menu

Thursday 9 January 2014

လှပမှုနှင့် မူးယစ်မှု ပေါင်းစုနေသောမြို့

Photo: လှပမှုနှင့် မူးယစ်မှု ပေါင်းစုနေသောမြို့
------------------
ရေးသားသူ- မောင်တာ၊ အောင်သစ်လွင်

မြို့လယ်လမ်းဆုံနေရာတွင် City Of  The Golden Triangle (ရွှေတြိဂံ၏မြို့တော်)ဟု စာတန်းရေးထိုးထားသည့် အနီရောင်ဆိုင်းဘုတ်ကြီးကို ထည်ဝါစွာစိုက်ထူထားသည်။ ၎င်းဆိုင်းဘုတ်ကြီးကပင် မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဖျားတွင် တည်ရှိသည့် တာချီလိတ်မြို့၏သင်္ကေတပင်။ 

တာချီလိတ်မြို့သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ထွက်ပေါက်လည်းဖြစ်ပြီး ရှမ်းပြည်နယ်တွင်ပါဝင်သည်။

တာချီလိတ်မြို့သည် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ ထိစပ်နေသည့် မဲခေါင်မြစ်ကမ်း ရွှေတြိဂံဒေသနှင့် ထိစပ်တည်ရှိနေသည်။ ထိုသို့တည်ရှိနေမှုကြောင့် သုံးနိုင်ငံချစ်ကြည်ရင်းနှီးမှုကိုပြသသည့်အနေဖြင့် မြန်မာအစိုးရက တာချီလိတ်မြို့ကို ရွှေတြိဂံ၏မြို့တော်ဟု သတ်မှတ်ထားခြင်းဖြစ်ဖွယ်ရှိသည်။ သို့သော် ရွှေတြိဂံဟုဆိုသည်နှင့်ပင် ကမ္ဘာ့အကြီးဆုံး ဘိန်းနှင့်မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်ရာနေရာ၊ ကမ္ဘာပေါ်တွင် ဘိန်းနှင့်မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဒေသနှင့် သာမန်အရပ်သားများသွားလာရန် အန္တရာယ်များသည့် အနက်ရောင်နယ်မြေအဖြစ် ကမ္ဘာ့မီဒီယာများကဖော်ပြပြီး နိုင်ငံတကာကလည်း ထိုအတိုင်းပင် လက်ခံထားသည်။

မည်သို့ပင်ဆိုစေကာမူ ရွှေတြိဂံ၏မြို့တော်ဖြစ်သည့် တာချီလိတ်မြို့သည် ယနေ့အချိန်ထိ မူးယစ်မှုနှင့် ရာဇ၀တ်မှုများ ခပ်စိတ်စိတ်ဖြစ်နေဆဲဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်ထောင့်နှစ်ရာကျော်အမြင့်တွင်ရှိပြီး တောင်တန်းများပတ်လည်ဝန်းရံထားသော တာချီလိတ်မြို့၏ အနီးဝန်းကျင်တွင် ဘိန်းစိုက်ခင်းများ၊ မူးယစ်ဆေးဝါးကုန်ကူးသူများ၊ လောင်းကစားဒိုင်များ၊ လက်နက်ကိုင်ဒုစရိုက်သမားများ နေရာအနှံ့ပြည့်နှက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသည့် မူခင်းဖြစ်စဉ်များမှာလည်း ယနေ့အချိန်ထိ ဖြစ်ပွားနေဆဲဖြစ်သည်ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် ချောင်းငယ်တစ်ခုသာခြားသလို ရွှေတြိဂံဒေသ လာအိုနိုင်ငံနှင့်လည်း ထိစပ်နေရာ တာချီလိတ်မြို့ပေါ်တွင် တရားမ၀င် လက်နက်ကိုင်ဆောင်ထားသူများနှင့် ကြေးစားသေနတ်သမားများ အခြေအနေမျိုးစုံနှင့် လှုပ်ရှားနေထိုင်နေကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

“ဒီမှာက နည်းနည်းပါးပါး အမှားအယွင်းလုပ်ထားမိရင်ကို နေရတာကျောမလုံတော့တဲ့အခြေအနေဖြစ်နေတယ်။ နေ့ခင်းကြောင်တောင်လုပ်ကြံမှုတွေ၊ လူရှေ့သူရှေ့မှာကိုပဲ ခပ်ကြမ်းကြမ်း၊ ခပ်ရဲရဲ သတ်ဖြတ်မှုတွေဖြစ်နေတယ်”ဟု တာချီလိတ်မြို့နေ ရှေ့နေတစ်ဦးက မြို့၏ဥပဒေစိုးမိုးမှုလျော့ပါးသည့်အခြေအနေကို ပြောပြသည်။

၎င်းပြောသလိုပင် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း တာချီလိတ်မြို့တစ်ခုလုံး ဟိုးလေးတကျော်ဖြစ်ခဲ့သည့် လူသတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ တာချီလိတ်မြို့လယ်ရှိ ဆံပင်ညှပ်ဆိုင်တွင် နေ့ခင်းကြောင်တောင် ကြေးစားသေနတ်သမားတစ်ဦးက ၀င်ရောက်လုပ်ကြံခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ထိုလမှာပင် တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ တိုက်အိမ်တစ်လုံးအတွင်း သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထိုသို့ဖြစ်ပွားခဲ့သည့် အမှုများကို တာချီလိတ်မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး တရားခံဖမ်းဆီးရမိခြင်းမရှိသေးဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါသည်။

တာချီလိတ်မြို့ပေါ်တွင် ဖြစ်ပွားသော လူသတ်မှု၊ အဓမ္မမှုများမှာ ဖမ်းဆီးရမိမှုနည်းပါးပြီး နေ့ခင်းကြောင်တောင် ကားဖြင့် မြို့တွင်းသွားလာနေသူကို လုပ်ကြံမှုကဲ့သို့ အက်ရှင်ဇာတ်ကားဆန်ဆန် မှုခင်းများလည်း မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံများကပြောသည်။

တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သော မှုခင်းများတွင် မူးယစ်ဆေးဝါးနှင့် နက်ရှိုင်းစွာပတ်သက်မှုရှိနေပြီး တစ်ခါတစ်ရံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ ဆက်နွှယ်မှုရှိနေသည်ဟု ခရိုင်ရဲတပ်ဖွဲ့ရဲအရာရှိတစ်ဦးကပြောသည်။ ပြစ်မှုကျူးလွန်သူတို့မှာလည်း ပြစ်မှုကျူးလွန်ပြီးလျှင် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးသွားလေ့ရှိသောကြောင့် မှုခင်းများဖော်ထုတ်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် အခက်အခဲများရင်ဆိုင်နေရသည်ဟု အထက်ပါရဲအရာရှိကဆိုသည်။

ထို့အပြင် ဒုစရိုက်သမားအချို့ကိုင်ဆောင်ထားသော လက်နက်များမှာ ရဲတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် လက်နက်များထက် ပိုမိုကောင်းမွန်နေပြီး အခြေအနေအမျိုးမျိုးကြောင့် တရားခံဖမ်းမိသော်လည်း ရဲတပ်ဖွဲ့ဝင်အနေဖြင့် ၎င်း၏နာမည်ကို သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခြင်းမပြုဝံ့သည့် အခြေအနေမျိုးရှိကာ ထုတ်ဖော်ပြောကြားမိလျှင် ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဒုစရိုက်သမားများ၏ရန်ကို စိုးရိမ်ရသည်ဟု ၎င်းရဲအရာရှိကပြောသည်။

တာချီလိတ်ခရိုင်တွင် မူးယစ်ဆေးဝါး၊ လောင်းကစားမှုများနှင့်ပတ်သက်၍ အချင်းချင်းမပြေလည်ရာမှ အငြိုးထားကာ လူသတ်လုပ်ကြံမှုများဖြစ်ပွားကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း တာချီလိတ်ခရိုင်တွင် လူသတ်မှု ၁၀မှု၊ လုယက်မှုတစ်မှုဖြစ်ပွားခဲ့သည်။

“လူသတ်လုပ်ကြံတဲ့အမှုတွေမပေါ်တော့ ဒုစရိုက်သမားတွေက ဒီမှာလူသတ်ရတာလွယ်ပါတယ်ဆိုပြီး သဘောထားနေသလားမသိဘူး။ ဒီနှစ်ထဲမှာ လူသတ်မှုဖြစ်တယ်လို့ကြားပြီး ဂဃနဏမသိရဘဲ ငြိမ်သွားတဲ့လူသတ်မှု ၆ မှု၊ ၇ မှုလောက်ရှိတယ်။ လုပ်ကြံမှုတွေဖြစ်ပြီဆိုရင် တရားခံကိုဖော်ထုတ်ပြီး ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ပေးစေလိုပါတယ်”ဟု တာချီလိတ်မြို့မှ အသက်(၆၀)အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားကြီးတစ်ဦးကပြောသည်။

တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် မှုခင်းကြီးများ မကြာခဏဖြစ်ပွားနေရာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုများကို စီမံချက်ချဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည်ဟု တာဝန်ရှိသူများကဆိုသည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်အတွင်း တာချီလိတ်ခရိုင်တွင်း မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် အမှု ၁၉၆ မှု၊ တရားခံ ကျား ၂၃၄ ဦး၊ မ ၃၂ ဦး စုစုပေါင်း ၂၆၆ ဦး ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြားနှစ်သန်းကျော်နှင့် ဆေးတောင့်မျိုးစုံ ငါးသောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးမှ ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း မြို့ခံများမှာ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်နေရဆဲဖြစ်သည်ဟုပြောသည်။

တာချီလိတ်မြို့တွင် ပုန်းထွန်၊ တာလော့၊ ၀မ်လောင်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)နှင့် မယ်ခေါင် စသည့်ရပ်ကွက်ကြီးခုနစ်ရပ်ကွက်ရှိပြီး လူဦးရေ ၃၈၉၃၉ ဦး နေထိုင်ကြောင်း တာချီလိတ်မြို့စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။ ဗမာ၊ ရှမ်း၊ လားဟူနှင့် အခါလူမျိုးများ အများဆုံးနေထိုင်ကြသည်။

တာချီလိတ်ခရိုင်အနေဖြင့် တာလေမြို့နယ်၊ ကျိုးလန်းမြို့နယ်ခွဲနှင့် တာချီလိတ်မြို့နယ်ဟူ၍ သုံးမြို့နယ်ရှိပြီး ခရိုင်တစ်ခုလုံးတွင် ရပ်ကွက် ၁၃ ခုရှိပြီး လူဦးရေ ၁၄၀၀၀၀ ကျော် နေထိုင်ကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရဲတပ်ဖွဲ့ဝင်အင်အားမှာ တာချီလိတ်ခရိုင်တစ်ခုလုံးတွင် သတင်းတပ်ဖွဲ့၊ မူးယစ်၊ စီအိုင်ဒီ အပါအ၀င် စုစုပေါင်း ၂၇၀ ဦးသာရှိသည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းဇယားများအရ သိရသည်။

မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများရှိနေသော်လည်း တာချီလိတ်မြို့သည် စီးပွားရှာရလွယ်ကူပြီး နေချင်စဖွယ်ကောင်းသည့်မြို့ဖြစ်သည်ဟုလည်း မြို့ခံအချို့နှင့် တာချီလိတ်မြို့သို့ ပြောင်းရွှေ့လာရောက်နေထိုင်သူတို့ကပြောသည်။

တာချီလိတ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်းများ လုပ်ကိုင်ရတွင်ကျယ်ပြီး ပြောင်းရွှေ့လာရောက်နေထိုင်သူများပါ စီးပွားရေးအဆင်ပြေသည်ဟု မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၊ ရမည်းသင်းဒေသများမှ လာရောက်နေထိုင်သူများကပြောသည်။ စီးပွားရေးလုပ်ကိုင်မှုအဆင်ပြေသည့်အတွက် တာချီလိတ်မြို့သို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ပြောင်းရွှေ့လာရောက်နေထိုင်သူ ထောင်ချီရှိသည်ဟု ခရိုင်လ၀ကမှ သတင်းရရှိသည်။

“ဒီမှာက အလုပ်လုပ်လို့ အဆင်ပြေတယ်။ ပညာမတတ်တဲ့လူတောင် တစ်လကို တစ်သိန်းလောက်တော့ ၀င်ငွေရတယ်”ဟု ရမည်းသင်းဒေသမှ ကားမောင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် ကိုသူရကပြောသည်။

တာချီလိတ်မြို့ခံများမှာမူ အရောင်းအ၀ယ်လုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းနေထိုင်ကြသည်။ မြို့ခံအများစုမှာ ချမ်းသာသူများဖြစ်ကြပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်မှုရှိနေကာ မူးယစ်ဆေးဝါးကြောင့်၊ မူးယစ်ဆေးဝါးကို အမှီပြုထားသည့် လုပ်ငန်းများကြောင့် ချမ်းသာကြွယ်ဝကြသည်ဟုဆိုသည်။ တာချီလိတ်မြို့၏ တာလော့ဈေးမှာလည်း ဒေသတွင်းနာမည်ကျော်ဈေးကြီးတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံထုတ်ပစ္စည်း၊ မြန်မာနိုင်ငံထုတ်ပစ္စည်းများ ပေါများစွာရောင်းချသည်။

နယ်စပ်မြို့ဖြစ်သည့်အတွက် နယ်စပ်တံတားကိုဖြတ်၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်သူရှိသလို လာအိုနိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူများလည်းရှိသည်။ တာချီလိတ်မြို့ခံအများစုမှာမူ ထိုင်းနိုင်ငံနှင့် စင်ကာပူသို့ အဓိကသွားရောက် အလုပ်လုပ်ကိုင်ကြကြောင်း မြို့ခံများကပြောသည်။

တာချီလိတ်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေပြီး မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်ငန်းများမှ ရရှိသည့်ငွေကြေးဖြင့် မြို့၏ စီးပွားရေးလည်ပတ်ခြင်းဖြစ်သောကြောင့် မူးယစ်ဆေးဝါးမှုများ ဆက်တိုက်ဖမ်းဆီးလျှင် မြို့ပေါ်ရှိ အရောင်းအ၀ယ်လုပ်ငန်းများ အဆင်မပြေမှုကြုံတွေ့ရသည်ဟု မြို့ခံအချို့ကဆိုသည်။

“ဒီနှစ်တွေထဲ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဖမ်းတော့ အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းတွေ အဆင်မပြေကြဘူး။ ဈေးကွက်အေးတယ်”ဟု တာချီလိတ်မြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ကို နိုင်ငံတကာဝင်ပေါက်ထွက်ပေါက်ဂိတ်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ပြီးနောက်ပိုင်း တာချီလိတ်မြို့သို့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည် တစ်ထောင်ကျော် လာရောက်လည်ပတ်ခဲ့သည်ဟု တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆက်လက်၍လည်း တာချီလိတ်မြို့မှာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အလားအလာများရှိနေသည်။ သို့သော် တည်ငြိမ်အေးချမ်းမှုရှိရန်တော့လိုသည်ဟု မြို့ခံများကပြောသည်။

“အမှားမလုပ်ထားတဲ့ မြို့ခံတွေအတွက်တော့ အေးချမ်းပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးချမ်းချမ်းနေတာပဲ။ အခုဖြစ်တာကလည်း မူးယစ်ဆေးဝါးတွေ၊ လောင်းကစားတွေနဲ့ပတ်သက်ပြီး သူတို့အချင်းချင်းအဆင်မပြေကြလို့၊ အဝေမတည့်ကြလို့ ဖြစ်တာပါ”ဟု တာချီလိတ်မြို့၊ တာလော့ဈေးအနီးတွင်နေထိုင်သည့် တည်းခိုခန်းပိုင်ရှင်တစ်ဦးက သူ၏အမြင်ကိုပြောသည်။

ဓာတ်ပုံ- မောင်တာ

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis