menu

Saturday 25 January 2014

ဂျက်စတင်းဘီဘာ အရက်သေစာသုံးစွဲပြီး ယဉ်မောင်းနှင်မှုကြောင့် ထိန်းသိမ်းခံရ

ဇန်နဝါရီ ၂၄။

အဆိုးဝါးဆုံး မွေးနေ့ဟု ဘီဘာမှ ပြောခဲ့သည့် ၁၉ နှစ်ပြည့် မွေးနေ့ပြီးသည့် နောက်ပိုင်း လူငယ် အဆိုတော်သည် ပြဿနာပေါင်း များစွာကို ရင်ဆိုင်နေရသည်။
နောက်ဆုံး ရိုက်ခတ်မှုမှာ ဇန်နဝါရီ ၂၃ရက်က မိုင်ယာမီတွင် တောင်ပိုင်းကမ်းခြေ ကလပ်မှ ထွက်ခွာပြီးနောက် ဆေးဝါးသုံးစွဲ မောင်းနှင်မှုကြောင့် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။ ဘီဘာသည် အဝါရောင် လမ်ဘော်ဂီနီဖြင့် ကားပြိုင်မောင်းနှင်မှုကြောင့် ထိန်းသိမ်းခံရပြီး အရက်သေစာ သုံးစွဲထားမှုကို စစ်ဆေးရာတွင် ကျရှုံးခဲ့ကြောင့် မိုင်ယာမီ ကမ်းခြေရဲများမှ ပြောကြားခဲ့သည်။
၎င်းထိန်းသိမ်းခံရမှုမှာ လူငယ် အဆိုတော်၏ ဥပဒေနှင့် ထိပ်တိုက် တိုးမိမှုများတွင် နောက်ဆုံး တစ်ခုသာ ဖြစ်ပြီး ပြီးခဲ့သော အချိန်ကာလ များအတွင်း အခြားသော ပြဿနာ များစွာနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ဇန်နဝါရီ ၉ ရက် ညနေပိုင်း ၇ နာရီ မိနစ် ၄၀ ခန့်တွင် ရဲဌာနသို့ လူငယ်ကြယ်ပွင့်၏ အိမ်နီးချင်းမှ ဖုန်းခေါ်ဆိုပြီး သူ၏ အိမ်တံခါးဝကို ဘီဘာမှ ကြက်ဥဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြောင်း  တိုင်ကြားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင် စွပ်စွဲမှုကြောင့် လော့စ်အိန်ဂျလိ ခရိုင် ဒေသတွင်း လုံခြုံရေး ဌာနမှ ရမ်းကားဖျက်ဆီးခြင်း ရာဇဝတ်မှုဖြင့် ရှာဖွေဝရမ်း ထုတ်ပြန်ပြီး နေအိမ်ကို ရှာဖွေခဲ့ကြသည်။

၎င်းရှာဖွေမှု အတွင်း ဘီဘာ၏ အပေါင်းအပါတစ်ဦး ဖြစ်သူ လစ်တဲလ်ဇာအား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ ရသော်လည်း ဘီဘာမှာမူ မည်သည့် ပြစ်မှုနှင့်မျိုးမှ အရေးယူခံခြင်း မရှိခဲ့ပေ။ စုံစမ်းမှုကို ဆက်လက် လုပ်ဆောင်လျှက် ရှိပြီး ကြက်ဥဖြင့် ပစ်ပေါက်မှုတွင် ဘီဘာ ပါဝင်မှု အထောက်အထား ရရှိရန် လူငယ် အဆိုတော်၏ အိုင်ဖုန်းကို ရဲများမှ စစ်ဆေးခဲ့ကြသည်။
ဘီဘာသည် ဘရာဇီးတွင် တည်းခိုခဲ့သော ဟိုတယ်နံရံ၌ ရေးဆွဲခဲ့သော သူ၏ ဂရပ်ဖစ်တီကြောင့် ရဲများမှ စုံစမ်းမေးမြန်းခဲ့ကြောင်း သတင်းများလည်း နိုဝင်ဘာလ အတွင်း ထွက်ပေါ်ခဲ့သည်။ ဘီဘာမှ အင်းစတန့်ဂရမ်တွင် သူ၏ ဂရပ်ဖစ်တီ ပုံများကို တင်ခဲ့ပြီး အဆောက်အဦး နံရံတွင် ရေးဆွဲမှုများအတွက် ခွင့်ပြုချက် ရရှိကြောင်း လျင်မြန်စွာ ရှင်းလင်းခဲ့သည်။
ပြီးခဲ့သော နှစ်အတွင်း ဓာတ်ပုံဆရာတစ်ဦးမှလည်း ဘီဘာ၏ သက်တော်စောင့်များ တိုက်ခိုက်မှုနှင့် ကင်မရာ မမ်မိုရီကတ်အား လုယူဖျက်ဆီးမှုဖြင့် တရားစွဲဆိုခဲ့သည်။ မိုင်ယာမီ ခရိုင် တရားရုံးမှ ဇွန်လ တရားရေး ဖိုင်တွဲများတွင် အသက် ၅၆ နှစ် အရွယ်ရှိ ဓာတ်ပုံဆရာ ဂျက်ဖရီ ဘင်နီယန်မှ လူငယ်အဆိုတော်သည် စတူဒီယိုမှ ထွက်လာချိန်တွင် ဓာတ်ပုံရိုက်ယူခဲ့မှုကြောင့် သူ၏ သက်တော်စောင့်များအား ဓာတ်ပုံပါ မမ်မိုရီကတ်အား ခွန်အားသုံး လုယူစေခဲ့ကြောင်း ပြောကြားထားမှု ပါဝင်သည်။
ဘင်နီယန်၏ ရှေ့နေ ရပ်ဆဲလ် အဒ်လာမှ အမှုသည် သည် လည်မျိုတွင် ဒဏ်ရာ ရရှိခဲ့ပြီး နစ်နာမှုအတွက် လျော်ကြေးငွေ ဒေါ်လာ တစ်သောင်းငါးထောင် ရရှိလိုကြောင်း ပြောကြားခဲ့သည်။
ABC News သို့ ပြောကြားရာတွင် “ဘီဘာဟာ အခုဆိုရင် လူကြီးတစ်ယောက် ဖြစ်နေပါပြီ။ အဲ့ဒီအတွက် လူကြီးတစ်ယောက်လို လုပ်ဆောင်သင့်ပါတယ်” ဟု အဒ်လာမှ ဆိုသည်။ ABC News မှ မှတ်ချက်ပေးရန် တောင်းခံမှုအား ဘီဘာ၏ ရှေ့နေမှ တုံ့ပြန်မှု မရှိခဲ့ပေ။
ဘီဘာသည် ကာလီဖိုးနီးယားတွင်လည်း  အိမ်နီးချင်းများနှင့် ပြဿနာ တက်ခဲ့သည်။ အိမ်နီးချင်း ပိုင်နက်ဝန်းကျင်တွင် အဖြူရောင် ဖယ်ရာရီဖြင့် အရှိန်ပြင်းပြင်း ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ မတ်လအတွင်း လူငယ် အဆိုတော်မှ အိမ်နီးချင်း ဝန်းကျင်တွင် အရှိန်ပြင်းပြင်းဖြင့် ကားမောင်နှင်ခဲ့ကြောင်း သက်သေထွက်ခဲ့ပြီးနောက် ၎င်းအိမ်နီးချင်းနှင့် စကားများခဲ့ပြီး တံထွေးဖြင့် ထွေးခဲ့သည်။ တရားရေး အရာရှိများမှ  အမှုကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။
မေလ အဆုံးပိုင်း၌ အမေရိကန် ဘောလုံးအသင်းအဖွဲ့လိဂ်မှ ကြယ်ပွင့်ဟောင်း ကီးရှောင်ဂျွန်ဆင်သည် သူ၏ ကလေးငယ်များ အိမ်ပတ်ဝန်းကျင်တွင် ကစားနေစဉ် အတွင်း အရှိန်ပြင်းပြင်း ကားမောင်နှင်မှုဖြင့် ဘီဘာအား တရားရင်ဆိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဘီဘာ၏ သူငယ်ချင်း ဖြစ်သူ ရပ်ပါအဆိုတော် ဖန်တီးရှင် တိုင်လာ (Tyler the Creator) မှ ကားမောင်နှင်သူမှာ သူသာဖြစ်ပြီး ဘီဘာအား အပြစ်မတင်ကြရန် “လူတွေက သူ မဟုတ်တာကို ဟုတ်တယ်ဆိုပြီး မကောင်းတဲ့စိတ်နဲ့ ထွက်ဆိုနေကြတယ်” ဟု တွစ်တာတွင် ရေးသားခဲ့သည်။ “ ဒီမှာ လူမည်းကလေး ကားမောင်းတာနဲ့ လူဖြူကလေး ကားမောင်းတာရဲ့ ခြားနားချက်ကို ကျွန်တော် ကောင်းကောင်း သိပါတယ်ဗျာ် ” ဟု ဂျွန်ဆင်မှ ပြန်လည် ပြောကြားခဲ့သည်။
ပါပါရာဇီများနှင့် ပြဿနာများသည်လည်း ဘီဘာအတွက် အထူးအဆန်း မဟုတ်တော့ပေ။ သူ၏ ဆိုးရွားသော မွေးနေ့ပွဲ ပြီးနောက် ဘီဘာမှ ဗြိတိသျှ ဓာတ်ပုံဆရာများအား ဆဲဆိုအော်ဟစ်နေခြင်းကို သက်တော်စောင့်များ ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရသည့် ဗွီဒီယိုဖိုင် Reuters မှရယူ ပြသနိုင်ခဲ့သည်။
မတ်လ အဆုံးသတ်ပိုင်းကလည်း ဂျာမဏီ ခရီးစဉ်အတွင်း လိုအပ်သည့် စာရွက်စာတမ်းများကို ပြသနိုင်မှု မရှိသည့်အတွက် သူ၏ အိမ်မွေးတိရိစ္ဆာန် မျောက်ဖြစ်သည့် မော်လီမှာ ဂျာမဏီ အကောက်ခွန် ဌာနမှ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ သက်မှတ် နောက်ဆုံးရက် မေလ ၂၁ ရက်တွင် လိုအပ်သည့် စာရွက်စာတမ်းများကို ပြသရန် ပျက်ကွက်ခဲ့သဖြင့် ဘီဘာ၏ မျောက်မှာ ဂျာမဏီ တောင်ပိုင်း ဟိုဒင်ဟေဂင်မှ ဆာရန်ဂတီ ပန်းခြံသို့ ပို့ဆောင်ခံခဲ့ရသည်။
မတ်လ ၁ ရက်နေ့က ဘီဘာသည် “ အရှေ့မှာ ကြီးကျယ်သည့်သည့် ည ” ဟု တွစ်တာတွင် တင်ခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင် တွစ်တာရှိ သူ၏ ဖော်လိုဝါများ (follower) အား အဆိုးဝါးဆုံး မွေးနေ့ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သဘောထား မတူညီမှုများကြောင့် လန်ဒန်ကလပ် Cirque du Soir မှ ဘီဘာတို့အား ထွက်ခွာသွားရန် ပြောဆိုခဲ့ကြောင်း သတင်းများမှ ဆိုသည်။
ဘီဘာမှ “ သိပ်အဆိုးဝါးဆုံး မွေးနေ့တော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ဒေါသထွက်နေတုန်း အချိန်မှာပဲ ပြန်သွားကြတဲ့ သူငယ်ချင်းတွေ ပြန်ရောက်လာလို့ပေါ့ ” ဟု ပြောဆိုခဲ့သည်။
REF: ABC News
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis