menu

Saturday 25 January 2014

ရန်ကုန်မြို့၏ ဆွဲဆောင်မှု အကောင်းဆုံး ၄၂ နေရာအနက် ထွေးဦးမြန်မာ ရုပ်သေး အဆင့်သုံးနေရာသို့ ရောက်ရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၄

မြန်မာ့ရုပ်သေးကို ကမ္ဘာသိအောင် ပြသရန် ရည်ရွယ် လုပ်ဆောင်နေသည့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့သည် ရန်ကုန်မြို့ရှိ ဆွဲဆောင်မှု အကောင်းဆုံး ၄၂ နေရာအနက် တတိယနေရာသို့ ရောက်ရှိလာကြောင်း Trip Advisor အင်တာနက် ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂၁ ရက်နေ့ ဖော်ပြချက်အရ သိရသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းညွှန်မှုပေးနေသော အဆိုပါ ဝက်ဘ်ဆိုက်သည် ကမ္ဘာ့နိုင်ငံများရှိ သွားလာရန် အကောင်းဆုံး နေရာများကို ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှုနှင့် မှတ်ချက်များအပေါ် အခြေခံ၍ သတ်မှတ်လျက်ရှိရာ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွက် အဆင့်ငါးနေရာမှ အဆင့်သုံးနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားများ၏ မှတ်ချက် ၁၁ ခုတွင် အကောင်းဆုံး (Excellent) အဆင့်အဖြစ် ဖော်ပြခဲ့သောကြောင့် ယင်းကဲ့သို့ အဆင့်တက်လာခြင်း ဖြစ်ကြောင်း၊ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့သည် ဖျော်ဖြေရေး မဟုတ်ဘဲ ပညာရှင်များဖြင့် မြန်မာ့ရုပ်သေးပညာကို မပျောက်ပျက်အောင် ကြိုးစားနေခြင်းဖြစ်၍ ယခုကဲ့သို့ လာရောက် ကြည့်ရူသူများ၏ လက်ခံအားပေးမှုကို ရရှိခြင်း ဖြစ်ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်ထွေးက ပြောကြားသည်။



သွားရောက် လည်ပတ်ခဲ့သည့် နေရာများကို အကောင်းဆုံးအဆင့် (Excellent)၊ ကောင်းမွန်သောအဆင့် (Very Good)၊ ပျမ်းမျှအဆင့် (Average)၊ ဆိုးသောအဆင့် (Poor) နှင့် အလွန်ဆိုးသော အဆင့် (Terrible) ဟူ၍ ကမ္ဘာလှည့် ခရီးသွားများက အဆင့်ငါးဆင့်ဖြင့် မှတ်ချက်ပြုနိုင်ပြီး အဆိုပါ မှတ်ချက်များပေါ်တွင် အဆင့်သတ်မှတ်ထားခြင်း ဖြစ်ကြောင်း Trip Advisor ဝက်ဘ်ဆိုက်၏ အမှတ်ပေးပုံစနစ်တွင် ဖော်ပြထားသည်။

အဆင့်တစ်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ အဆင့်နှစ်တွင် ထောက်ကြန့် စစ်သင်္ချိုင်းနှင့် အဆင့်သုံးအဖြစ် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ဖော်ပြခံရခြင်း ဖြစ်ပြီး ရန်ကုန်မြို့၏ ဆွဲဆောင်မှု အကောင်းဆုံး နေရာများတွင် စိန့်မေရီ ဘုရားကျောင်း၊ ဒေါ်အောင်စုကြည်နေအိမ်၊ ကန်တော်ကြီး အပန်းဖြေဥယျာဉ်၊ ရန်ကုန် မြို့ပတ်ရထားနှင့် ကရ၀ိက်ဟိုတယ်တို့လည်း ပါဝင်ကြောင်း ယင်းဝက်ဘ်ဆိုက် ဖော်ပြချက်များအရ သိရသည်။

Trip Advisor ဝက်ဘ်ဆိုက်သည် ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက စတင်တည်ထောင်ခဲ့ပြီး တစ်လလျှင် ပျမ်းမျှလူဦးရေ သန်း ၅၀ ခန့် ဝင်ရောက် ကြည့်ရှုနေသော အခမဲ့ ဝက်ဘ်ဆိုက် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis