menu

Thursday 9 January 2014

မြန်မာပိုင်နက်အတွင်း အိန္ဒိယ သောင်းကျန်းသူများ၏ စစ်သင်တန်းပေးစခန်းများ ရှိနေဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၈

အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများ၏ စစ်သင်တန်းပေး စခန်းများ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာပိုင်နက်အတွင်း ရှိနေကြောင်း အိန္ဒိယ နယ်စပ် လုံခြုံရေးတပ်ဖွဲ့၏ ထုတ်ဖော် ပြောကြားချက်ကို ကိုးကား၍ The Telegraph သတင်းစာတွင် ဇန်နဝါရီ ၈ နေ့က ရေးသား ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေးအတွက် အစိုးရကို ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့တစ်ခု ဖြစ်သည့် Kamtapur Liberation Organization (KLO) မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ အခြားသော အိန္ဒိယ အစိုးရ ဆန့်ကျင်သူများနှင့် ပူးပေါင်းကာ စစ်သင်တန်းများ ဖွင့်လှစ်၍ သင်တန်း ပေးနေကြောင်း အဆိုပါ လုံခြုံရေးတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦး ဆိုသည်။
“နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာတော့ အိန္ဒိယ သူပုန်တွေ ရှိနေတယ်။ ကြာပါပြီ သူတို့က ဟိုဘက်ကူး ဒီဘက်ကူး လုပ်နေတာ။ ဒါပေမဲ့ အင်အား မများပါဘူး” ဟု မြန်မာနိုင်ငံအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ယင်းသို့ မြန်မာ့နယ်မြေအတွင်း ရောက်ရှိနေခြင်းမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး အားနည်းမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။


အဆိုပါ နယ်စပ် သောင်းကျန်းသူများကို နှိမ်နင်းရန်နှင့် နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှစ်နိုင်ငံ အစိုးရက ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ပြီး မကြာမီ ကာလအတွင်း ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အစီအစဉ်များကို နှစ်နိုင်ငံအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ သောင်းကျန်းသူများသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြားအိန္ဒိယသူပုန် အဖွဲ့အစည်းများ ဖြစ်သည့် မိတ်တိုင်နှင့် နာဂ သောင်းကျန်သူများနှင့် ပူးပေါင်းကာ စစ်ရေး လေ့ကျင့်နေပြီး လက်နက်များကိုမူ တရုတ်နိုင်ငံမှ ရယူကြကြောင်း အိန္ဒိယ နယ်စပ်လုံခြုံရေး အရာရှိ များက ဆိုသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ် ကျယ်ပြန့် စွာ ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တစ်လျှောက်ရှိ အာသံ၊ မဂ္ဂလရာ၊ တရိပူရ၊ အရူနားချလ်ပရဒေရှ်၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလန်း ပြည်နယ်များတို့တွင် လူနေမှု အဆင့်အတန်း ကွာဟခြင်း ဗဟိုအစိုးရ၏ အထောက်အပံ့ အားနည်းခြင်းနှင့် ယင်းဒေသဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရ၏ စိတ်ဝင်စားမှု လျော့နည်းခြင်း တို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရန် ၁၉၆၄ ခုနှစ်မှ စတင်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

တောတောင် ထူထပ်မှုနှင့် ခက်ခဲကြမ်းတမ်းသော နယ်မြေ အနေအထား များကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော သောင်းကျန်း သူများ ပြဿနာ ဖြေရှင်းရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရက ထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရသည်။

အဆိုပါ အိန္ဒိယအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်းများကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန်အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော် အရာရှိများ အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်လျှောက် ၁၉၆၄ ခုနှစ်ကပင် ခြေကုပ်ယူနေသော လက်နက်ကိုင် သောင်းကျန်းသူများကြောင့် ရင်ဆိုင်နေရသော နယ်စပ်လုံခြုံရေး ပြဿနာကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဖြေရှင်းသွားမည်ဟု အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ (ရူပီ ကုဋေ ၅၀၀၀) သုံးစွဲမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက နိုဝင်ဘာ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis