menu

Thursday 9 January 2014

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ငါးခုရှိ လမ်းဘေးဆိုင်တစ်ချို့မှ အစားအစာ များတွင် အစာအဆိပ်သင့်စေသော အဆိပ်ထွက်ပိုးများ တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစားအစာ များအား သုတေသနပြု လုပ်ခဲ့ရာ အစာအဆိပ်သင့်စေသော အဆိပ်ထွက် ပိုးများကို တွေ့ရှိခဲ့ရကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)၏ သုတေသနပြုချက်များအရ သိရသည်။

ယင်းသို့ သုတေသန ပြုလုပ်ခဲ့ရာတွင် မြို့နယ်တစ်ခုမှ အစားအစာနမူနာ ၃၀၊ စုစုပေါင်း ၁၅ဝ အား စမ်းသပ်ခဲ့ခြင်းဖြစ်ကာ ယင်းလမ်းဘေးဆိုင်များတွင် ရောင်းချနေသော အစား အစာများတွင် အစာအဆိပ်သင့်စေသော အဆိပ် ထွက်ပိုးများ ဖြစ်သည့် စတက်ဖိုင်လိုကောကပ်၊ အောရိယပ်နှင့် ဘက်ဆီး လပ်ဆီးရီးယပ်ပိုးများ ပါရှိနေတတ်ကြောင်းအား ဖော်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် သုတေသနပြုခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ၆ရက်က အဆိုပါ ဌာနတွင် ကျင်းပခဲ့သည့် (၄၂)ကြိမ်မြောက် ဆေးသုတေသန ညီလာခံတွင် ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)၊ အမျိုးသား အဆိပ်ထိန်းချုပ် မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲမှ တင်သွင်းသည့် စာတမ်းတစ်ခု တွင် ဖော်ပြထားသည်။

အဆိုပါ အစားအစာနမူနာ ၁၅ဝ တွင် ပူတင်း၊ ဆင်းဒဝစ်၊ ကြက်အူချောင်း၊ ပေါင်မုန့် ထောပတ်သုတ်၊ ထမင်းကြော်၊ ရေခဲမုန့် အစရှိသည်တို့ ပါဝင်ကာ ယင်းတွေ့ရှိချက်အရ အစာအဆိပ်သင့်စေသည့် အဆိပ်ထွက်ပိုးများအား တွေ့ရှိရခြင်း သည် အစာတစ်ခုကို စတင်သည့် လယ်ယာ၊ မွေးမြူရေးခြံမှ သည် စားသုံးသည့် နေရာအထိ ကြားကာလတစ်လျှောက်တွင် သန့်ရှင်းရေး ညံ့ဖျင်းခြင်း အပါအဝင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာများ ခေါင်းပါးမှုကြောင့် ဖြစ်ကြောင်း ပါဝင်ပြီး သုတေသန ပြုလုပ်ခဲ့ သည့် မြို့နယ်ငါးခုကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

''ဗက်တီးရီးယား ပိုးတွေကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းက ကာကွယ်လို့ ရပါတယ်။ အစားအစာပြင်ဆင် ကိုင်တွယ်သူ၊ ရောင်းချသူနဲ့ စားသုံးသူတွေကို ကျန်းမာရေးပညာပေးဖို့ လိုအပ်နေပါတယ်''ဟု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ အမျိုးသား အဆိပ်ထိန်းချုပ်မှုဌာန ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲမှ တာဝန်ရှိသူက ပြောသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် အရေးပေါ်ကုသမှု လုပ်ငန်းများတွင် အစာအဆိပ်သင့်ခြင်းသည် တစ်ခုအပါ အဝင်ဖြစ်နေကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အောင်ဆန်းဝင်းက ''အစာအဆိပ်သင့်ပြီဆိုတာနဲ့ မူးတာတို့၊ အန်တာတို့၊ တချို့ဆို ဝမ်းလျှောတာတို့ ဖြစ်တတ်သလို မူးပြီးအန်တဲ့ သူတွေကျတော့ သူတို့မှာ ရေဓာတ်၊ ဆားဓာတ် ဆုံးရှုံးမှုဖြစ်ပြီး အသစ်ပြန်လည် မရနိုင်တော့ ဘူးဆိုရင် အသက်အန္တရာယ် အထိတောင် ဖြစ်လာနိုင်တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ အစားအစာတိုင်းလိုလို ဓာတုပစ္စည်း ပါဝင်မှုနှင့် မကင်းလွတ်နိုင် သည်က မရှိသလောက် ရှားလာကာ သန့်ရှင်းမှုပိုင်းမှာလည်း အားနည်း လာခြင်း၊ ကူးစက်ရောဂါများလည်း အဖြစ်များလာခြင်းတို့ ဖြစ်လျက်ရှိရာ အစားအစာ စားမည်ဆိုပါက အေးနေသော ထမင်း၊ ဟင်းများ စသောအစား အစာများကို စားသောက်ခြင်း မှ ရှောင်ကြည့်ရမည်ဖြစ်ကာ စားမည်ဆိုပါက ပူအောင်နွှေးခြင်းများ ပြုလုပ်ပြီးမှသာ စားသင့်သည်ဟု ယင်းကဆက်လက် ပြောသည်။

''ဒီဥစ္စာက သုတေသန ပြောပြချက်မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အစာအဆိပ် သင့်တာက အများကြီးပဲ။ အဓိကရောင်းသူတွေ Control လုပ်နိုင်ရမယ်။ စေတနာပါပါနဲ့ စားသုံးသူအပေါ် လုပ်ပေးရမယ်။ စားသုံးသူကလဲ မိမိ ကိုယ်ကိုယ် Control လုပ်နိုင်ရမယ်။ ဥပမာ- ကြက်အူချောင်းတို့ ဘာတို့ ထုတ်လုပ်ပိုင်းကနေပြီး တစ်ဆင့်ပြီးတစ်ဆင့် သတိနဲ့ ကျန်းမာရေးပိုင်းကိုပါ ထိခိုက်မှုမရှိအောင် ထုတ်လုပ်ပေးရမှာ ဖြစ်တယ်''ဟု ဆီးချိုနှင့် အထွေထွေ ရောဂါကုသမားတော် အဆိပ်သင့်ကုသမှုဌာန ဒေါက်တာ ရဲမြင့်က ပြောသည်။

Yangon Media

Aye Chan Mon# Credit To :လတ်တလော လူကြိုက်အများဆုံး သတင်းများ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis