Thursday 9 January 2014
၂၄ နာရီ မီနီမတ်များတွင် အခါကြီးရက်ကြီးများ၌ ည ၁၁ နာရီနောက်ပိုင်း အရက်၊ ဘီယာရောင်းချခြင်း လုံးဝခွင့်ပြုမည်မဟုတ်ဟုဆို
ပြည်သိမ်း၊ မိုးညို၊ ဇော်မျိုးလှိုင်
ရန်ကုန်- ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် ၂၄ နာရီမီနီမတ်များ၌ ည ၁၁ နာရီကျော်ပြီး အရက်၊ ဘီယာ ရောင်းချနိုင်သော်လည်း အခါကြီးရက်ကြီးများတွင် ရောင်းချခွင့် လုံးဝပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒါကို ဒေသန္တရအမိန့်နဲ့ ထုတ်ထားတာပါ။ ညအချိန်မတော် သောက်စားမူးယစ်သူတွေကြောင့်ရယ်၊ လုံခြုံရေးအခြေအနေကြောင့်ရယ်ပါ”ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။
လက်ရှိတွင် အခါကြီးရက်ကြီးမဟုတ်ဘဲ ကျန်သည့်ရက်များတွင် ရောင်းချခြင်းကို အစိုးရက ခွင့်မပြုထားသော်လည်း နားလည်မှုအရ ရောင်းချနေသည့်အပေါ် အတင်းအကျပ်ဖမ်းဆီးခြင်းမျိုး ပြုလုပ်မည်မဟုတ်ဘဲ အမိန့်တစ်ခုအရ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းပိုင်း မြို့နယ်အများစုတွင် ဖွင့်လှစ်ထားသည့် ၂၄ နာရီ မီနီမတ်များတွင် ယခုနှစ်လယ်မှစတင်ပြီး ည ၁၁ နာရီကျော်ပါက အရက်ဘီယာမရောင်းရန် အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပြီး အချို့သော မီနီမတ်အချို့တွင်မူ ည ၁၁ နာရီကျော်သည်အထိ ရောင်းချမှုများရှိနေဆဲဖြစ်သည်။
“ဟိုလိုကန့်သတ် ဒီလိုကန့်သတ်တာမျိုးတွေရှိနေမှတော့ ၂၄ နာရီ မီနီမတ်တွေ ဘယ်လိုဆက်ရပ်တည်နိုင်မှာလဲ”ဟု စမ်းချောင်းမြို့နယ် မီနီမတ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ၀န်ထမ်းတစ်ဦးကပြောသည်။
၂၄ နာရီ မီနီမတ်များတွင် ည ၁၁ နာရီကျော်ပါက အရက်ဘီယာရောင်းချမှုကို အစိုးရအဖွဲ့က ဥပဒေတစ်ခုအရသာ ကန့်သတ်ထားခြင်းဖြစ်ပြီး အခြေအနေနှင့်အချိန်အခါအရသာ သက်ဆိုင်ရာက လာရောက်သတိပေးမှုများ မကြာခဏပြုလုပ်ကြောင်း ABC Convenience စီးပွားရေးလုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“အရက်ဘီယာဆိုတာ ညအချိန်မှာ လူငယ်တွေ သောက်ကြစားကြတာ။ ဒါကို ကန့်သတ်နေမယ့်အစား မူးပြီးသောင်းကျန်းတဲ့သူကို ဖမ်းသင့်တာ။ အားလုံးက အရက်ဘီယာသောက်တိုင်း မူးပြီးရမ်းကားတာမှမဟုတ်တာ”ဟု စမ်းချောင်းမြို့နယ်မှ အသက်(၂၀)အရွယ်ရှိ လူငယ်တစ်ဦးက ည ၁၁ နာရီကျော်ပါက မီနီမတ်များတွင် အရက်ဘီယာဝယ်ယူရန် ခက်ခဲပုံကိုပြောပြသည်။
အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယင်းကဲ့သို့ မီနီမတ်များတွင် ညအချိန် အရက်ဘီယာရောင်းချခြင်းများကို ကန့်သတ်ထားသည့်အပြင် အရက်ဘီယာ ရောင်းချသည့်ဆိုင်များကိုလည်း ည ၁၁ နာရီ နောက်ဆုံးထားပိတ်ရန် ညွှန်ကြားထားသော်လည်း ဆိုင်များစုက ဖွင့်လှစ်ရောင်းချနေဆဲဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment