menu

Thursday 23 January 2014

Asia World, IGE နှင့် ရွှေတောင်တို့ သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိသည့် ရေကာတာစီမံကိန်းများ၏ ဆိုးကျိုးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိ

Photo: Asia World, IGE နှင့် ရွှေတောင်တို့ သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိသည့် ရေကာတာစီမံကိန်းများ၏ ဆိုးကျိုးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိ

သံလွင်မြစ်ဖြတ်သန်းသွားရာ ဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် Asia World, IGE နှင့် ရွှေတောင်တို့က တည်ဆောက်ရန် စီစဉ်လျက်ရှိသည့် ရေကာတာစီမံကိန်းများ၏ ဆိုးကျိုးများနှင့်ပတ်သက်၍ ဒေသခံများအပါအ၀င် ပြည်သူများသိရှိမှု အားနည်းလျက်ရှိကြောင်း မြန်မာ့မြစ်ကြောင်းကွန်ရက် စောင့်ကြည့်ရေးအဖွဲ့က ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် စောင့်ကြည့်ရေးအဖွဲ့မှ ကိုဟိန်းကျော်က ပြောကြားသည်။
    
ဇန်န၀ါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဘက်မှ မီဒီယာများအပြင် ထိုင်းနိုင်ငံဘက်မှ မီဒီယာများလည်း တက်ရောက်ခဲ့ကြပြီး သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများအပေါ် ထိုင်းနိုင်ငံပြည်သူများဘက်က သဘောထားများနှင့် ၎င်းတို့ ကွင်းဆင်းလေ့လာခဲ့သည့် ပကတိအနေအထားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
    
"အခုသံလွင်မြစ်ပေါ်မှာ ရေကာတာစီမံကိန်းတွေလုပ်ဖို့ စီစဉ်နေပါတယ်။ ပထမတုန်းကတော့ တချို့တစ်ဝက်ကို ထိုင်းနိုင်ငံဘက်ခြမ်းမှာလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ထိုင်းဘက်မှာက ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံလူထုတွေက အကောင်းအဆိုး၊ အကြောင်းအပြစ်တွေ အကုန်လုံးကို အသေအချာသိရတယ်။ အဲဒီအတွက် ထိုင်းဘက်က ဒေသခံတွေက ကန့်ကွက်တဲ့အတွက် စီမံကိန်းတွေက မြန်မာဘက်မှာပဲ လုပ်ဖို့ဖြစ်လာတယ်။ ထိုင်းမှာက အခြေခံဥပဒေထဲမှာကိုပဲ ဒေသခံတွေရဲ့အခွင့်အရေးကို ကာကွယ်ရေးဆွဲပေးထားပါတယ်။ ကျွန်တော်တို့ ဒီဘက်ရောက်လာတော့ အစစအရာရာ ကွာခြားသွားတယ်။ ကျွန်တော်တို့ ကွင်းဆင်းလေ့လာခဲ့တာက သာမန်ဒေသခံတွေ နေနေသာသာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တောင်မှ ရေကာတာစီမံကိန်းတွေအကြောင်း မသိဘူးဖြစ်နေတယ်" ဟု ကိုဟိန်းကျော်က ပြောကြားသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာစီမံကိန်း ခြောက်ခုပြုလုပ်ရန် စီစဉ်လျက်ရှိပြီး ရှမ်းပြည်နယ် နယ်နိမိတ်အတွင်း လေးခု၊ ကရင်ပြည်နယ်နှင့် ကယားပြည်တို့တွင် တစ်ခုစီတည်ဆောက်မည်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် တည်ဆောက်မည့် ရေကာတာများမှာ ကွမ်းလုံ၊ နောင်ဇ၊ မန်တောင်၊ မိုင်းတုံ ရေကာတာများ ဖြစ်ကြပြီး ကရင်ပြည်နယ်တွင် ဟက်ကြီးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ တို့ဖြစ်သည်။ အဆိုပါရေကာတာ စီမံကိန်းများကို တည်ဆောက်ရာတွင် ပြည်ပနိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကုမ္ပဏီများ ပါဝင်တည်ဆောက်မည်ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများအနေဖြင့် Asia World Company? International Group of Entrepreneurs (IGE) နှင့် ရွှေတောင်ကုမ္ပဏီတို့ ပါဝင်တည်ဆောက်မည်ဖြစ်သည်။ စီမံကိန်းများမှ ထွက်ရှိလာသော ဓာတ်အားပမာဏအများစုသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည်ဖြစ်ပြီး ရေကာတာတည်ဆောက်မည့်ဒေသများတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်မည့်အပြင် မြေယာပေါင်းများစွာ ရေလွှမ်းမိုးနိုင်ခြင်း၊ နေရပ်စွန့်ခွာရခြင်းနှင့် ရေကာတာတည်ဆောက်မှုကို လက်မခံသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းတို့ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။
    
"တချို့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက သူတို့နယ်မြေတွေမှာ ရေကာတာဆောက်ဖို့ကို လက်မခံဘူး။ တချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကျတော့လည်း သိကိုမသိတာ။ လက်မခံတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုဆိုရင် အစိုးရက တည်ဆောက်မယ့်နေရာတွေကနေ ဖယ်ပေးဖို့ ခြိမ်းခြောက်တယ်။ မဖယ်ပေးရင် တိုက်ပွဲတွေဖြစ်တယ်" ဟု မြန်မာ့မြစ်ကြောင်းကွန်ရက် စောင့်ကြည့်ရေးအဖွဲ့မှ သံလွင်မြစ်အရေး ဆောင်ရွက်နေသူ ကိုဟိန်းကျော်က ပြောကြားသည်။
    
ရေကာတာတည်ဆောက်ခြင်းဖြင့် သံလွင်မြစ်ကြောင်းတစ်လျှောက် ရေစီးကြောင်းပြောင်းလဲခြင်း၊ မြစ်အောက်ပိုင်း ရေနည်းသွားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး ပင်လယ်ဆားငန်ရေ မြင့်တက်လာမည်ဖြစ်ကာ ပုံမှန်မဟုတ်သော ရေတိုက်စားမှုကြောင့် ကျွန်းများပျက်စီးခြင်း၊ လယ်မြေများနှင့် ဥယျာဉ်များ၏ မြေသြဇာပြည့်ဝမှုကို ထိခိုက်စေနိုင်ပြီး သံလွင်မြစ်အပေါ် အမှီပြုသောဒေသများ၏ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မည်ဖြစ်သည်။ ရေအရည်အသွေးပြောင်းလဲခြင်းကြောင့် သောက်သုံးရေနှင့် အခြားသားငါးများ၏ ဂေဟစနစ်ကို ထိခိုက်စေမည်ဖြစ်သည်။ ထို့ပြင် တည်ဆောက်ရန်လျာထားသည့် ဆည်များသည် သဘာဝအန္တရာယ်ကြောင့်ဖြစ်စေ၊ အခြားတည်ဆောက်မှု ချို့ယွင်းချက်ကြောင့်သာဖြစ်စေ တာတမံကျိုးပေါက်မှုဖြစ်ပွားပါက ဒေသတွင်း အကြီးအကျယ်ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင်သည်အထိ ဘေးအန္တရာယ် ကြုံတွေ့နိုင်မည်ဖြစ်သည်ဟု သိရသည်။ လောလောဆယ်တွင် ရေကာတာ တည်ဆောက်ရန်အတွက် ပမာဏစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်သော်လည်း ကောင်းကျိုးဆိုးကျိုးများနှင့် ပတ်သက်၍ ပြည်သူကို အသိပေး ထုတ်ပြန်မှုများ ပြုလုပ်ခြင်းမရှိဘဲ သတင်းအချက်အလက်များကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
    
"အဓိကက ဆိုးကျိုးတွေကို နားလည်ဖို့နေနေသာသာ ဒေသခံပြည်သူက သူတို့ဆီမှာ ရေကာတာတည်ဆောက်မယ်ဆိုတာကိုတောင် သေချာမသိကြသေးဘူး။ သိအောင်လို့လည်း သူတို့ဘက်က အသိပေးကြေညာတာမျိုး၊ သဘောထားဆန္ဒတောင်းခံတာမျိုး မလုပ်ဘူး" ဟု ကိုဟိန်းကျော်က ဆက်လက် ပြောကြားသည်။
    
ယခုအချိန်တွင် မြန်မာ့မြစ်ကြောင်းကွန်ရက် စောင့်ကြည့်ရေးအဖွဲ့အနေဖြင့် သံလွင်မြစ်ကြောင်းတစ်လျှောက် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူလူထုအကြား သိမြင်လာစေရန် လုပ်ဆောင်လျက်ရှိနေပြီး လွှတ်တော်အမတ်များ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအထိ နားလည်စေရန်၊ အချက်အလက်များ ရရှိစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ ရပ်ဆိုင်းရေး ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်မတ်လတွင်လည်း စီမံကိန်းများရပ်ဆိုင်းရေး လက်မှတ်ရေးထိုး တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းသော သံလွင်မြစ်တစ်လျှောက် ပြုလုပ်ရန် အစီအစဉ်ရှိသည့် ရေကာတာစီမံကိန်းပြမြေပုံ

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis