menu

Thursday 9 January 2014

သီရိမင်္ဂလာဈေးသစ် ပဋိပက္ခ ထပ်ဖြစ်ပွားသော်လည်း လုံခြုံရေး တိုးမြှင့်ခြင်းမရှိ

Photo: သီရိမင်္ဂလာဈေးသစ် ပဋိပက္ခ ထပ်ဖြစ်ပွားသော်လည်း လုံခြုံရေး တိုးမြှင့်ခြင်းမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်း လက်ကားဈေးကြီးဖြစ်သော ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျ ဈေးသည်များနှင့် မြို့တော် စည်ပင်သာယာ ဝန်ထမ်းများအကြား အဓိက ရုဏ်းဆန်ဆန် ပဋိပက္ခများ ဒုတိယမြောက် နေ့အဖြစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ထပ်မံ ဖြစ်ပွားခဲ့ခြင်းကြောင့် လုံခြုံရေး တိုးမြှင့် ချထားသွားမည်ဟု သတင်း မီဒီယာများကို ဖြေကြား ထားသော်လည်း ဇန်နဝါရီ ၈ ရက်နေ့ည ၁၀ နာရီခန့် အချိန်ထိ ရဲတပ်ဖွဲ့ဝင်များကို မတွေ့ရှိရကြောင်း ယင်းဈေးရှိ ဈေးသည်များထံမှ စုံစမ်းသိရသည်။

ယခုဖြစ်ပွားသည့် ပြဿနာသည် ယင်းဈေးတွင် ညဦးပိုင်းမှ နံနက်အစောပိုင်း အချိန်အတွင်း ဈေးရောင်းချသူများနှင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့ကာ စည်ပင်ဝန်ထမ်း၊ ဈေးတာဝန်ခံ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ခုနစ်ဦး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သည့်အပြင် ဌာနပိုင်ယာဉ်၏ ရှေ့လေကာမှန် ကွဲခဲ့ကြောင်း၊ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် လုံခြုံရေး အင်အားကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ အရေအတွက်ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါဈေးရှိ ကားရပ်နားရန် နေရာများတွင် ဈေးရောင်းချ နေမှုများကို စည်ပင်သာယာဝန်ထမ်း ၂၀၀ ဝန်းကျင်ဖြင့် တားမြစ်ရာက နှစ်ဖက်အကြား မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးရောင်းချသူများက စည်ပင်သာယာ ဝန်ထမ်းများကို ခဲများ၊ တုတ်များဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သီရိမင်္ဂလာဈေးသစ်ရှိ ဈေးသူဈေးသားများက ပြောဆိုသည်။
“ဈေးသည်တွေက ညပိုင်းမှာ ၁ နာရီလောက်ဖြစ်ဖြစ် ရောင်းခွင့်ပေးဖို့ ပြောတယ်။ စည်ပင်က လက်မခံဘူး။ ဒါကို ပြန်ပြီး ရန်ရှာတော့ စည်ပင်ဝန်ထမ်းတွေ ထွက်ပြေးသွားတယ်။ ပြီးတော့ ဆက်ရောင်းကြတာပေါ့” ဟု ၎င်းတို့က ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထွက်ရှိသည့် ကုန်စိမ်းသီးနှံများကို ရန်ကုန်မြို့တော်ရှိ ဈေးအသီးသီးသို့ ပြန်လည် ဖြန့်ချိသည့် ဈေးဖြစ်သောကြောင့် ညပိုင်းတွင် ဈေးရောင်း၊ ဈေးဝယ် စည်ကားလျက်ရှိပြီး ယင်းကဲ့သို့ ပျံကျ ဈေးရောင်းချသူ ထောင်နှင့်ချီ ရှိကြောင်း အဆိုပါဈေးတွင် ဈေးရောင်း ချသူများက ဆိုသည်။

ပျံကျဈေး ရောင်းချသူများ အနေနှင့် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ တရားဝင် သတ်မှတ်ထားသည့် နေရာများတွင်သာ ဈေးရောင်း ချရန် ဈေးတာဝန်ခံရုံးက ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ထားသော်လည်း ပျံကျ ဈေးသည်များမှာ စားဝတ်နေရေး အခက်အခဲများ ရှိနေခြင်းကြောင့် လိုက်နာရန် မလွယ်ကူကြောင်း သစ်သီးဝလံ ရောင်းချသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
“စည်ပင်ကလည်း တာဝန်အရ ရှင်းရတာပဲ။ ဒါပေမဲ့ ဈေးသည်တွေမှာကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ သူတို့ ရောင်းတာကလည်း ကုန်စိမ်းဆိုတော့ တစ်နေ့ဟာ တစ်နေ့ ကုန်အောင်ရောင်းမှ ရမယ်လေ” ဟု ၎င်းက ရှင်းပြသည်။

ပျံကျဈေး ရောင်းချသူများမှုများနှင့် စည်ပင်သာယာ ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိရန် အဆိုပါ ဈေးတာဝန်ခံ ရုံးခန်းသို့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းက သွားရောက် မေးမြန်းရာ တာဝန်ခံ ဖြေကြားမည့်သူများ အစည်းအဝေး တက်ရောက်နေကြောင်း ရုံးဝန်ထမ်း တစ်ဦးက ဖြေကြားသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန ဒုတိယဌာနမှူးထံသို့ ထပ်မံ၍ ဆက်သွယ် မေးမြန်းရာ ၎င်းနေနှင့် အဆိုပါ ကိစ္စကို အသေးစိတ် မသိရှိရသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

ဖြစ်ပွားခဲ့သည့် ပြစ်မှုများနှင့် ပတ်သက်ပြီး ပြည်သူ့ဝန်ထမ်းကို ဆဲဆို၍ နာကျင်အောင် ပြုလုပ်မှုများ အပါဝင် (ပ) ၇/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၃၂၊ ၁၁၄ ဖြင့် လည်းကောင်း၊ (ပ)၈/၁၄၊ ပုဒ်မ ပပက ၆(၁) ဖြင့် လည်းကောင်း အမည်မသိ လူ ၁၀ ဦးကို အမှုဖွင့် ဆောင်ရွက်နေကြောင်း ပိတောက်ချောင်း ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမှ ယခုလက်ရှိ လှိုင်မြို့နယ် ပိတောက်ချောင်း ဘုရင့်နောင်လမ်းသို့ ၂၀၁၀ ပြည့်နှစ်က စတင်ပြောင်းရွှေ့ခဲ့သည့် သီရိမင်္ဂလာဈေးသစ်သည် ဈေးရုံပေါင်း ကိုးရုံရှိကာ ဆိုင်ခန်းပေါင်း ၂၀၁၇ ခန်း ရှိကြောင်း၊ ယခုဖြစ်ပွားသည့် ပျံကျဈေးသည်များ အပါအဝင် ဈေးရုံ အတွင်းရှိ လမ်းများပေါ်တွင် တရားမဝင် ဈေးရောင်းချနေမှုများ ရှိနေဆဲ ဖြစ်ပြီး သက်ဆိုင်ရာဌာနများ အနေနှင့် အရေးယူ ဆောင်ရွက်ရန်မှာ မလွယ်ကူကြောင်း အဆိုပါ ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis