menu

Thursday 9 January 2014

ဆီးရီးယား ဓာတုလက်နက်များ ပထမဆုံးအကြိမ် သယ်ထုတ်

Photo: ဆီးရီးယား ဓာတုလက်နက်များ ပထမဆုံးအကြိမ် သယ်ထုတ်

ဒမတ်စကတ်၊ ဇန်နဝါရီ ၇

ဆီးရီးယား ဓာတုလက်နက် ဖျက်သိမ်းရေး သဘောတူညီချက်အရ ဆီးရီးယား နိုင်ငံတွင်းမှ ဓာတုလက်နက်များကို သင်္ဘောဖြင့် ပထမဆုံးအကြိမ် သယ်ထုတ်သွားကြောင်း လက်နက် ဖျက်သိမ်းရေး ကြီးကြပ်မှု ပူးတွဲ ကော်မရှင် ထုတ်ပြန်ချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။

ဓာတုပစ္စည်းများကို နေရာနှစ်ခုမှ လာတာကီးယား ဆိပ်ကမ်းသို့ သယ်ဆောင်လာကာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒိန်းမတ် ကုန်သင်္ဘော တစ်စင်းပေါ်သို့ တင်ဆောင်လိုက်ကြောင်း ပူးတွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော ဆီးရီးယား ဓာတုလက်နက်များကို သယ်ဆောင်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်း နယ်နိမိတ် အတွင်းသို့ ဒိန်းမတ်သင်္ဘော ဦးတည် ခုတ်မောင်းလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
“ဆီးရီးယား အာရပ် သမ္မတနိုင်ငံကနေ ဓာတုပစ္စည်းတွေ သယ်ထုတ်ပြီး ပြင်ပ တစ်နေရာမှာ ဖျက်ဆီးရေးအစ ပထမခြေလှမ်း ဖြစ်ပါတယ်” ဟု လက်နက် ဖျက်သိမ်းရေး ပူးတွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်၊ ဒိန်းမတ်၊ နော်ဝေနှင့် ရုရှား စစ်သင်္ဘောများက ဓာတုလက်နက် သယ်ဆောင်လာသော ဒိန်းမတ် သင်္ဘောကို ကာကွယ်စောင့်ရှောက် ပေးခဲ့ကြောင်း အဆိုပါ အဖွဲ့က ပြောကြားသွားသည်။

ဓာတုလက်နက်များကို ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်ခင် ဆီးရီးယားနိုင်ငံမှ သယ်ထုတ်သွားရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်းစစ် အခြေအနေ ဆိုးရွားလာခြင်း၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများ ပေါ်ပေါက်ခဲ့ခြင်းနှင့် ရာသီဥတု ဆိုးရွားခြင်းတို့ကြောင့် နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသည်။

ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် ဆီးရီးယား ဓာတုလက်နက်များကို ၂၀၁၃ ခုနှစ် အလယ်ပိုင်းတွင် လုံးဝဖျက်သိမ်း ရန်ရည်မှန်း လုပ်ဆောင်နေပြီး ယခုကဲ့သို့ ဓာတုလက်နက်များကို သင်္ဘောဖြင့် ပထမဆုံးအကြိမ် သယ်ထုတ်နိုင်ခြင်းသည် အရေးပါသော သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ဆီးရီးယား ဓာတုလက်နက်များကို လာတာကီးယား ဆိပ်ကမ်းမြို့သို့ သယ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် အီတလီ ဆိပ်ကမ်းတစ်ခုသို့ သယ်ဆောင်ကာ အမေရိကန် ရေတပ် သင်္ဘောပေါ်သို့ လွှဲပြောင်းပေးမည် ဖြစ်ပြီး ပင်လယ်ပြင်အတွင်း ဓာတုလက်နက်များကို ဖျက်ဆီးသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis