menu

Thursday 9 January 2014

အင်ဒိုနီးရှားလုပ်သားများ၏ တိုက်ခိုက်ခံရသော မြန်မာလုပ်သားများ သက်တမ်းမပြည့်ဘဲ ပြန်လာရသည့်အတွက် နစ်နာဟုဆို


မောင်သင်တုန်း|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

မလေးရှားနိုင်ငံ Shin Yang သင်္ဘောတည်ဆောက်ရေးကုမ္ပဏီတွင် အင်ဒိုနီးရှားနိုင်ငံသားများ၏ တိုက် ခိုက်မှုကိုခံရသော မြန်မာလုပ်သားများသည် စာချုပ်သက်တမ်း မပြည့်သေးဘဲ ပြန်လာသည့်အတွက် ပိုမို နစ်နာဆုံးရှုံးမှုများရှိခဲ့သည်ဟု ဇန်န၀ါရီ ၈ ရက်တွင် ပြန်လာသည့် အလုပ်သမားများက မဇ္ဈိမကို ပြော သည်။

နှစ်လ၀န်းကျင်သာလုပ်ကိုင်ပြီး သက်တမ်းမပြည့်ဘဲ ပြန်လာသူများက လုပ်သက် နှစ်နှစ်ကျော်ရှိသော မြန်မာလုပ်သားများ ပြန်သည့်အခါ မိမိတို့အနေဖြင့် အဆိုပါကုမ္ပဏီတွင် ဆက်လက်လုပ်ကိုင်ရန် ပိုပြီးအ ခက်အခဲရှိသောကြောင့် ပြန်လာကြသည်ဟု ပြောသည်။ ကုမ္ပဏီအနေဖြင့် လုံခြုံရေးကို အာမခံ ဆောင် ရွက်ပေးမည်ဟု ပြောဆိုသော်လည်း အင်ဒိုနီးရှားနိုင်ငံသားများမှာ ဦးရေ လေးရာကျော်ရှိသည့်အတွက် ကြောက်ရွံ့၍ ပြန်လာကြသည်ဟု ပြောသည်။

“မလေးကိုရောက်တာ နှစ်လတောင်မပြည့်သေးဘူး၊ အတော်နစ်နာတယ်၊ အိမ်ကရှိတာလေး ပေါင်ပြီး သွားရတာ ပြဿနာစဖြစ်တော့ ဘာမှမသိဘူး ကျွန်တော်တို့က အလုပ်ထဲမှာ”ဟု မကွေးတိုင်း မြို့သစ် မြို့နယ်၊ ဒန်းဒလွန်းပင်ကျေးရွာမှ ကိုစိန်ထွန်းက ပြောသည်။


Shin Yang ကုမ္ပဏီရှိ မြန်မာအလုပ်သမား ၉၈ ဦးတွင် ၃၀ ကျော်မှာ သက်တမ်းနှစ်လမပြည့်သူများဖြစ် ပြီး နှစ်နှစ်ကျော် လုပ်ကိုင်နေကြသူများမှာ အနည်းစုသာ ပါဝင်သည်ဟု ပြန်လာသူများက ပြောသည်။ လုပ်သက် နှစ်နှစ်နီးပါးရှိသည့် မြန်မာအလုပ်သမားများနှင့် အင်ဒိုနီးရှားနိုင်ငံသားများ စတင် ခိုက်ရန်ဖြစ် ပွားချိန်တွင် လုပ်သက်နည်းသော မြန်မာလုပ်သားများမှာ အချိန်ပို အလုပ်ဆင်းနေကြသည်ဟု ပြန်လာ သူအချို့က ပြောသည်။

အဆိုပါ ၃၀ ကျော်သည် မလေးရှားနိုင်ငံသို့သွားစရိတ် အေဂျင်စီခအပါအ၀င် ကျပ်ဆယ်သိန်းခွဲနှင့် ကျပ် ဆယ့်လေးသိန်း ပေးဆောင်ထားသူများဖြစ်ပြီး အများစုမှာ လယ်ယာမြေပေါင်နှံပြီး သွားရောက် လုပ်ကိုင် ကြသလို၊ အချို့မှာ အတိုးငွေဖြင့် ချေးယူပြီး သွားရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်ဟု ပြောသည်။

“လစာ ကျပ်တစ်သိန်းရှစ်သောင်းပဲ အိမ်ကို ပြန်ပို့ပေးရသေးတယ်၊ ကြွေးမကျေသေးဘူး မိဘတွေနဲ့တိုင် ပင်ပြီး ပြန်ဆပ်ရမှာပေါ့၊ နေခဲ့ရင်လည်း သေမယ့်အရေးဆိုက်နေတာ”ဟု ဧရာဝတီတိုင်းမှ ကိုဝင်းဇော်က ပြောသည်။

အဆိုပါကုမ္ပဏီတွင် ကျန်ရှိခဲ့သော မြန်မာအလုပ်သမား ကိုးဦးမှာ လုပ်သက် နှစ်လ၀န်းကျင်သာရှိပြီး မိ သားစုစားဝတ်နေရေးအတွက် ပြန်လိုက်လာခြင်းမရှိဘဲ၊ လက်ရှိကုမ္ပဏီမှ အခြားလုပ်ကွက်သို့ ပြောင်း ရွေ့လုပ်ကိုင်ရန် စာချုပ်သစ် ချုပ်ဆိုကာ နေခဲ့ကြသည်ဟု မြန်မာလုပ်သားများကို တာဝန်ယူ ခေါ်ဆောင် လာသော ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီအသင်းချုပ်မှ အမှုဆောင်တစ်ဦးဖြစ်သည့် ဦးကိုကို လေးက ပြောသည်။

အေဂျင်စီအသင်းချုပ်မှ အတွင်းရေးမှူးဦးကျော်ထင်ကျော်က “အခုပြန်လာခဲ့တဲ့အခါကျတော့ အကုန်နစ် နာတယ်။ အလုပ်သမားက ပိုပြီးနစ်နာတယ် သွားစရိတ်တွေ ချေးငှားပေါင်နှံပြီး သွားရတယ်၊ ပို့ဆောင်ခဲ့ တဲ့ အေဂျင်စီလည်း နစ်နာတယ်”ဟု မှတ်ချက်ပြုသည်။

ဇန်န၀ါရီ ၈ ရက် နံနက်ရှစ်နာရီခွဲအချိန်တွင် မြန်မာအလုပ်သမား ၄၄ ဦး ပထမအကြိမ် ရန်ကုန်လေဆိပ် သို့ ပြန်ရောက်လာပြီး၊ နံနက် ၁၁း၃၀ နာရီတွင် ဒုတိယအကြိမ် ၂၁ ဦး ပြန်ရောက်လာပြီး ဇန်န၀ါရီ ၉ ရက် တွင် ၂၀ ဦး ထပ်မံပြန်ရောက်ရှိလာမည်ဖြစ်သည်။

လုပ်သက်နှစ်နှစ်အထက် အလုပ်သမားများသည် ကိုယ်ပိုင်လေယာဉ်လက်မှတ်ခ ပေးဆောင်ရပြီး၊ လုပ် သက်တစ်နှစ် မပြည့်သူများအား အေဂျင်စီက လေယာဉ်လက်မှတ်ဝယ်ယူရန် လိုအပ်သောငွေကို ဖြည့် ပေးကာ မလေးရှားနိုင်ငံ ကုမ္ပဏီလျော်ကြေးငွေအချို့ကို စိုက်ထုတ်ဖြေရှင်းပေးခဲ့သည်ဟု ဆိုသည်။

“စာရင်းတော့ အကုန်မဟုတ်ဘူး။ လေယာဉ်လက်မှတ်ခတွေ လျော်ကြေးငွေအပါအ၀င် ကျပ်သိန်းနှစ်ရာ ကျော် ပေးလျော်ထားတယ်။ သူတို့နိုင်ငံမှာက နိုင်ငံခြားသားတွေအတွက် တစ်နှစ်စာ အခွန်ငွေ ကြိုတင် ပြီး ဆောင်ရတယ်။ အဲဒီတော့ လုပ်သက် နှစ်လပဲရှိတဲ့သူတွေက ဆယ်လစာ ပြန်လျော်ရတယ်။ အဲဒီအ တွက် အေဂျင်စီက ကျခံရတယ်”ဟု ဦးကိုကိုလေးက ပြောသည်။

ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်တွင်း၌ အလုပ်လုပ်ကိုင်လိုပါက ပညာအ ရည်အချင်းနှင့်ကိုက်ညီသောအလုပ်အကိုင်ကို အေဂျင်စီအသင်းချုပ်က ရှာဖွေပေးသွားမည်ဟု ဆိုသည်။ ပြည်ပသို့ ပြန်လည်သွားရောက် လုပ်ကိုင်မည်ဆိုလျှင် ခြောက်လကျော်မှသာ သွားရောက်ခွင့်ရမည်ဟု အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis