menu

Saturday 18 May 2013

ကမ္ဘာ့ ပထမဆုံး Hybrid ကား

Photo: ကမ္ဘာ့ ပထမဆုံး Hybrid ကား

Hybrid ဆိုတာ စက်သုံးဆီနဲ့ လျှပ်စစ်စွမ်းအင် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ စက်သုံးဆီဆိုရာမှာ ဓာတ်ဆီ နဲ့ ဒီဇယ် နှစ်မျိုးစလုံး အသုံးပြုနိုင်ပြီး လျှပ်စစ်နဲ့ ဓာတ်အားသွင်းထားတဲ့ ဘက်ထရီနဲ့လည်း မောင်းနှင်လို့ရပါတယ်။ စွမ်းအင်အတွက် ရေနံ တစ်ခုတည်းအပေါ်မှာသာ မှီခိုနေရတာကို သိတဲ့ ကားကုမ္ပဏီတွေဟာ အနာဂတ်အတွက် ရည်ရွယ်မျှော်ကိုးပြီး Hybrid ကားတွေ တီထွင်ခဲ့တာ မြန်မာနိုင်ငံက လမ်းမတွေပေါ်မှာတောင် Toyata၊ Honda Insight တို့လို Hybrid ကားတွေကို မြင်တွေ့နေရပါပြီ။ အမြော်အမြင် ကြီးမားတဲ့ ကုမ္ပဏီကြီးတွေဆိုရင် လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းနဲ့ မောင်းနှင်လို့ရတဲ့ကားတွေ တီထွင်ထားပေမဲ့ ကမ္ဘာပေါ်က လူတွေကြားမှာ သိပ်ပြီး ထင်ထင်ရှားရှားမရှိသေးသလို မကြာခဏ အားသွင်းနေရတဲ့ အချက်ကလည်း ကားဝါသနာရှင်တွေ အကြိုက်မဖြစ်သေးပါဘူး။ ဆိုလိုချင်တာက ကားဝါသနာရှင်တွေကြားထဲမှာ လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကားတွေထက်စာရင် စက်သုံးဆီနဲ့ လျှပ်စစ်စွမ်းအင် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ Hybrid ကားတွေက ပိုပြီး ရေပန်းစား၊ လူကြိုက်များနေတဲ့ အချက်ကို မီးမောင်းထိုးပြ လိုက်တာပါပဲ။

Hybrid ကားဈေးကွက်မှာ အမေရိကန်နဲ့ ဥရောပကုမ္ပဏီထုတ် ကားတွေထက်စာရင် တိုယိုတာ၊ နစ်ဆန်းနဲ့ ဟွန်ဒါတို့က ထုတ်လုပ်တဲ့ ကားတွေကို ပိုပြီးလူကြိုက်များတာတွေ့ရမှာပါ။ ဒါပေမဲ့ Hybrid ကား ထုတ်လုပ်ဖို့ စတင်ကြံစည်ခဲ့သူတွေက အာရှတိုက်သားတွေမဟုတ်ဘဲ ဥရောပတိုက်က သိပ္ပံပညာရှင်တွေပါ။ အခုဆောင်းပါးတိုလေးမှာ Hybrid ကားကို စတင်တည်ဆောက်ဖို့ အကြံရခဲ့သူနဲ့ ကမ္ဘာ့ပထမဆုံး Hybrid ကားအကြောင်း အကျဉ်းချုံး ဖော်ပြပေးသွားမှာ ဖြစ်ပါ တယ်။

နိုင်ငံတကာ ကားဝက်ဘ်ဆိုက်တွေရဲ့ သတင်းတွေအရ Hybrid ကား ထုတ်လုပ်ဖို့ စတင် စိတ်ကူးရခဲ့သူတွေ အရေအတွက်က လေး ငါးဦးလောက်အထိ ရှိခဲ့ပေမဲ့ ကမ္ဘာ့ပထမဆုံး Hybrid ကားကို ထုတ်လုပ်ခဲ့သူကတော့ ဂျာမန်ထိပ်တန်းကားကုမ္ပဏီ Porsche ကို တည်ထောင်သူ ဖာဒီနန်ပေါ့ရှ် ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြီးယန်း-ဂျာမန်ကပြား ကားအင်ဂျင်နီယာ ဖာဒီနန်ပေါ့ရှ်ဟာ သူ့ရဲ့ လက်ဦးဆရာ Lohner မိသားစု ကားလုပ်ငန်းနဲ့ တွဲဖက်ပြီး ၁၉၀၀ ပြည့်နှစ်လောက်မှာ Hybrid ကားထုတ်လုပ်ဖို့ အကြံရခဲ့တာပါ။ တကယ်တော့ ပထမဆုံး Hybrid ကားထုတ်လုပ်ဖို့ စီစဉ်ခဲ့သူက ဂျာမန်အင်ဂျင်နီယာ ဟင်နရီပိုင်ပါ ဖြစ်ပေမဲ့ ဖာဒီနန်ပေါ့ရှ်က သူ့ထက်အရင်ဦးအောင် တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ရှ်ဟာ ၁၉၀၀ ပြည့်နှစ် ပါရီကုန်စည်ပြပွဲမှာ သူတီထွင် ထားတဲ့ Hybrid ကားကို ပထမဆုံး အကြိမ်ပြသခဲ့ပြီး လူအများ သတိထားစရာ ဖြစ်ခဲ့ပါတယ်။ Lohner-Porsche Mixite လို့ အမည်ရတဲ့ အဲဒီ Hybrid ကားကို နောက်တစ်နှစ်အကြာ ၁၉၀၁ ခုနှစ် ပါရီကားပြပွဲမှာ ထပ်မံပြသချိန်မှာတော့ လူသိများထင်ရှား လာခဲ့ပါတယ်။

ဒီကားမှာဓာတ်ဆီစွမ်းအင်သုံးဂျင်နရေတာတစ်လုံးနဲ့ ရှေ့ဘီးနှစ်ဘီးလည်ပတ်ရာကနေရရှိတဲ့ စွမ်းအင်နဲ့ လည်ပတ်တဲ့ ဘက်ထရီတစ်လုံး ပါဝင်ပါတယ်။ အဲဒီ ပထမဆုံး Hybrid ကားဟာ အမြန်ဆုံး တစ်နာရီ ကီလိုမီတာ ငါးဆယ်နှုန်းမောင်းနှင်နိုင်ပါတယ်။

လျှပ်စစ်စွမ်းအင်အပြည့်ရပြီး မောင်းမယ်ဆိုရင်တော့ ဆီမလိုဘဲ မိုင် လေးဆယ်နီးပါးအထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ နောက်နှစ် အနည်းငယ်အကြာမှာတော့ ပေါ့ရှ်ဟာ ရှေ့ဘီးနှစ်ဘီးရဲ့ လည်ပတ်အားကနေ ရရှိတဲ့ လျှပ်စစ်စွမ်းအင်ကို နောက်ဘီး နှစ်ဘီး အပါအ၀င် ဘီး လေးဘီးစလုံးကနေ ရရှိအောင် တီထွင်နိုင်ခဲ့ပါတယ်။

Automobile Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis