menu

Saturday 25 January 2014

မသန်သော်လည်း စွမ်းနိုင်ပါသည် ကျေးဇူးပြု၍လမ်းများ ဖွင့်ပေးပါ


”မင်္ဂလာပါ”ဟု နှုတ်ဆက်သံကြား ရာသို့ မော့ကြည့်မိရာ ပိန်ပိန်ပါးပါး အမျိုး သမီးငယ်တစ်ဦးက ပြုံးပြနှုတ်ဆက်နေသည် ကိုတွေ့မြင်လိုက်ရ။ သူ့နာမည်က ငုဝါဖြစ် ကြောင်း လည်း ထပ်မံမိတ်ဆက်ပြန်သည်။ နှုတ်ခမ်းနီ ပန်းရောင်နှင့် ပါးနီပန်း ရောင်ကို ခပ်ဖျော့ဖျော့လိမ်းခြယ်ကာ မိလောက်ရုံသာရှိသည့်ဆံပင်ကို မမီမကမ်း စည်း ထားသည့် သူ၏အလှမှာ သက်တူ ရွယ်တူ မိန်းမသားများနှင့် ရင်ဘောင် တန်းယှဉ်ပြိုင်သည့် အလှရှင်ဟု မှတ်ချက် ပြုနိုင်သည့်အပြင် တီရှပ်အဖြူအမည်း အကွ က်နှင့် ဘောင်းဘီရှည်ပန်းဆီရောင် တို့ကိုဆင်မြန်းထားသည်ကို ကြည့်ခြင်း အားဖြင့် လည်းသူမသည် ခေတ်နှင့် ဟန် ချက်ညီညီ လိုက်ပါနိုင်သူ တစ်ယောက်ဖြစ် မှန်းမြင် သာသည်။
သို့သော် သူမအနေဖြင့် လူသား များရပိုင်ခွင့်ရှိသည့် အခွင့်အရေးတစ်ခု ကို လက်လွတ်ဆုံးရှုံးထားရသူဖြစ်သည်။ မိမွေးဖမွေးတော့ အကောင်းဆိုသည်မှာ သူမလို လူမျိုးကိုဆိုလိုခြင်းဖြစ်ပါလိမ့် မည်။ မွေးဖွားခါစတွင် ကိုယ်လက်အင်္ဂါ အားလုံးပြည့်စုံကောင်းမွန်၍ သန်စွမ်း သူတစ်ဦးဖြစ်သော်လည်း ပိုလီယို ပိုးဝင် ၍ မသန်စွမ်း ဘဝသို့ ရောက်သွားသည် ဟု သူမ၏ဘဝနောက်ကြောင်းကို ပြန် ပြောင်းပြောပြသည်။
၁၉၉ဝ အလွန်တွင် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် တွင် ငုဝါကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ အသက် တစ်နှစ်ခန့်တွင်အပြင်းဖျားရာမှစ၍ ဆေး ထိုးမှားခဲ့ သည်ဟုထင်မိကြောင်း၊ ဆရာဝန် များ၏ ပြောကြားချက်အရ သိရပြီး ပိုလီ ယိုပိုး ဝင်ရောက်ခဲ့ခြင်းကြောင့် မသန်စွမ်း ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိခဲ့ရကြောင်း ကာယကံရှင်က ဆိုသည်။
”ပထမတော့ ဆေးထိုးမှားတာကြောင့် ဆိုပြီး ဆရာဝန်ကို အပြစ်တင်တာပေါ့။ နောက်တော့လည်း ကိုယ်ဖျားကတည်းက အဖျားလွန်ပြီး ပိုလီယိုပိုးဝင်သွားတာပဲ လို့ပဲတွေးပါတော့တယ်”ဟု၎င်းကဆိုသည်။
ယင်းကဲ့သို့သော အကောင်းမြင် တတ်သော စိတ်ထားကြောင့်လားတော့ မသိ။အသက်နှစ်ဆယ်ကျော်လာပြီဖြစ်သည့် သူမအနေဖြင့် အခြားကိုယ်အင်္ဂါသန်စွမ်း သူများကဲ့သို့ပင် အလုပ်လုပ်ကိုင်နေနိုင်ပြီး မိသားစု ဝမ်းရေးအတွက် တစ်ဖက်တစ် လမ်းမှ ထောက်ပံ့နေနိုင်ပြီဖြစ်သည်။
မသန်သော်လည်း စွမ်းနိုင်သည်
သူမသည် သူမနှင့် ဘဝတူ မသန် စွမ်းများအား ကူညီထောက်ပံ့ပေးသည့် အကျိုးဆောင်လုပ်ငန်းတစ်ခုတွင် ကွန်ပျူတာအခြေခံသဘောတရားများကို ဘဝတူညီအစ် ကို မောင်နှမများသို့ သင်ကြားပို့ချပေးနေသည့် ဆရာမတစ်ဦးအ ဖြစ် အသက်မွေးဝမ်းကျောင်းကို ဖြေရှင်း နေသူဖြစ်သည်။ ကိုယ်အင်္ဂါသန်စွမ်းမှုချို့ တဲ့သူများအတွက် အလုပ်အကိုင် အခွင့် အရေးနည်းပါးသည့် နိုင်ငံမျိုးတွင် လူဖြစ် ခွင့်ကြုံသော်လည်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ နေသည့်အပြင် ဘဝတူများအား ပျိုးထောင် ပေးနိုင် သည့်အ လုပ်ဖြစ်၍ သူမအလုပ်အပေါ် ဂုဏ်ယူမဆုံးကြောင်း အထပ်ထပ် ပြောပြပါသည်။
သူမ ဒီအလုပ်ကို ရရှိခဲ့သည်မှာ တစ်နှစ်ဝန်းကျင်သာ ကြာမြင့်သေးသည်။ အဆိုပါ အလုပ်မရခင်အချိန်က ဆိုလျှင် ”အိမ်ဘေးမှာသက်တူလူငယ်တွေ အလုပ် အလွယ် တကူရတယ်။ ခဏနေ အဆင် မပြေဘူး။ မလုပ်ချင်ဘူးဆိုပြီး ထွက်ပြန် တယ်။အခြားအလုပ်ထပ်ပြောင်းကြတယ်။ ကိုယ်ကတော့ အလုပ်တစ်ခုရအောင် ဘယ် လိုလုပ် ရမှန်း မသိဘူး။ သူတို့တွေအတွက် တော့ အလွယ်တကူဖြစ်နေတော့ စိတ်မ ကောင်းဖြစ်တာပေါ့။ ငါသာအလုပ်တစ်ခု ရမယ်ဆို အဆင်ပြေအောင် လုပ်မယ်။ ကြိုးစားမယ်လို့ ကြိတ်ပြီးတွေးနေခဲ့တာ”ဟု အလုပ်လက်မဲ့ မသန်စွမ်းတစ်ယောက် ၏ အိမ်ထဲမှာပဲ နေခဲ့ရစဉ်ကခံစားချက်ကို ရင်ဖွင့်ပြောပြပြန်ပါသည်။
သန်စွမ်းကျန်းမာသော သူများပင် အလုပ်အကိုင်ရှားပါးနေသည်ဖြစ်ရာ ငုဝါ တို့ကဲ့သို့သော လူသားများအတွက်အလုပ် လုပ်ခွင့်ရသည်ဆိုသော အခွင့်အရေးမှာ ထီ ထိုး၍ ပေါက်သည်ထက် အလားအလာ နည်းကောင်းနည်းနိုင်သည်။ ”ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အ တွက်ဆိုရင်သာမန်လူတွေတောင် အလုပ် မရသေးတာ။ မသန် စွမ်းတွေက နေပါဦး ဆိုတော့၊ မသန်စွမ်းလည်း လူပါပဲ။ ခံစား တတ်ပါတယ်။ စားဖို့ပါးစပ်ပါတယ်။ စား ဝတ်နေရေးလည်း ပါတယ်။ မသန်စွမ်း လည်း ရှက်တတ်တယ်” ဟု ကိုယ်တိုင် မသန်စွမ်းဖြစ်သလို မသန်စွမ်းသူများကို ဖေးမကူညီဆောင်ရွက်ပေးနေသည့် ရွှေ မင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်သူဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် မြန်မာ့လူဦးရေ ၏ ၂ ဒသမ ၃ ရာခိုင်နှုန်း( ဆယ့်သုံး သိန်း) ဝန်းကျင်ရှိသော မသန်စွမ်းသူ များတွင်  အလုပ်လက်မဲ့ မသန်စွမ်းသူများမှာ ၈၅ ရာခို င်နှုန်းခန့်ရှိကြောင်း အမျိုးသားအဆင့် မသန်စွမ်းမှုဆိုင်ရာ စစ်တမ်းကောက်ယူ ထားမှု အရသိရသည်။ ”မသန်စွမ်းအများစုက အလုပ်အ ကိုင်ဝင်ငွေမရှိကြပါဘူး။ ဒါက လည်း အ တော်ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ် ပါတယ်။ ဝင်ငွေရရင် ကောင်းသွားနိုင် တယ်။ လက်တွေ့မှာ ဝင်ငွေမရှိတာ ၈၅ ရာခိုင်နှုန်းရှိနေတဲ့အတွက်ကြောင့် ဆင်း ရဲတွင်းနက်နေတဲ့ သဘောရှိတယ်။ ဆင်း ရဲတွင်းထဲ တွန်းပို့တဲ့အကြောင်း တစ်ခု လို့မြင်ပါတယ်”ဟု မြန်မာနိုင်ငံမသန်စွမ်း သူများ ရှေ့ဆောင်အဖွဲ့မှ ကိုနေလင်းစိုးက ၎င်း၏အမြင်ကို ပြောသည်။
၎င်းအပြင် အလုပ်ခေါ်ယူမှုများ တွင် ကျန်းမာသန်စွမ်းသူဖြစ်ရမည်ဟူ၍ ပါရှိကတည်းက မသန်စွမ်းသူများ၏ အခွင့်အရေးမှာ အမြဲတမ်းနောက်မှသာ ဖြစ်နေကြောင်း ဦးမြတ်သူဝင်းက ပြော သည်။ မသန်စွမ်းသူများအနေဖြင့် အား ငယ်စိတ်ကြောင့် အိမ်တွင်းအောင်းနေ ပါက ကိုယ်တိုင်တွင် အခွင့်အရေးများ ဆုံးရှုံးနေသလို မိသား စုနှင့် နိုင်ငံတော် အတွက်လည်း နစ်နာမှု တစ်ခုဖြစ်သည်။ လုပ်အားကဏ္ဍတွင် မသန်စွမ်းများ မပါဝင်မှုကြောင့် ဂျီဒီပီ ဆုံးရှုံးမှုမှာ ၁ ဒသမ ၂ ဘီလျံရှိကြောင်း သိရသည်။ မသန်စွမ်းများအပြင်ထွက် ကိုယ်တိုင် ကြိုးစားအားထုတ် ဘဝရပ်တည်နိုင်ရန် သွားရေးလာရေးအစ အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာသင်ကြားခွင့် များ ရရှိ လာစေရန် နိုင်ငံတော်မှ ပံ့ပိုး ဆောင်ရွက်ပေးရန် များစွာ လိုအပ်လှသည်။ မသန်စွမ်းတစ်ယောက်ဖြစ်သည့် မငုဝါအနေဖြင့် အစိုးရကဘယ်ပုံ ဘယ် နည်းဆောင် ရွက် လုပ်ပေးပါဟုမပြောတတ် သော်လည်း မသန်စွမ်းများ အဆင်ပြေ အောင် ဆောင်ရွက်ပေးမည်ဆိုပါက ဝမ်း သာလို့ဆုံးမည်မဟုတ်ဟု ရိုးရိုးသားသား ပင် ဆိုသည်။
မလိုသည်များကိုပယ် လိုသည်တို့ကို တည်
နိုင်ငံတကာတွင် အလုပ်ခန့်ရာ၌ ရာခိုင်နှုန်းတစ်ခုအထိ မသန်စွမ်းများကို ခန့်အပ်ရန်ဥပဒေကြောင်းအရ သတ်မှတ် ပေးထားသည်။ သွားရေးလာရေးအတွက် စားသောက် ဆိုင်၊ Supermarket၊ ရုံး၊ ကုမ္ပဏီ၊ ပန်းခြံ၊ ကစားကွင်းမှ အစ အိမ်သာအထိ မသန်စွမ်းများအဆင်ပြေစေရန် ဝှီးချဲသွားရန် ဆင်ခြေလျှောများ၊ မျက် မမြင်များ အတွက် လက်ကိုင်တန်းများ ပြု လုပ်ပေးထားသည်။
မြန်မာနိုင်ငံတွင်ယင်းသို့ဆောင်ရွက် ပေးမှုများပြုလုပ်ရန် များစွာ လိုအပ်နေ သေးသည်။ ရန်ကုန်မြို့ အချို့လမ်းမ ပလက်ဖောင်းများရှိ မတ်စောက်သော ဆင်ခြေလျှောများ၊ ကျဉ်းမြောင်းသော ဆင်ခြေလျှောများမှာ မည်သို့မျှ အဆင် မပြေဘဲ အန္တရာယ်ပင်ဖြစ်နိုင်ကြောင်း ဝှီးချဲအသုံးပြုသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။ချိုင်းထော က်ဖြင့် မြောက်ဥက္ကလာ မှမြို့ထဲသို့ဘတ်စ်ကားအသုံးပြု၍ အလုပ် လာတက်ရသည့် မငုဝါက”ကားတွေသီး သန့်ဆွဲပေးရမယ်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မသန်စွမ်းအ များစုက ချို့တဲ့ကြ တယ်။ ငွေကြေး တတ် နိုင်တဲ့သူက နည်းပါးတယ်။ ဒါကြောင့် လိုင်းကားပဲ စီး ရတာ။ အဲဒီမှာ တချို့ကား သမားတွေက အပြိုင်အ ဆိုင်မောင်းကြတော့ တက်ရ တာညီမတို့အတွက် အဆင် မပြေဘူး”ဟု သူမနေ့စဉ် ကြုံ တွေ့ရသည့် အခက်အခဲကို ပြောသည်။
ကမ္ဘာပေါ်တွင် မသန်စွမ်းသူ များ၏ ၈ဝ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲမှုအများဆုံးရှိသည့် နိုင်ငံများတွင် ရှိကြသည်။ ၎င်းအပြင် ကမ္ဘာ့အဆင်းရဲ ဆုံးလူတန်း စားအုပ်စု တွင် မသန်စွမ်းသူ များအရေအတွက်သည် ၂ဝ ရာခိုင် နှုန်း ခန့် ပါဝင်နေသည်။ မြန်မာနိုင်ငံတွင်လည်း မသန်စွမ်း သူရှိသည့် အိမ်ထောင်စုများ၏ ၆၂ ရာ ခိုင်နှုန်းသည် စိုက်ပျိုးမြေပိုင်ဆိုင်မှု လုံးဝ မရှိဘဲ မသန်စွမ်းသူ ၅၄ ရာခိုင်နှုန်းသည် ဝါးအိမ်များဖြင့် ချို့တဲ့စွာနေကြရဆဲဖြစ် သည်။
၎င်းတို့ ဆင်းရဲမှု လျော့ကျစေရန် မသန်စွမ်းကိုယ်တိုင်ဝင်ငွေရှိရေးက အရေး ကြီးလာသည်။ ဝင်ငွေရှိရေး အတွက် အသက်မွေးဝမ်းကျောင်းနိုင်ဖို့အတွက် ပညာရေး သည်လည်း အရေးကြီးသည့် အချက်တစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက် မှုနှုန်းမှာ ၉၆ ရာခိုင်နှုန်းရှိသော်လည်း မသန်စွမ်း ကလေးများတွင် စာတ တ် မြောက်သည့် ရာခိုင်နှုန်းမှာ နည်းပါးနေ သေးကြောင်း သိရသည်။ ကျောင်းနေ အရွယ်မသန်စွမ်းကလေးများ၏ ၅၃ ရာ ခိုင်နှုန်းသည် မူလတန်းကျောင်းပင်သွား ခွင့်မရ ရှိသေးကြောင်း၊ ဘွဲ့ရ မသန်စွမ်း သူမှာ ‘တစ်’ ရာခိုင်နှုန်းသာရှိကြောင်း အမျိုးသားအဆင့်မသန်စွမ်းမှုဆိုင်ရာ စစ် တမ်းအရ သိရသည်။
”ပညာရေးမှာနောက်ကျတဲ့အတွက် အသက်မွေးဝမ်းကျောင်းမှာ နောက်ကျ တယ်။ အခြေ ခံပညာ မှ မတတ် ဘဲ ကွန်ပျူ တာ ဘယ်လိုဆက်သင်မလဲ။ ပညာရေး ဟာ အရေးကြီးတဲ့ အချက်တစ်ခုမှာရှိ တယ်။ ဒါပေမဲ့နောက်မှာ ရောက်နေတာ ကို တွေ့ရတယ်” ဟု ကိုနေလင်းစိုးက ဆိုသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ် သူ၏ လေး ဆယ်ရာခိုင်နှုန်းသည် ကျပန်းအ လုပ်သမားများဖြစ်ကြသည်။ အလုပ်ရရှိ သော မသန်စွမ်းများတွင် ထက်ဝက်ကျော်သည့် ကျပန်းလုပ်ငန်းများကိုသာ ၎င်းတို့၏ အဓိကဝင်ငွေအဖြစ် အားထား နေရသည်။
မသန်စွမ်းသူများ အလုပ်အကိုင် ရရှိရေးအတွက် ၁၉၅၈ ခုနှစ်က မသန် စွမ်းသူများ အလုပ်အကိုင်ရရှိရေး ဥပဒေ ကို ရေးဆွဲခဲ့သော်လည်း လက်တွေ့တွင် အသက်မ ဝင်ခဲ့ပေ။ ပွင့်လင်းလာပြီးနောက် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိပြီး ယခုတိုင် ဥပဒေမူကြမ်း အဆင့် တွင်သာရှိနေသေးသည်ကို တွေ့ရ သည်။
”ဥပဒေကြမ်းကြာတာက အဆင့် ဆင့်ဖြတ်တာပေါ့။ လူမှုဝန်ထမ်းအဖွဲ့က ဆွဲတယ်။ နောက်ရှေ့နေချုပ်ရုံးရဲ့ သဘော ထားမှတ်ချက်ယူတာ တစ်နှစ်လောက် ကြာတယ်။ မသန်စွမ်းတွေနဲ့  တိုင် ပင်တာက တစ်နှစ်လောက်ကြာပြန် ရော။ မသန်စွမ်းတွေက အကြံပြုတာ ရော ကြာတာရော သူတို့ဘက်က ကြာတာရော၊ သူတို့ဘက်က ကြာ တာက ပိုများပါတယ်။ အမှန်တော့ အဲလောက်မကြာသင့်ဘူး”ဟု မြန်မာ နိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ ကိုအောင်မြင့်က ပြောသည်။
အားပေးပါ။ မခွဲခြားပါနှင့်
မည်သို့ဆိုစေကာမူ မသန်စွမ်းသူ များမှာ ဒုတိယဦးစားပေးသာဖြစ်နေပြီး လက်ရှိအချိန်အထိ ခွဲခြားဆက်ဆံခံနေ ရခြင်းဖြစ်ကြောင်း ဦးမြတ်သူဝင်းက ပြော သည်။ ”အခုချိန်အထိ ခွဲခြားဆက်ဆံခံ ရတုန်းပါပဲ။ မသန်စွမ်းတွေကို မခွဲခြားပါ ဘူး။သူတို့လုပ်ဆောင်တာကို အသိအမှတ် ပြုမခံရတာပါ”ဟု ၎င်းက ဆိုသည်။နိုင်ငံရေး တိုး တက်ပြောင်းလဲမှုများ ကြောင့် နိုင်ငံတကာ၏အထူးတလည် စိတ်ဝင်စားမှုခံနေရသည့် မြန်မာနိုင်ငံ အတွက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်တွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးကို အိမ် ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခဲ့ခြင်း ကြောင့် ကမ္ဘာ့နိုင်ငံများအကြား မျက်နှာ ပွင့်လန်းခဲ့သည်ဟု ဆိုရပေမည်။
တစ်ဆက်တည်း၌ပင် မသန်စွမ်းသူ များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကိုအတည်ပြုလက်မှတ် ရေးထိုးခဲ့သည်မှာ နှစ်နှစ်ကျော် ရှိပြီဖြစ် သည့် မြန် မာနိုင်ငံတွင် ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပြန်သည်။ အဆိုပါ အာဆီယံမသန်စွမ်း အား ကစားပွဲကြောင့် ဘဝ တူမသန်စွမ်းများမှာ မသန်စွမ်းအားကစားသမားများ စွမ်းဆောင် မှုကိုကြည့်၍ စိတ်ဓာတ်ခွန်အားများ ရ ရှိနိုင်သည့်အတွက် အလွန်ပင် အဖိုးတန် သော အားက စားပြိုင် ပွဲကြီးတစ်ခုဟု ဆို လျှင် မမှား။
”ဒီမသန်စွမ်းတွေကို အားကစား ပြိုင်ပွဲ ကျင်းပပေးတာ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ အားကစားသမား တွေကတော့ အဆင်ပြေပါတယ်” ဟု ဦး မြတ်သူ ဝင်းက ပြောသည်။ ၇ ကြိမ်မြောက်အာဆီယံ မသန် စွမ်းအားကစားပြိုင်ပွဲကြီးကို ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပပြု လုပ်ခဲ့ပြီး အိမ်ရှင်မြန်မာမှ အားကစား သမား ၂၁၃ ဦး ပါဝင်ကစားခဲ့ကြောင်း သိရသည်။
သို့သော် ယင်းသို့ အာဆီယံအဆင့် ပြိုင်ပွဲကြီးနှင့်အတူ ခွဲခြားဆက်ဆံခံရမှု ရှိခဲ့သည်ဟု ၎င်းက ပြောသည်။ ”ဒီကခေါ်သွား တဲ့ပရိသတ်တွေကို ဘယ် မှာထားပေး လဲ ဆိုတော့ စစ်ကြောရေးရွာ တော်မှာ တည်းရတယ်။ လုပ်တော့ လုပ် ပေးပါတယ်။ သစ်သားတဲလေးတွေ၊ ရန့်စ်လေးတွေထားပေးပါတယ်။ နေဖို့ ထိုင်ဖို့ စားသောက် ဖို့တို့အိမ် သာတို့ တော် တော်ခက်ခဲပါတယ်။ အဲဒါနဲ့ တော်တော် များများ ဥာဏ်မမီတဲ့ကလေးတွေ ပြန် ပြေးလာတယ်။ မနေနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။အာဆီယံ မသန် စွမ်းအားကစား ပြိုင်ပွဲကိုသွားရောက်ကြည့်ရှုရန် ရန်ကုန်မှ ဥာဏ်မမီကလေးများ၊ ဝှီးချဲသမားများနှင့် ခြေတုသမားများ အပါအဝင် ပရိသတ် ၉ဝဝ ခန့် ကိုခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အလားတူ ပွဲကြည့်စဉ်တွင် ပရိသတ်များဖြစ်သည့် ဝှီးချဲသမားများအဆင် ပြေစေရန်ဆောင်ရွက်ထားပေးသင့်ကြောင်း ၎င်း က ပြောသည်။
”အဲဒါကြောင့် ပြောရရင်တော့ လက် တွေ့မှာတော့ ထည့်သွင်းမစဉ်းစားပေး ဘူး။ မီးသတ်တွေ၊ လူမှုရေးဆောင်ရွက် တဲ့သူတွေ အများကြီးချထားပေးတယ်။ သူတို့က တကယ်ကိုကူညီကြတယ်။ တ ကယ့်ကို ကျေးဇူးတင်ပါတယ်။ သူတို့ကို နဂိုကတည်းက ဘီးတပ်သမားတွေသွားရ လာရအဆင်ပြေအောင်လုပ်ထားရင် ပွေ့ ချီစရာမ လိုတော့ဘူး။ မသန်စွမ်းတွေ ပွေ့ ချီထားတဲ့ပုံတွေက စာစောင်တွေထဲမှာ ပါနေတာ ပလူပျံနေတာပဲ။ ကူညီတယ် ဆိုတာ အများသိအောင် ဓာတ်ပုံထဲမှာ လူမြင်ကောင်း လုပ်တာလားတော့ မသိဘူး။  ဝိုင်းမတာကို ကြည့်ချင်ကြတာလား။ ဝိုင်းမစရာမလိုအောင် စီမံပေးထားရင် ပိုကောင်းပါတယ်”ဟု ၎င်းက ပြောသည်။
မသန်စွမ်းတစ်ယောက်ကို မိသားစု နှင့် နိုင်ငံတော်၏ထောက်ပံ့မှုအပြင် ပတ် ဝန်းကျင်၏ စာနာနားလည်မှု၊ ဖေးမကူ ညီမှုတို့သည် မရှိမဖြစ်လိုအပ်သည်။ ပတ် ဝန်းကျင် လူ တစ်ယောက်၏ အပြောအဆို လေးတစ်ခု၊ အပြုအမှုလေးတစ်ချက်က သူတို့၏ ရှိရင်းစွဲစိတ်ခွန်အားလေးများကို လုံးဝ ချုံးချုံးကျသွားစေနိုင်သည်။
သန်စွမ်းသူများပေးသော မသန်စွမ်းနာ
ငုဝါ၏ ပြောပြချက်အရ သူမ တစ် နှစ်ခန့်က ခံစားခဲ့ရသည့် ပိုလီယိုရောဂါ ကြောင့် ခြေထောက် မထောက်နိုင် လောက်အောင်အထိမဆိုးခဲ့။ အတန်ငယ် လမ်းလျှောက်နို င်သည့်အနေအထား ရှိ ခဲ့ပြီး ကျောင်းသို့လမ်းလျှောက်တက်ခဲ့သူ ဖြစ်သည်။ သို့သော် ဆယ်ကျော်သက် အရွယ် ၈ တန်းကျောင်းသူဘဝ အပျိုဖော် ဝင်စ တွင် ဘေး ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ် ချမှုဒဏ်ကြောင့် ရှက်ရွံ့ကာလမ်းမလျှောက် ဘဲနေခဲ့ရာမှ ခြေထောက်တစ်ဖက်လုံးဝ မလျှောက်နိုင်သည့် အခြေ အနေဖြစ် ခဲ့ရ ခြင်းဖြစ်ကြောင်း သူမခံစားခဲ့ရသည့် ခါး သီးမှုကို ပြောပြသည်။
”အဲ့ကောင်မလေး လမ်းလျှောက် တာ ခါယမ်းနေတာပဲ” ဆိုတဲ့ အသက်ကြီး ကြီးမိန်းမနှစ်ဦး၏ ရှုတ်ချသံကြားပြီး လမ်း မလျှောက်ဘဲ အိမ်တွင်းအောင်းနေခဲ့ရာမှ ယခုကဲ့သို့ ချိုင်းထောက် အကူအညီ ယူ ခဲ့ရခြင်းဖြစ်ကြောင်း ရင်ထဲမှ ထွက်ပေါ် လာသော တုန်ယင်သံအချို့နှင့်အတူ အနည်းငယ်ဝေ့တက်လာသော မျက်ရည်စ များ ပါဝင်သည့် မျက်ဝန်းဖြင့် သူမက ဆို သည်။
သန်စွမ်းသူများသည် လူသားနှင့် လူသားချင်းအတူတူဖြစ်သည့် မသန်စွမ်း သူများကို နားလည်ဖေးမကူညီနိုင်သည့် ကျန်းမာသန်စွမ်းသော စိတ်ထားများရှိဖို့ လည်းအမှန် တကယ်လိုအပ်နေပြန်သည်။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းသော်လည်း စိတ်ထားများ ကျန်းမာသန်စွမ်းမှု မရှိပါက မပြည့်စုံသည့်ဘဝကို ကြိုးစားရှင်သန်ရပ် တည်နေသည့် မသန်စွမ်းများထက် ပို၍ မသန်စွမ်းသူတစ်ဦး ဖြစ်နေပေမည်။
မသန်စွမ်းမှုနှင့်ပတ်သက်ပြီး ကမ္ဘာ ဦးမှ စ၍ ၂ဝရာစုကုန်ခါနီးအထိ နား လည် သဘောပေါက်နေကြသည့် ကံ ဆိုးသူ၊ သနားစရာကောင်းသူ၊ ထူးခြားသူ၊ အသုံးမကျ သူ၊မိသားစုဝင်များအတွက်၊ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ သူများ၊ သာမန်မဟုတ်သူများနှင့် လူစဉ် မမီသူများအဖြစ် မြင်နေသော အမြင် ဟောင်းများကို ယခု ၂၁ ရာစုအထိ စွဲမြဲ မယူသင့်တော့ပေ။ နိုင်ငံတကာ သတ်မှတ်ချက်အတိုင်း မြန်မာနိုင်ငံတွင် သတ်မှတ်ခဲ့သည်ရှိသော် မသန်စွမ်းအရေအတွက်မှာ ယခုထက်ပင် ပိုမို များပြားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
နိုင်ငံတော် မူဝါဒရေးရာပုဂ္ဂိုလ်များ နှင့်မသန်စွမ်းအဖွဲ့အစည်းများ၏ တတိယ အကြိမ်မြောက် တွေ့ဆုံပွဲတွင် လူကြီးများ ကိုယ်တိုင်က နိုင်ငံတကာနှင့် နှိုင်းယှဉ် လျှင် မြန် မာနိုင်ငံသည် မသန်စွမ်းသူများ အရေးကိစ္စဆောင်ရွက်ရာတွင် အားနည်း နေသေးကြောင်း၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲလျက် ရှိသော မသန်စွမ်းသူများ အခွင့်အရေး ဥပဒေကို အမြန်ဆုံးအကောင်အထည် ပေါ်လာစေရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူ များ အရေးကိစ္စ ပိုမိုဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် ဘတ်ဂျက်မှာလည်း တိုးမြှင့်ခွဲဝေ ချထားပေးသွားမည် ဖြစ် သည်ကို ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။အတက်ရောဂါကြောင့် မသန်စွမ်း ဖြစ်နေသူ မောင်ငယ်အပါအဝင် မသန် စွမ်းနှစ်ဦးဖြစ်နေသည့် ငုဝါတို့မိသားစုအဖို့ ဝင်ငွေများများရှာဖို့ ဘဝတူ မသန်စွမ်းများ ကို ဖေးမကူညီဖို့နှင့် ကျေးဇူးရှိသူ ဆရာ ကို အတတ်နိုင်ဆုံးကျေးဇူးဆပ်ဖို့ကသာ သူမ၏ ရည်မှန်းချက် တစ်ခုဖြစ်နေခဲ့သည်။
မသန်လည်းလူ သန်လည်းလူ
မည်သို့ပင် ညတာရှည်စေကာမူ ရောင်နီသမ်းစပြုလာသည့် မသန်စွမ်းတို့ ၏ ဘဝအတွက် မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ ဥပဒေထွက်ပေါ် လာရန် စောင့် ဆိုင်းကြရုံသာဖြစ်ပြီး ဥပဒေထွက် ပြီးပါက ရရှိလာမည့် အခွင့်အရေးများ သည် မသန်စွမ်းတို့ဘဝကို မည်မျှလင်း လက်စေနိုင်ပါမည်နည်း။ မသန်ပေမဲ့ စွမ်းနို င်သေးသူ လူသား တစ်ဦးဖြစ်သောကြောင့် လူနှင့် လူ့အမြင် သာထားရှိဖို့ လိုပေသည်။
နိုင်ငံတကာမှ ကိုယ်အင်္ဂါမသန်စွမ်း သူဟုသတ်မှတ်သည်မှာ ကိုယ်အင်္ဂါမသန် စွမ်းသူ၊ နားမကြားသူ၊ မျက်စိမမြင်သူ၊ ဥာဏ်ရည်မမီသူ၊ နှလုံးရောဂါရှိသူ၊ ကင် ဆာရောဂါရှိ သူ၊ လူပုကလေးများ၊ သက်ကြီး ရွယ်အိုနှင့်  HIV/ AIDS ဝေဒနာ ခံစားနေရသူများ ဖြစ်သည်။ နိုင်ငံအလိုက် မသန်စွမ်းမှုကို သတ် မှတ်ချက် ကွဲပြားကြသည်။ မြန်မာနိုင်ငံ တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ နားမကြား သူ၊ မျက်စိမမြင်သူနှင့် ဥာဏ်ရည်မမီသူ စသည့်လေးမျိုးကိုသာ မသန်စွမ်းအဖြစ် သတ်မှတ်ထားသည်။
ယင်းသို့ ၄ မျိုးသာ သတ်မှတ်ထားသည့်အတွက်  HIV/ AIDS နှင့် နာတာရှည် ကင်ဆာသမားများအတွက် ဝန်ဆောင်မှုရရှိရမည့် အခွင့်အရေးများနှင့် မသန်စွမ်း များအ တွက် ဥပဒေမှပေးသော အကျိုး ခံစားခွင့်များ မပါပါက ကျန်မြဲကျန်နေ ဦးမည်ဖြစ်သည်ဟု ကိုနေလင်းစိုးက ဆိုသည်။ ညနေ ၆ နာရီနီးနီး ဆောင်းကုန် လုနီးဖြစ်သော် လည်း အအေးဓာတ်က ကျန်နေသေးသည်။ မှောင်လုနီးနီးဖြစ် နေပြီဖြစ်၍ လုပ်လက်စ အလုပ်များ လက်စသတ်ပြီးဖြစ်သောကြောင့် ငုဝါတစ် ယောက် အိမ်ပြန် ရန် ပြင် ဆင်ကာ ကျော ပိုးအိတ်လွယ်ပြီး လက်ဆွဲတော် ချိုင်း ထောက်ကိုဆွဲကာရုံးခန်းရှိရာ လမ်းမတော် မြို့နယ်အတွင်းရှိ အထပ်မြင့်တစ်ခု၏ ပထမထပ် မှ အောက်သို့ လှေကား တစ်ထစ်ချင်းဆီ ယိုင်နဲ့နဲ့ဖြင့် ဆင်းလာ သည်။ အိမ်ပြန်ရန်အတွက် သာမန်လူများပင် ညည်းညူနေသည့် လိုင်းကားကို တိုးဝှေ့ စီးရပါဦးမည်။ယနေ့အတွက် သူမအပေါ် နား လည်ပေးမည့်သူ၊ ထိုင်ခုံထပေးမည့်သူ ရှိ၊ မရှိတာ့ မသိ။ ယိုင်နဲ့နဲ့ လျှောက်လှမ်း သွားသော သူမ၏ အိမ်ပြန်လမ်းအတွက် ဆုတောင်းရုံသာ ရှိပါတော့သည်။
မြတ်စုငြိမ်း၊ ဝေမာထွန်း
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis