menu

Thursday 23 January 2014

အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ကံတရားပေါ်မှာ အားယူထားတယ်လို့ ဆိုတဲ့ နေတိုး

မကြာသေးခင်ကမှ ဖန်ဆင်းရှင်ဆိုတဲ့ တေးစီးရီးကို အဆိုတော်ရိန်မိုးနဲ့ထွက်ရှိခဲ့ပြီး၂၀၁၄ထဲမှာ အမ်တီဗီ ထွက်နိုင်အောင်ကြိုးစားရိုက်ကူးသွားမယ်ဆိုတဲ့ နေတိုးက နှင်းဆီအဖွဲ့နဲ့ ပြည်ပဖျော်ဖြေရေးတွေလဲ ရှိတာကြောင့် ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်တဲ့အခါ သူက ‘အခုရိုက်နေတဲ့ ကားလေးက ဗီးနပ်စ်ရဲ့ ပန်းသီးတဲ့။ မင်းသမီးက အိချောပို၊ ဒါရိုက်တာက ဦးဒေါနပါ။ ရိုမန့်စ် ဒရာမာလေးပေါ့။ အစ်ကိုက ဒီထဲမှာ ဆရာဝန်တစ်ယောက်ပါ’တဲ့။
ခုနောက်ပိုင်း အသက်အရွယ် အပိုင်းအခြားအရ လူကြီးဆန်တဲ့ ကာရိုက်တာတွေ ရွေးချယ်ရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလဲ ‘ကျောင်းသားကားတွေ ရိုက်ထားတာတော့ရှိပါတယ်။ မထွက်သေးတာပါ။ အခုလို ဇာတ်ပုံစံတွေကျတော့ ကျွန်တော့ပုံစံနဲ့ရော၊ အသက်အရွယ်အရ အဆင်ပြေတယ်။ ဇာတ်လေးလဲကြိုက်တာနဲ့ရွေးရိုက်ဖြစ်တာပါ။ ကျောင်းသားကားတွေကျတော့ ဟိုးအရင်ကတည်းက ပရိသတ်တွေစွဲနေအောင် ကြည့်ပြီးပြီဖြစ်တဲ့အတွက် အရင်နဲ့မတူတဲ့ ဇာတ်ပုံစံတွေပရိသတ်တွေ ခံစားနိုင်အောင် ရည်ရွယ်ထားတာပါ’လို့ သူက ပြောပါတယ်။
မွေးရပ်မြေရခိုင်နဲ့ပတ်သတ်တဲ့အနုပညာတွေဖန်တီးဖို့ရှိတယ်လို့ သိထားရတာကြောင့် အဲ့ဒီအပိုင်းလေးတွေကို မေးကြည့်ဖြစ်တဲ့အခါမှာတော့ သူက ‘အဓိကကတော့ ပင်လယ်နဲ့ပတ်သတ်တဲ့ တင်ပြပုံလေးတွေ နဲနဲရှာနေတယ်။ ဇာတ်လမ်းက လုပ်တုန်းပဲရှိသေးတယ်။ ရိုက်ဖြစ်ရင်တော့ ရုပ်ရှင်ကားကြီး အနေနဲ့ရိုက်ဖြစ်မှာပါ။ အဓိက အခြေခံမှာကတော့ ဘ၀ကိုအခြေခံပြီး ရိုးရာယဉ်ကျေးမှုလေး နဲနဲပါမယ်’တဲ့။

နေတိုးဟာ နှင်းဆီအဖွဲ့နဲ့ ၃လပိုင်းလောက်မှာ ပြည်ပခရီးစဉ်သွားဖို့ရှိတယ်လို့ သိရပြီး သွားရောက်ဖျော်ဖြေရမယ့် နိုင်ငံကတော့ အမေရိကန်နိုင်ငံတွေလို့ ဆိုသွားပါသေးတယ်။ သူဖြတ်သန်းဖြစ်မဲ့၂၀၁၄ ချစ်သူများနေ့ကိုတော့ ‘ဘာအစီအစဉ်မှတော့ မရှိပါဘူး။ ကားရိုက်တွေနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ အချစ်ဆိုတာ မျိုးစုံပါပဲ။ အမြဲတမ်းတော့ ပြောင်းလဲမှုခံစားမှုတွေတော့ရှိနေတာပဲ။ နားလည်ရခက်တဲ့ အကြောင်းအရာတစ်ခုလို့တော့ မြင်ပါတယ်။ အချစ်ရေးကတော့ ပရိသတ်ကို ထွေထွေထူးထူး ဖွင့်ဟစရာမရှိပါဘူး။ ပြောနေကြအတိုင်းပါပဲ။ ရင်ခုန်သံက ပုံမှန်ပါပဲ။ ကျွန်တော်က အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ကံတရားပေါ်မှာပဲ နဲနဲလေး အားယူထားတယ်။ ကိုယ်ကိုယ်တိုင် အစီအစဉ်ဆွဲထားတာမျိုး မရှိဘူး။ လုပ်တဲ့ဟာမျိုးမရှိဘူး။ ကျွန်တော် အိမ်ထောင်ကျမဲ့ကံပါရင်တော့ ကျသွားမှာပါပဲ။’ လို့ သူက ပြောပြခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis