menu

Saturday 25 January 2014

နိုင်ငံတော်ကာကွယ်ရေးကို တပ်မတော်က တာဝန်ယူထားသောကြောင့် ကြည်း၊ ရေ၊ လေ ရဲအရာရှိများ မလိုအပ်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၄

နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း တာဝန်များကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်နေသောကြောင့် အခြားနိုင်ငံများကဲ့သို့ ကြည်း၊ ရေ၊ လေ ရဲအရာရှိများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန် မလိုအပ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက နိုင်ငံတကာ အဆင့်မီ Police Academy တက္ကသိုလ် ဖွင့်လှစ်ပြီး ကြည်း၊ ရေ၊ လေ ရဲအရာရှိများ မွေးထုတ်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနက ပြည်တွင်း လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေရပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ လက်ရှိ အခြေအနေမှာ နိုင်ငံတကာအဆင့်မီ ရဲအရာရှိတွေ မွေးထုတ်ပေးဖို့ မလိုအပ်ပါသေးဘူး” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။



ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ ပြည်တွင်း လုံခြုံရေးကို အကာကွယ်ပေးရန်အတွက် တက္ကသိုလ်များ ဖွင့်လှစ်ပြီး အဆင့်မြင့် ရဲအရာရှိများကို မွေးထုတ် ပေးသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

“ရဲသင်တန်းကျောင်းတွေလို မဟုတ်ဘဲ ကျွမ်းကျင်မှုအလိုက် စွမ်းရည် မြင့်တက်အောင် နှစ်ရှည် သင်တန်းတွေပေးပြီး သက်ဆိုင်ရာ ဘွဲ့တွေကို ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လမှစတင်ကာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအကြပ် အတတ်သင်ကျောင်း၊ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်း ၊ အမှတ် (၄) ရဲလေ့ကျင့်ရေး ကျောင်းများကို တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis