menu

Saturday 25 January 2014

ထောက်ကြန့် ပေါက်ကွဲမှုမှာ လက်နက်ဟောင်းတစ်ခု ဖြစ်နိုင်ကြောင်း ရဲအရာရှိသုံးသပ်


ရန်ကုန်၊ ဇန်နဝါရီ ၂၄

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ဧကရာဇ်ရပ်ကွက်ရှိ စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဝန်ထမ်းများ လိုင်းခန်းတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုပါ လိုင်းခန်းရှိ ကလေးငယ်က လက်နက်ဟောင်းတစ်ခုကို ထုရိုက် ဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

“ဗုံးပေါက်ကွဲမှု မဟုတ်တာတော့ သေချာတယ်။ ဗုံးပေါက်ကွဲတာဆို ကလေးတွေရဲ့ အမေပါ ဒဏ်ရာရမှာ။ ပေါက်ကွဲစဉ်က ကလေးတွေနဲ့ သူ့အမေက လေးပေအကွာ လောက်မှာပဲ ရှိတာ။ လတ်တလော ဒဏ်ရာ ရရှိထားတဲ့ ကလေးနှစ်ယောက်ကို ရန်ကင်း ကလေးဆေးရုံမှာ အော်ပရေးရှင်း ဝင်နေဆဲမို့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မိသားစုကို သေချာ မစစ်ဆေးရသေးဘူး။ ဖြစ်တဲ့နေရာကို စစ်ဆေး သုံးသပ်ချက်အရဆိုရင် လက်နက်ဟောင်း တစ်ခုခုကို ထုမိတာကြောင့် ပေါက်ကွဲတာလို့ ယူဆထားတယ်။ လက်နက်ဟောင်း ဆိုတာက ဥပမာ- ကျည်ဆန်ဟောင်းလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။


အဆိုပါ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ လိုင်းခန်းရှိ သန့်ရှင်းရေးလုပ်သား ဦးလှဝင်း၏ လိုင်းခန်းတွင် ၎င်း၏သား အသက်ရှစ်နှစ်အရွယ် မောင်မျိုးကိုနှင့် ၁၀ လအရွယ်သမီး မခိုင်သဇင်ဝင်းတို့ မောင်နှမ နှစ်ဦး နေအိမ် အတွင်း ဆော့ကစားနေရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ မောင်မျိုးကို၏ ညာလက်ခုံနှင့် ဘယ်လက်ညှိုးတွင် ပြတ်ရှဒဏ်ရာ၊ မခိုင်သဇင်ဝင်း၏ တံတောင်ဆစ်၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကင်း ကလေးဆေးရုံကြီးတွင် ကုသမှုခံယူလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

“ပေါက်ကွဲမှုကြောင့် ကောင်လေးရဲ့ ညာဘက်လက်ခုံက အသားစတွေက ဖွာထွက်သွားခဲ့တာကြောင့် ဖြတ်လိုက်ရတယ်။ ကလေးမလေးကတော့ ဒဏ်ရာရ ရှိခဲ့တယ် ဆိုပေမယ့် စိုးရိမ်ဖွယ် အနေအထား မရှိတော့ဘူး” ဟု ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲအရာရှိက ရှင်းပြသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော အဆိုပါ လိုင်းခန်းကို တပ်မတော် အင်ဂျင်နီယာ တပ်ရင်းနှင့် မှုခင်းရဲတပ်ဖွဲ့တို့က လာရောက် စစ်ဆေးခဲ့သော်လည်း ပေါက်ကွဲရသည့် အကြောင်းအရင်းကို ဇန်နဝါရီ ၂၄ ရက်နေ့အထိ မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၁၀ ပေပတ်လည် ဓနိမိုး၊ ဝါးခင်း လိုင်းခန်းတွင် ပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါအိမ်၏ ဝါးခင်းအပေါ်တွင် ထပ်ခင်းထားသော ငါးထပ်သား ပွင့်ထွက်ခဲ့ပြီး နေအိမ် ဓနိအမိုး နှစ်လက်မခန့် ပေါက်ထွက် ခဲ့ကြောင်း၊ ပေါက်ကွဲခဲ့သော နေရာမှ မြေကြီးနှင့် ကလေးငယ်များတွင် ဝတ်ဆင်ထားသော အဝတ်အစားများကို စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများက ဓာတ်ခွဲခန်းအတွင်း စစ်ဆေးရန် ယူဆောင်သွားကြောင်း ဧက္ကရာဇ် ရပ်ကွက်တွင်းနေသူ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis