menu

Saturday 25 January 2014

အီဂျစ်မြို့တော် ကိုင်ရိုရှိ ရဲဌာနချုပ် အပြင်ဘက် အပါအဝင် နေရာသုံးနေရာ တွင် ကားဗုံးကွဲ၊ လူငါးဦးသေဆုံး၊ ၇၀ ကျော် ဒဏ်ရာရ

Photo: အီဂျစ်မြို့တော် ကိုင်ရိုရှိ ရဲဌာနချုပ် အပြင်ဘက် အပါအဝင် နေရာသုံးနေရာ တွင် ကားဗုံးကွဲ၊ လူငါးဦးသေဆုံး၊ ၇၀ ကျော် ဒဏ်ရာရ

ကိုင်ရို၊ ဇန်နဝါရီ ၂၄

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ရဲဌာနချုပ် ရုံးရှေ့နှင့် အခြားနေရာ နှစ်နေရာတွင် ကားဗုံး ပေါက်ကွဲမှုကြောင့် လူငါးဦး သေဆုံးသွားပြီး ၇၀ ခန့် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကိုင်ရိုမြို့ရှိ ရဲဌာနချုပ် ရုံးရှေ့၌ ဒေသ စံတော်ချိန် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ကားဗုံးပေါက်ကွဲ မှုကြောင့် လူလေးဦး သေဆုံးပြီး ၅၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်နေသော Ansar Beit al-Maqdis အကြမ်းဖက်အဖွဲ့က ၎င်းတို့ လက်ချက် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် နာရီပိုင်းအကြာတွင် ကိုင်ရိုမြို့တော် ဒိုခီ ရပ်ကွက်နှင့် အခြားနေရာ တစ်ခုတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံး၍ ၁၅ ဦး ဒဏ်ရာ ရရှိသွားသည်။

အီဂျစ်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က အာဏာရှင် မူဘာရတ်ကို လူထု ဆန္ဒပြမှုများဖြင့် ဖြုတ်ချခဲ့သည့်ကာလ ၃ နှစ်ပြည့် အချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုင်ရိုရှိ ရဲဌာနချုပ် ရုံးရှေ့တွင် ကား ဗုံးပေါက်ကွဲခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ပြီး၊ ပေါက်ကွဲမှု ဖြစ်ပွားအပြီး သေနတ်သံများလည်း ကြားခဲ့ရသည်။

ယင်းဗုံးပေါက်ကွဲမှုကြောင့် အနီးရှိ အီဂျစ်အစ္စလာမ္မစ် ပြတိုက်နှင့် အမျိုးသား မော်ကွန်းတိုက်မှာလည်း ထိခိုက် ပျက်စီးခဲ့သည်။

အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက်အဖြစ် မွတ်ဆလင် ညီအစ်ကိုများအဖွဲ့က သောကြာနေ့ ဝတ်ပြု ဆုတောင်းပွဲ အပြီးတွင် နိုင်ငံတစ်ဝန်း ဆန္ဒပြရန် စီစဉ်ထားရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး တပ်လှန့်ထားချိန်တွင် ယခုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အီဂျစ်တွင် ယမန်နှစ် ဇူလိုင်လက မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သော သမ္မတမိုဟာမက် မော်စီကို စစ်တပ်က အာဏာသိမ်း၍ ဖမ်းဆီးခဲ့ပြီးနောက် မွတ်ဆလင် ညီအစ်ကိုများအဖွဲ့က ဆန္ဒပြမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သော သီတင်းပတ်ကလည်း အီဂျစ်အခြေခံ ဥပဒေသစ်ကို အတည်ပြုလိုက်ခြင်းကိုလည်း မွတ်ဆလင် ညီအစ်ကိုများအဖွဲ့က လက်ခံခြင်း မရှိဘဲ မကျေနပ်မှုများ ပိုမိုတိုးလာခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis