menu

Saturday 25 January 2014

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ နိုင်ငံတကာ သတင်းဌာနများ၊ အဖွဲ့အစည်းများ၊ သံတမန်များအား ပြည်တွင်းရေး ၀င်ရောက် စွက်ဖက်သည့်ပုံစံ မဖြစ်ပေါ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

Photo: ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ နိုင်ငံတကာ သတင်းဌာနများ၊ အဖွဲ့အစည်းများ၊ သံတမန်များအား ပြည်တွင်းရေး ၀င်ရောက် စွက်ဖက်သည့်ပုံစံ မဖြစ်ပေါ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

နိုင်ငံတကာ သတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနှင့် ဆက်သွယ်စုံစမ်း အတည်ပြုထားသော သတင်းများကိုသာ ထုတ်ပြန်သင့်ကြောင်းနှင့် သို့မဟုတ်ပါက အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၄ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အခြေစိုက် သံတမန်များ အနေဖြင့်လည်း ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယက်နာ ကွန်းဗင်းရှင်းနှင့်အညီ သံတမန် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပသတင်း ဌာနများနှင့် အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများသည် အတည်မပြုနိုင်သော သတင်းများကို အခြေခံချက်လွဲမှားစွာ ကောက်ချက်ချ၍ သတင်းများ ထုတ်ပြန်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့သတင်းမှားများနှင့် စွပ်စွဲပြောဆိုချက်များသည် ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်း နှစ်ခုအကြား အထင်အမြင် လွဲမှားစေရန် ပုံကြီးချဲ့ ဖန်တီးပြောကြား လုပ်ဆောင်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများအား စုံစမ်းမေးမြန်းခြင်း၊ အတည်ပြုချက် ရယူခြင်းများ မရှိခဲ့ဘဲ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်ဟု ဖော်ပြသည်။

ထို့ပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဇန်နဝါရီ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ငါးဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန်လှည့်ကင်းတာဝန် ထမ်းဆောင်စဉ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း(အလယ်)ရွာ အရောက်၌ တုတ်၊ ဓားကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စု အင်အား ၁ဝဝ ခန့်မှ ဝိုင်းဝန်းရန်မူမှုကို ခံခဲ့ရသဖြင့် လူစုခွဲ ရှောင်တိမ်းစဉ် လှည့်ကင်းအဖွဲ့ ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက်နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက်ရှိကာ တာဝန်ရှိသူများက ပြန်လည်ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံသွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ရှာဖွေရန် သွားရောက်ရာတွင် တုတ်၊ ဓား ကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စု အင်အား ၅ဝဝ ကျော်၏ ဝိုင်းဝန်းရန်မူမှုကို ခံခဲ့ရပြီး အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချဉ်းကပ်လာသည့်အတွက် သေနတ်ရှစ်ချက်ဖောက်၍ သတိပေးခဲ့ကာ ထိုသို့သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဖက်ပြည်သူ တစ်စုံတစ်ဦး တစ်ယောက်မျှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်၍ တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်ရာတွင်လည်း ယခင်ရက်များကဖြစ်စဉ် တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီးနှင့် ၎င်း၏လက်နက်ကို မတွေ့ကြောင်း ဖြေကြားကြသည်ဟု သိရသည်။

ထိုကဲ့သို့ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများအား အကွက်ကျကျ ကြိုတင်စီစဉ် ဖန်တီးကာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်သည် ပြစ်မှုထိုက်သော တိုက်ခိုက်မှုဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူများတွင် ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ဟု ခေါ်သောအဖွဲ့၌ လက်နက်ကိုင်ဆောင်မှုဆိုင်ရာ သင်တန်းတက်ခဲ့သူများ ပါဝင်ကြောင်း သိရကာ ၎င်းတို့ကို ဖော်ထုတ်၍ တရားဥပဒေအရ စီရင်နိုင်ရန် တည်ဆဲဥပဒေ ဘောင်များအတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

(ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးစီးသည့် ကုလသမဂ္ဂကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ မောင်တောမြို့သို့ ရောက်ရှိစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝက်ဘ်ဆိုက်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis