menu

Saturday 25 January 2014

ဦးပိန်တံတား တိုင်လုံးများ အဆင့်မြင့် နည်းပညာဖြင့် ပြုပြင်မည်

မန္တလေး၊ ဇန်နဝါရီ ၂၄

နှစ်ပေါင်း ၁၆၄ နှစ် ရှိပြီ ဖြစ်သော  ဦးပိန်တံတားမှ ဆွေးမြည့်နေသည့် ကျွန်းတိုင်များကို အဆင့်မြင့် နည်းပညာ သုံး၍ ပြင်ဆင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားသည် နှစ်ပေါင်းရာချီ ကြာမြင့်လာပြီ ဖြစ်သောကြောင့် အချို့ ကျွန်းတိုင်များမှာ ရေတိုက်စားမှုများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် စည်းကမ်းမဲ့ လူအချို့ကြောင့် အပေါက်များ ဖြစ်နေကာ ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် တံတားရှိ အခန်းများအလိုက် ပျက်စီးမှု အခြေအနေကို တွက်ချက် စစ်ဆေးကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“အခု တံတားက အခန်း ၁ ကို ပြင်ဆင်ဖို့ တွက်ချက် ပြီးပါပြီ။ တိုင်တွေကိုတော့ အစားထိုး တပ်ဆင်သွားမှာ မဟုတ်ပါဘူး။ မူရင်း တိုင်တွေကိုပဲ ပြင်ဆင် သွားမှာပါ။ မူရင်းတိုင် ပြင်တယ် ဆိုတာကလည်း တိုင်မှာ ရှိနေတဲ့ အပေါက်တွေကို နည်းပညာ အသုံးပြုပြီး ပြင်ဆင်သွားမှာကို ဆိုလိုတာပါ” ဟု ၎င်းက ဆိုသည်။

တိုင်လုံး အပေါက်များမှ တစ်ဆင့် ပျက်စီးမှုများ မရှိစေရန် လွှစာမှုန့်နှင့် ကော်များ ရောစပ်ကာ အပေါက်ဖာမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင်ရန်အတွက် ဝန်ကြီးဌာနသို့ ဇန်နဝါရီလဆန်းပိုင်းက တင်ပြထားပြီး ခွင့်ပြုမိန့် ရပါက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တံတားပေါ်ကို နေ့တိုင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေရော၊ ပြည်တွင်း  ဧည့်သည်တွေရော၊ ကျောင်းသူ၊ ကျောင်းသားတွေပါ လာကြတယ်။ တချို့ဆိုရင် စည်းကမ်းမဲ့တာတွေ လုပ်တတ်တယ်။ ဥပမာ - တိုင်လုံးတွေပေါ်မှာ အမှတ်တရ အနေနဲ့ သူတို့ ရောက်ရှိခဲ့ကြောင်း တစ်ခုခုနဲ့ ခြစ်ပြီး အမှတ်အသား လုပ်သွားတာတို့၊ မင်ဖျက်ဆေးတွေနဲ့ ရေးသွားကြတာတို့ လုပ်ကြတယ်။ မင်ဖျက်ဆေးနဲ့ကတော့ ဖျက်လို့ ရတာပေါ့၊ တစ်ခုခုနဲ့ တိုင်ကို ထွင်းပြီး ရေးခြစ်သွားတာမျိုး ကျတော့ ဖျက်ရင်လည်း တိုင်ပါ ပွန်းပဲ့နိုင်တယ် ဆိုတော့ ဒါမျိုးတွေကိုတော့ မလုပ်သင့်ဘူးပေါ့” ဟု ဦးပိန်တံတားပေါ်တွင် ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်း လုပ်ကိုင်နေသူ ဓာတ်ပုံ ဆရာ ဦးအောင်သင်းက ဆိုသည်။

မြန်မာ့အထင်ကရ ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကာ တည်ဆောက်ချိန် ၂ နှစ်ကြာ မြင့်ခဲ့ပြီး ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ယခု နှစ်ပေါင်း ၁၆၄ နှစ်ရှိပြီ ဖြစ်ပြီး တံတားအရှည်မှာ ၃၉၆၇ ပေ ရှိကာ တံတားတွင် ကျွန်းတိုင်ပေါင်း ၁၀၈၆ လုံး ရှိ၍ အခန်းပေါင်း ၄၈၂ ခန်းရှိသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis