menu

Saturday 25 January 2014

" အမေရိကမှာပြုလုပ်ခဲ့တဲ့ All Roads Film Festival ရဲ့ ဇာတ်လမ်းတို အကောင်းဆုံးဆုရှင် ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ တွေ့ဆုံခြင်း"


ဒါရိုက်တာ ကြည်ဖြူသျှင် အနေနဲ့ documentary နဲ့ ပတ်သက် ပြီး ၂ဝဝ၆ခုနှစ်တွင် အမေရိကရှိ Anthropology Film Festival မှာ Peace of Mind Documentary နဲ့ ဆန်ခါတင် အရွေးခံရပြီး ပွဲတော်မှာ ပြသခွင့် ရခဲ့ပါတယ်။ ၂ဝဝ၈ခုနှစ် Wastington D.C  မှာ National Geographic Society  က ကြီးမှူးကျင်းပသော ၅ကြိမ်မြောက်All Roads Film Festival  တွင် ဇာတ်လမ်းတိုအကောင်းဆုံးဆု 2008 Best Short Award  ဆုကို ရရှိခဲ့ပါတယ်။ The Merry Kliolows of Nan Mum အမည်နဲ့ NGO Documentary  ကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း Documentary  နဲ့ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ခံယူချက်၊ စိတ် အားထက်သန်မှု အကြောင်းတွေ ကို မေးခွန်း၅ခုကဏ္ဍအဖြစ် အင်တာဗျူးဖြစ်ခဲ့ပါတယ်။
မေး- အစ်မတက်ခဲ့တဲ့ Documentary သင်တန်း အကြောင်းကစပြီးပြောကြရအောင်။ အဲ့ဒီ ကာလတုန်းက Documentary  နဲ့ပတ်သက်ပြီး ရိုက်ကူးမှု အပိုင်းတွေမှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့သေးလဲ။
ဖြေ- အစ်မ Documentary သင်တန်းစတက်ဖြစ်တာက အသက်၂၆ နှစ်လောက်မှာ စတက်ဖြစ်တယ်။ အစ်မတို့ Documentary  သင်တဲ့ကာလ က ခိုးသင်ရတာပါ။ တရားဝင်တောင် သင်လို့မရဘူး။ အဲဒီကာလတုန်းက မပွင့်လင်းသေးဘူးလေ။ YFS Yangon Film School မှာ တက်ခဲ့တဲ့သူတွေကို အနုပညာသူရဲကောင်းတွေလို့ တင်စားချင်တယ်။ သူတို့က တကယ်ကို စွန့်လွှတ် စွန့်စားနဲ့ တက်ခဲ့ ရတာပါ။ ဒီသင်တန်းတက်တဲ့အချိန်မှာမိရင် အစ်မတို့က Media Art နဲ့ပဲ ကျမလားပဲ။ သင်တန်းပြီးတဲ့ အချိန်မှာ တကယ့်လက်တွေ့ လိုက်ရိုက်ရတယ်။ လူတွေရဲ့ ဘဝတွေကို ရိုက်ပြရတာ။ အဲဒီလို ရိုက်ပြရတဲ့ အချိန်မှာ မတော်တဆ တစ်ခုခုများ ငြိသွားလို့ ဖမ်းခံထိရင် မလွယ် ပါဘူး။ တကယ်ကို စွန့်စွန့် စားစားနဲ့ ရိုက်ရတာပါ။ အစ်မ တို့ တက်တဲ့အချိန်တုန်းက သင်တန်းက အသက်ကန့် သတ်တယ်။ လူဦးရေကန့် သတ်တယ်။ Documentary သင်တန်းတက်ဖို့ကို ဦးမီးပွားက ဖုန်းဆက်တယ်။ ဂျာမနီက လင်းဆေးမယ်ရီဆင်ဆိုတာလာမယ်။ သူက သင်တန်းပေးမယ်ပေါ့။
လင်းဆေးနဲ့ သွားတွေ့တဲ့ အခါ ကိုယ်မသိသေးတဲ့ Documentary  တွေအများကြီး ရှိတယ်ဆိုတာ သိခဲ့ရတယ်။ လူအကြောင်းရိုက်တဲ့ Documentary  ရှိတယ်။ တိရစ္ဆာန်အကြောင်း Documentary  ၊ ရှေးခေတ်သမိုင်းအကြောင်း ရိုက်တဲ့ Documentary  ပေါ့။ Documentary  မှာ ခေါင်းစဉ်တွေ အများကြီးရှိတယ်။ အစ်မ သင်လိုက်ရတာက လူတစ် ယောက်ရဲ့Life ကို မီးမောင်းထိုးပြတဲ့ Documentary ကို သင်လိုက်ရတယ်။ အဲဒီတော့မှ Documentary ဆိုတာ ဒါပါလားဆိုတာ သိလိုက်ရတယ်။ Documentary ကို ပိုပြိးသိလာလေလေ ပိုပြီးကျယ်ပြန့်လာလေလေပါပဲ။ Documentary အကြောင်း ပြောလိုက်ရင် သူ့အမြင်ကိုယ့် အမြင်နဲ့ ငြင်းစရာတွေ အများ ကြီးရှိလာလိမ့်မယ်။ ဥရောပကမြင်တဲ့ Documentary ပုံစံနဲ့ အမေရိကားကမြင်တဲ့ Documentary ပုံစံ၊ အရှေ့တိုင်းက မြင်တဲ့ပုံစံတွေက မတူဘူး။
မေး- အစ်မ အနေ နဲ့ ဆရာဝသုန် ရဲ့ Life ကို Documentary  ရိုက်ကူးပြီး အမေရိကမှာ 2008 Best Short Award ဆုရရှိခဲ့တယ်။ ဆရာဝသုန် အကြောင်း ရိုက်ဖြစ်ရခြင်း အကြောင်းနဲ့ ဆုရရှိခဲ့တဲ့ အတွေ့အကြုံတွေ အကြောင်း ပြန်လည်ဝေမျှပါဦး။
ဖြေ- Documentary သင်တန်းပြီးတဲ့အချိန်မှာ အစ်မတို့ဆရာမက သင်တန်းသားတွေကို မရိုက်ဖြစ်တော့မှာ စိုးလို့ သင်တန်းသားတွေကို ပြိုင်ပွဲ လုပ်ခိုင်းတယ်။ ရိုက်ကူးစရိတ် ဒေါ်လာ ၁ဝဝထုတ် ပေးတယ်။ကျောင်းက ရိုက်ကူးရေးပစ္စည်း တွေကို ပေးသုံးတယ်။ကိုယ် ရိုက်မယ့်အကြောင်း အရာကို တင်ရတယ်။ တင်ပြီးတဲ့အခါ ကင်မရာမင်းတစ်ဦးနဲ့ Sound တစ်ဦးကို ဒါရိုက်တာက ရွေးရတယ်။ ဆုရရင် သုံးပုံပုံပြီး တစ်ယောက် တစ်ပုံစီယူပေါ့။ အဲဒီလိုနဲ့ ဘာအကြောင်း ရိုက်ရမလဲ လို့ တွေးတော့ ဆရာဝသုန် အကြောင်းကို ရိုက်မယ်လို့ ဆုံး ဖြတ်လိုက်တယ်။ ဆရာက တအားကို အနုပညာပီသ တယ်။ ဆရာရဲ့ အိမ်ကို ရောက် သွားတော့လည်း ဆရာရဲ့ အိမ်က တအားအနုပညာဆန် နေတာ တွေ့ရတယ်။ ဆရာရဲ့ မိသားစုကလည်း ငြိမ်းချမ်း တယ်။အဲဒီ Life တွေကို ခံစားရတယ်။ဆရာက ပန်းချီသင်တန်း တက်တဲ့အခါမှာလည်း အမြဲတမ်း ပထမရတယ်။ ဒီလောက် တော်တဲ့ ဆရာတစ်ယောက်ရဲ့ ဘဝမချမ်းသာဘူး။ သူဟာ ငွေမလိုချင်ဘူး။ ငွေကို မမက်ဘူး။ သူက စီးပွားဖြစ်မယ့် ပန်းချီတွေ လည်းမဆွဲဘူး။ သူ ခံစား ရတဲ့အတိုင်းဆွဲတယ်။
အဲဒီတော့ အစ်မ ဆရာ့ကို တအားလေးစား တယ်။ ဒီလို တအားတော်တဲ့ ဆရာတစ်ယောက် မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ ကမ္ဘာကို သိစေချင်တာ။ဆရာ့ အကြောင်းကို ကမ္ဘာက သိစေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ခဲ့ တယ်။ ရိုက်ပြီးတဲ့အခါမှာ ပြိုင်တယ်။အစ်မတို့ ဆုမရဘူး။ ဒါပေမဲ့ အစ်မတို့ ကျေနပ်တယ်။ တအားလေးစားရတဲ့ ဆရာ့ အကြောင်း ကို မှတ်တမ်းအတွက် ရိုက်ခွင့်ရခဲ့တဲ့ အတွက်လေ။ အဲဒီလိုနဲ့ တစ်နှစ်လောက်ကြာ တော့ အစ်မဆရာမက ဖုန်း ဆက်တယ်။ ကြည်ဖြူသျှင်နင့်ရဲ့ Documentary အမေရိကမှာပြဖို့ အရွေးခံရတယ်တဲ့။ ဒီပွဲတော် နင်တက်ရမယ်လို့ ပြောတယ်။အဲဒါနဲ့ ပွဲသွားတက်တယ်။ ပွဲကို ရောက်တဲ့အချိန်အထိ ဆန်ခါတင် စာရင်း မှာပါ တယ်လို့ပဲ ပြောတယ်။နောက်ဆုံး ဖိုင်နယ်နေ့ကျတော့ အစ်မနေမကောင်းဘူး။အဲဒါနဲ့ Documentary ကြည့်ပြီးတာနဲ့ အခန်းကိုပြန်တယ်။ အဲ့ဒီအချိန် မှာ ပွဲက လူကြီးတွေက ကြည် ဖြူသျှင်ဆိုပြီး လာခေါ်တယ်။ ခန်းမရောက်တဲ့အခါမှာ စတိတ် မှာ ဆု(၄)ဆုတင်ထားတာ တွေ့ ရတယ်။ သိပ်မကြာဘူး။ ဆု ကြေညာတယ်။ ပထမဆုံး ဆုက ဓာတ်ပုံဆုကို ကြေညာတယ်။  ဓာတ်ပုံဆုပြီးတော့ Documentary ဆုကို ကြေညာတယ်။ အတိုဆုံးနဲ့ အကောင်းဆုံး The Best of Short Documentary  ဆု ဆိုပြီးကို ကြေညာတယ်။ အစ်မတအားအံ့သြသွားတယ်။ ထင်မထားဘူးလေ။တအား လည်း ဝမ်းသာသွားတာပေါ့။ ဆုရတဲ့ အချိန် ၂၄သိန်းရတယ်။ လေး ပုံပုံ လိုက်တယ်။ ဆရာ့အတွက် ပါ တစ်ပုံ ပုံတယ်။ သင်တန်းမှာ ဆုမရခဲ့တဲ့ ဇာတ်ကားတစ်ကား ဟာ အမေရိကားမှာ ဆုသွားရတာ ကတော့ အမှတ်တရပါပဲ။
မေး- အစ်မသာ ပရိသတ်တစ်ယောက်ဆိုရင် Documentary  နဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးကို ကြည့်ချင်လဲ။ အစ်မရိုက်တဲ့ Documentary  ၃ခု စလုံးက အစ်မကြည့်ချင် တဲ့ ပုံစံအတိုင်း ရိုက်ခဲ့တာလား။
ဖြေ- အစ်မအနေနဲ့ကတော့ Documentary  ကို အစစ်တွေပဲကြည့်ချင်တယ်။ လူတစ်ယောက် ရဲ့အကြောင်းကို ဆင်ရိုက်တာမျိုး မကြည့်ချင်ဘူး။ Documentary  မှာ Music ထည့်တာလည်း အစ်မမကြိုက်ဘူး။ အစ်မရဲ့ Documentary တွေမှာ Music ဘယ်တော့မှ မသုံးဘူး။ တကယ် Life  တွေမှာ Music မှမရှိတာပဲ။ တကယ့်ဘဝမှာ ပတ်ဝန်းကျင်ရဲ့အသံတွေနဲ့ပဲ လှုပ်ရှားနေရတာလေ။ အဲဒါ ကြောင့်အစ်မရိုက်တဲ့ Documentary တွေမှာ ပတ်ဝန်းကျင်ရဲ့ အသံတွေအတိုင်းပဲ သွားတယ်။ တခြားအ စားထိုးပြီး ရိုက်တာမျိုး ဘယ်တော့မှ မသုံးဘူး။ အစစ်တွေကိုပဲ ပြတယ်။ အစစ်တွေနဲ့ပဲ ရိုက်တယ်။ ဒါကတော့ အစ်မအနေနဲ့ Documentaryအပေါ်မှာထားတဲ့ ကိုယ်ပိုင် ယုံကြည်မှုလို့ ပြောမလားပဲ။ Music မပါဘဲ Documentary ကို ကြည့်ရတာကိုက Documentary စစ်သလိုမျိုး ခံစားရတယ်။
မေး- Documentary ထပ်ရိုက်ဖို့ အစီအစဉ်ရှိပါသလား။ ဘာကြောင့် Documentary ထပ်မရိုက်ဖြစ်တော့တာလဲ။
ဖြေ-အစ်မကို Documentary တွေ ရိုက်ခိုင်းထားပါတယ်။ အစ်မအနေနဲ့ Documentary ကို တအားတန်ဖိုးထားတယ်။ Documentary မဖြစ်ဘဲနဲ့ မရိုက်ချင်ဘူး။ အစ်မအနေနဲ့ Documentaryတစ်ခုရိုက်ပြီဆိုရင် လနဲ့ချီပြီးတော့ကို ကြာတယ်။ Documentary တစ်ခုက ၁၅မိနစ်တည်းပါပဲ။ အဲဒီ ၁၅ မိနစ်ရိုက်ဖို့အတွက် ကို ပြင်ဆင် ရတာ၊ ရိုက်ကူးရတာ ၁လ ခွဲလောက်ကို ကြာတယ်။ Documentary ကို တအားတန်ဖိုးထားလို့ အစ်မထပ်မရိုက်ဖြစ် တာပါ။ တော်ရုံတန်ရုံလောက် နဲ့တော့လည်း မရိုက်ချင် ဘူး။ ရင်ထဲမှာ တကယ်နင့် နင့်သီးသီးခံစားရမှ ရိုက်ချင်တယ်။ အစ်မရိုက်ခဲ့တဲ့ Documentary တွေကလည်း တကယ်ကို ရင်ထဲမှာခံစားရ ပြီးတော့မှ ရိုက်ခဲ့တာပါ။ ဒါကြောင့်လည်း ရိုက်ခဲ့တဲ့ ၃ခု က ဘယ်တော့မှ မရိုးဘူး။ ကိုယ့်အတွက်လည်း မှတ်တိုင် ဖြစ်တယ်။
မေး- Documentary ဆိုတာ သမိုင်းရဲ့ မှတ်တမ်းတွေလို့လည်း တချို့ကသုံးသပ်ကြပါတယ်။ ဒီအပေါ်မှာ အစ်မရဲ့အမြင်ကကော ဘယ်လိုရှိလဲ။ တစ်ဆက်တည်း Documentary ကို စိတ်ဝင် စားကြတဲ့ လူငယ်တွေအတွက် အကြံပြု၊ လမ်းညွှန်စကားလည်း ပြောပေးစေလိုပါတယ်။
ဖြေ- Documentary ဆိုတာ တအားတန်ဖိုးရှိတဲ့ သမိုင်းအမွေပါ။ ဖြစ်နိုင်ရင် Documentary ရိုက်တဲ့အခါ နေရာ၊ ဒေသအခြေအနေတွေကိုပါထည့် ပြီးရိုက်ပြစေချင်တယ်။ Documentary မှာ Title  ရှိတယ်၊ ခုနှစ်ရှိတယ်။ ဒါကို သိမ်းထားလိုက်ပြီး နောင်နှစ်ပေါင်းများ စွာကြာတဲ့အခါ တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာလိုပါပဲ။ Documentary က နှစ်တွေကြာလေ တန်ဖိုးကြီးလေလေပါပဲ။ ကမ္ဘာမှာ Documentary ဒါရိုက်တာတွေကို တအားတန်ဖိုးထားသလို၊တအားလည်း လေးစားပါတယ်။
ပညာတတ်အသိုင်းအဝိုင်းတွေက ရုပ်ရှင်ထက်စာရင် Documentary ကို ပိုကြည့်ကြတယ်။ နောက်တစ်ခုက သူတို့ဘာပြောလဲဆိုရင် Documentary သမားတွေကတဲ့ တကယ်စိတ်ထားဖြူစင်၊ မြင့်မြတ်တဲ့သူတွေတဲ့။ ဘာကြောင့်လဲဆိုတော့ သာမန်လူတွေရဲ့ Life တွေကို လူတွေအများကြီး သိအောင် ဒီဘဝတွေထဲ ကို လျှောက် ရိုက် တဲ့ သူတွေပေါ့။ အစ်မတို့ ရုပ်ရှင်ကျတော့ စီးပွားရေးသမားတွေပေါ့။ အနုပညာ နဲ့ စီးပွားရှာတဲ့ သူတွေပေါ့။ သိပ်အထင်မကြီးဘူး။  Documentary သမားကို သူတို့ပို အထင်ကြီးလေးစားကြတယ်။
လင်းအက္ခရာ
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis