ်တင်သူများ ထပ်လာဦးမည် စိုးသဖြင့် အထုပ်ပြင်သူ ပြင်ကြသည်၊ ကတုတ်ကျင်း တူးသူ တူးကြသည်။
ဘာကြောင့် ဒီလောက် ရုတ်ရုတ် သဲသဲဖြစ်နေကြပါလိမ့်ဟု အုတ်ခဲ စဉ်းစားသည်။ ပုစွန်ဆိတ် ဦးနှောက်ကလေးကို ညှစ်ထုတ်သည်။ တစ်ခါမှ မစဉ်းစားမဆင်ခြင် မိခဲ့သမျှ ခုတော့ စဉ်းစားရသည်။ စဉ်းစားသည်ပဲ အဖတ်တင်ပြီး ထုံးစံအတိုင်း ဘာ အသိဉာဏ်မှ မထွက်။ ကိုယ့်မျက်နှာကိုယ် တံတွေးနှင့် သုတ်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး ဖွဘုတ်ကို ပိတ်လိုက်သည်။ ရှေ့မှဂျာနယ်ကို မြင်တော့ ကိုယ့်နဖူးကိုယ် ရိုက်မိသည်။
ဟုတ်သားပဲ။ ခေါင်းစဉ်ပဲ ဖတ်မိတာ။ အထဲမှာ စာတွေ ပါသေးပေသကိုး။ ဒါကို အရင်ဖတ်ကြည့်ရန် အုတ်ခဲ မေ့နေသည်။ ဖွဘုတ်ပေါ်က လူတွေကလည်း စာကို မဖတ်ဘဲ ခေါင်းစဉ်နှင့်ပင် ဒူးတုန်နေကြသည်။
အုတ်ခဲ ဂျာနယ်ကို ကောက်လှန်သည်။
အပြည့်အစုံဖတ်ကြည့်သည်။
ဒီတော့မှ ဇာတ်ရည်လည်ရသည်။
စာဖတ်နေတဲ့ ဘဘကြီး လမ်းစဉ်ဆိုတာက တပ်ကိစ္စဖြစ်သည်။ ပြည်သူနှင့် လားလားမဆိုင်။
ကာချုပ်က ဒီလိုပြောသည်။ "တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄) ရပ်နှင့် တပ်ကို ကောင်းအောင် လုပ်ပေးရမယ်။
(၁) လေ့ကျင့်ရေးနှင့် တပ် တည်ဆောက်၊
(၂) အုပ်ချုပ်ရေးနှင့် တပ် တည်ဆောက်၊
(၃) သက်သာချောင်ချိရေးနှင့် တပ် တည်ဆောက်၊
(၄) စိတ်ဓာတ်နှင့် တပ် တည်ဆောက်ရမယ်။
ဒီ တပ်တည်ဆောက်ရေး တာဝန်ကြီး (၄) ရပ်ဆိုတာ အရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချမှတ်ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော်အတွက် အမြဲတမ်း လိုက်နာရမယ့် မူဝါဒ ဖြစ်ပါတယ်" လို့ဖြစ်သည်။
လော်ဘီအုတ်ခဲ ခုမှ သက်ပြင်းကျသည်။
ဝမ်းသာအားရဖြင့် ဆရာသခင်ဖြစ်သူ ပြည်သူ့သံချောင်းထံ ဖုန်းဆက်သည်။
"အသို့ကြောင့် အလောတကြီး အမောတကော ဖြစ်နေရပါသနည်း ချစ်တပည့်" ဟု သံချောင်းက မေးသော် လော်ဘီအုတ်ခဲ တစ်ယောက် အကြောင်းစုံကို ဇာတ်သံနှော၍ ရှင်းပြရတော့သည်။
ဒီဂျာနယ်က ဒီလိုရေးလို့ ဒီမှာ ဒါတွေ ဖြစ်ကုန်ဘီဟု ရှင်းလိုက်သည်။
ဆရာသခင် သံချောင်းက ဉာဏ်တိမ်သည့် အုတ်ခဲကို “ဟက် ဟက်” ဟု သနားရယ် ရယ်သည်။ ထို့နောက် အုတ်ခဲတို့ တပည့်ကျော်များ တစ်သက်လုံး လိုက်နာသွားရမည့် မူဝါဒ များကို ဆရာသခင်က ချမှတ်လေတော့သည်။
ပြည်သူ့သံချောင်း ချမှတ်ပေးလိုက်သည့် လမ်းစဉ်များမှာ -
၁။ အရက်သမား၊ ဘိန်းစားများနှင့် တပ်တည်ဆောက်။
၂။ မာဆတ်၊ ကေတီဗီ၊ နိုက်ကလပ် များနှင့် တပ်တည်ဆောက်။
၃။ ဘီအီးဆိုင်များကို အခြေခံ၍ ဘီယာဆိုင်များကို ဝိုင်းကြ။
၎။ ကားပါမစ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြ။
ဟူ၍ဖြစ်သည်။
အင်မတန် ကောင်းမွန်သည့် လမ်းညွှန်ချက်များ ဖြစ်တာမို့ ဘိုးစဉ်ဘောင်ဆက် လိုက်နာ ကျင့်သုံးသွားရန် လော်ဘီအုတ်ခဲ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချလိုက် တော့သတည်း။
လွန်တာရှိ ဝန္တာမိပါ အရပ်ကတို့။](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc1/t1/s403x403/1604522_695333767153552_736636736_n.jpg)













