menu

Sunday 2 December 2012

“နဂါးလှေပွဲ”




ha-28-11-3
အေဇာအေ......နောင်ဝေး....ဗမာပြည်ပေါ်နိုင်ငံရေး...ဗိုလ်အောင်ဆန်းက...အကြံဥာဏ်ပေး...ကြံတွေးဆယူ....တပ်နှင့်ပြည်သူ လက်တွဲကူ၍...လွတ်လပ်ရေးကို ရအောင်ယူခဲ့တယ်...အေ....နောင်...
ဟိုး... နှစ်ပေါင်း ၈၅၀ ကျော်ကာလ လွန်ခဲ့တဲ့ သက္ကရာဇ် ၅၁၅ ခုနှစ်ကတည်းက ပေါ်လာခဲ့တဲ့ မြန်မာပြည်တောင်ပိုင်းဒေသ တနင်္သာရီတိုင်း ဒေသကြီးအတွင်းက တနင်္သာရီဆိုတဲ့ ဒေသမှာ ရှိခဲ့တဲ့ အစဉ်အလာကြီးမားခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ယဉ်ကျေးမှုပြယုဒ် နဂါးလှေပွဲမှ အေဇာသီချင်းထဲက စာသားလေးတစ်ပုဒ်ပါ။ “မင်းစိုးပွဲစိုးနှင့် လွတ်လပ်ရေးပွဲ အထိမ်းအမှတ်ပွဲ” တွေမှာ ဆိုတီးကြတဲ့ နဂါးလှေပွဲက အေဇာသီချင်း တစ်ပုဒ်ပါ။ လွတ်လပ်ရေးနေ့ ပွဲတော်တွေမှာ နဂါလှေပွဲနှင့် ဆင်နွဲကြတဲ့အခါ တနင်္သာရီသားတွေရဲ့ လွတ်လပ်ရေးနှင့် လွတ်လပ်ရေးဖခင်ကြီးအတွက် ဂုဏ်ပြုအေဇာသီချင်း စာသားတစ်ပုဒ်ပါ။ ဒီနေရာမှာ အေဇာဆိုတာကတော့ နဂါးလှေလှော်ရာမှာ သုံးတဲ့သီချင်းပါ။
အဓိပ္ပါယ်ဖွင့်ဆိုရရင်တော့ အေဇာ= အို.. မင်းရာဇာ၊ အေဇာအေ ဆိုတာကတော့.. အို..မင်းရာဇာရေဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ ရှိပါတယ်။ နောင်ဝေးဆိုတာကတော့ အစ်ကိုရေလို့ အဓိပ္ပါယ် ရပါတယ်။ မြိတ်ဒေသဘက်မှာ အစ်ကိုလို့ခေါ်ရင် ဝေ့နောင်။ နောင်ဝေး။ စသဖြင့် သုံးနှုန်းကြတယ်လို့ သိရတယ်။ အစဉ်အလာကြီးမားခဲ့တဲ့ ယဉ်ကျေးမှု ပွဲတော်ကြီးဟာ အခြေအနေ အကြောင်းကြောင်းကြောင့် နှစ်ပေါင်းများစွာ မှေးမှိန်နေလာခဲ့ပြီး ကထိန်ပွဲတွေကဲ့သို့ ပွဲတွေမှာ အလှပြ လှော်ခတ်လာနေရကာ ယခုအခါမှာတော့ တိုင်းဒေသကြီးရဲ့ ယဉ်ကျေးမှု အထိမ်းအမှတ်ပွဲတော်တစ်ခုအဖြစ် ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြပါပြီ။
မြန်မာနိုင်ငံရဲ့ မည်သည့်တိုင်းဒေသကြီး၊ မည်သည့်ဒေသမှာမှ မရှိတဲ့ အပြင်ကမ်းရိုးတန်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်း ဒေသကြီးအတွင်းက ထူးခြားတဲ့ ရေချိုမြစ်အတွင်းမှာသာ ရှင်သန်ထွက်ပေါ်လာခဲ့တဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသော နဂါးလှေပွဲတော်ရဲ့ သမိုင်းအစ၊ ဒေသတစ်ခုရဲ့ ယဉ်ကျေးမှ၊ု ဓလေ့တစ်ခုရဲ့ မြစ်ဖျားက ဒဏ္ဍာရီဆန်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းလှသည်။ သက္ကရာဇ် ၅၁၅ ခုနှစ်မှာ ဗျဉ်စက္ကပိတ်မင်းကြီးက မှော်စွန်းကြီးမှာ မြို့တည်နေရင်း အထက်မြစ်ညာဘက်က နဂါးမင်းနှင့် မိတ်ဆွေဖြစ်ခဲ့ပြီး နဂါးမင်း၏ အကြံပေးချက်အရ အထက်ဘုရားထွက်အနီး ပတ္တမြားရွာတွင် မြို့တည်ပါကဘုန်းတန်ခိုးကြီး၍ အသက်ရှည်မည်ဟု အကြံပေးချက်အရ ဗျဉ်စက္ကပိတ်မင်းကြီးဟာ အဲဒီဒေသမှာ မြို့တည်ခဲ့တယ်လို့ သိရတယ်။ နဂါးမင်းက မြို့တည်လျှင် သူကူညီမည် သို့သော် မိန်းမများကို မြို့တည်နေသည့်အချိန်တွင် မခေါ်လာရန် ကတိတောင်းသောကြောင့် ဗျဉ်စက္ကပိတ်မင်းလည်း ကတိပေးလိုက်တယ် နဂါးမင်းလည်း နဂါးထောင်သောင်းကို ခေါ်ယူကာ လူနှင့်နဂါးရော၍ မြို့တည်ကြောင်း သိရတယ်။ နဂါးနှင့်လူပေါင်းပြီး မြို့တည်နေသည့် သတင်းကို ဗျဉ်စက္ကပိတ်မင်းကြီး၏ တောင်ညာစံဒေ၀ီ
မိဖုရားဆီ သတင်းပေါက်ကြားသွားကာ မိဖုရားမှ မြို့တည်နေသည့်နေရာကို လိုက်ချင်ကြောင်း အကြိမ်ကြိမ် ပူဆာခဲ့တယ်လို့ သိရတယ်။ အကြိမ်ကြိမ် ပူဆာသောကြောင့် မင်းကြီးလည်း မိဖုရားကို မတားနိုင်သဖြင့် ဖောင်တော်ပေါ်တွင် ဖန်ချုပ်အတွင်းထည့်ကာ မြို့တည်ရာနေရာသို့ ခေါ်လာခဲ့ရတယ်။ မြို့တည်ရာနေရာသို့ ရောက်သောအခါ ထောင်သောင်းချီသောနဂါးများမှာ လူများနှင့်ရောပြီး မြို့တည်ဆောက်နေသည်ကို မြင်သဖြင့် မိဖုရားကြီးလည်း လန့်၍ အော်လိုက်တယ်။ မိဖုရားအော်သံကို ကြားသောနဂါးမင်းလည်း ဗျဉ်စက္ကပိတ် ကတိပျက်သည်ကို သိရသောကြောင့် နဂါးမျက်စောင်း ထိုးလိုက်တယ်။ မင်းကြီးလည်း မိမိကို ရန်ပြုတော့မည့် နဂါးမင်းအား လက်ဦးမှုရယူကာ မိမိလက်တွင် စွဲကိုင်ထားသော ခရင်းခွနှင့်ထိုးလိုက်ရာ နဂါးမင်းလည်း သေဆုံးပြီး ရေထဲသို့ ကျခဲ့ရတယ်။ ဗျဉ်စက္ကပိတ်မင်းလည်း နဂါးမင်းကို အောင်နိုင်သောကြောင့် မြို့အမည်ကို အောင်သာဝရလို့ အမည်တွင်စေပြီး အုပ်ချုပ် မင်းလုပ်ခဲ့တယ် (အောင်သာဝရဆိုတာ ယခုတနင်္သာရီ မြစ်ဖျားပိုင်း ထားဝယ်နှင့်နီးသော အရပ်တွင်တည်ရှိပြီး အောင်သာဝရ မြို့ဟောင်းအဖြစ် ထင်ရှားတယ်။ အဲဒီချောင်းဖျား အောက်ပိုင်းတစ်လျောက်မှာ ရွှေထွက်သောနေရာများ ဖြစ်တယ်) ဗျဉ်စက္ကပိတ်မင်း အုပ်ချုပ်မင်းလုပ်ခဲ့ရာ တစ်နှစ်အတွင်းမှာပင် ခေါင်းကိုက်ဝေဒနာ စွဲကပ်လာခဲ့တယ်လို့ သိရတယ်။ ကုသမှု ခံယူသော်လည်း မပျောက်ကင်းနိုင်ဘဲ ဖြစ်နေသဖြင့် ပညာရှိအမတ်များနှင့် တိုင်ပင်ရာ ကျေးဇူးရှိသောနဂါးမင်းကို ခရင်းခွနှင့် ထိုးသတ်မိသောကြောင့် ဖြစ်ရကြောင်း။ ရွှေလှေ၊ ရွှေလောင်းဖောင်တော်များတွင် နဂါးမင်း၏ ရုပ်ပုံကို ထည့်သွင်းစီမံ တည်ဆောက်ရင် ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း ပြောကြားကြသဖြင့် မင်းကြီးလည်း သဘောတူနှစ်ခြိုက်ကာ ရွှေလှေ ရွှေလောင်းဖောင်တော်များတွင် နဂါးခေါင်း၊ နဂါးအမြီးများကို ထည့်သွင်းစီမံ တည်ဆောက်စေပြီး နဂါးလှေလှော် ပွဲတော်ကြီးများကို ကျင်းပစေခဲ့ကြောင်း မင်းကြီးလည်း ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းသွားကြောင်း သိရတယ် ထိုအချိန်မှစတင်ပြီး နဂါးလှေလှော်ပွဲတော်ကြီးဆိုကာ ပေါ်ပေါက်လာကြောင်း သိရတယ်။ ဒါက နဂါးလှေပွဲတော်တစ်ခုရဲ့ သမိုင်းပါ။ တနင်္သာရီမြစ်ကြောင်း တစ်လျောက်မှာရှိတဲ့ ကျေးရွာတိုင်းနီးပါးလိုလိုမှာ နဂါးလှေများရှိခဲ့ပြီး မြန်မာဘုရင်များ လက်ထက်က ရေခင်းသဘင်ပုံစံမျိုး ကျင်းပလာခဲ့တယ်။ ပွဲတော်အမျိုးအစားကိုလိုက်ပြီး အေဇာသီချင်းကို အမျိုးမျိုးစပ်ဆိုကြပြီး လှေခုတ်သူအား အမွန်းတင်စပ်ဆိုပုံ၊ လှေအား အမွန်းတင်စပ်ဆိုပုံ၊ ပြိုင်ပွဲများအား စပ်ဆိုပုံ၊ ဘုရားပွဲများအတွက် စပ်ဆိုပုံ။ ရွာသားများနှင့် လှေအားအမွန်းတင် စပ်ဆိုပုံ၊ လေးကျွန်းဆီမီးစေတီတော်ကြီး ဘုရားပွဲအတွက် စပ်ဆိုပုံ၊ မင်းစိုးပွဲစိုးနှင့် လွတ်လပ်ရေးပွဲတော်အတွက် စပ်ဆိုပုံ စသဖြင့် အမျိုးမျိုးရှိကြတယ်။ အေဇာအေ...နောင်ဝေး.. ကုန်းဘောင်မင်းဖျား အလောင်းဘုရား..ယိုးဒယားနိုင်ငံ စစ်ချီတိုက်၍...အောင်ရပြန်..အောင်လံလွင့်ထူ..သာရီတိုင်းမှာ...ကြွက်ကြွက်ဆူ၍...အောင်ပွဲခံရတယ်...အေ...နောင်..။ စသဖြင့် ဇာတိမာန်သီချင်းများလည်း စပ်ဆိုကြတယ်။ နဂါးလှေတစ်စင်း ဖြစ်လာဖို့ကလည်း လွယ်ကူသည်မဟုတ် အချိန်အား၊ လူအား များစွာပေးပြီး လုပ်ကိုင်ရတယ် အဓိကအချက်ကတော့ စည်းလုံးမှုရှိဖို့ လိုပါတယ်။ နဂါးလှေအတွက် တောင်ပရုန်း၊ ကံ့ကော်၊ ပိတောက်၊ သင်္ကန်း၊ ပျဉ်းကတိုး စသည့်သစ်များ ရွေးချယ်ရကာ နဂါးလှေတစ်စင်းအတွက် လိုအပ်မည့် သစ်ပင်အရွယ်အစားများ ရှာဖွေရခြင်း၊ ပွဲပေးပြီး သစ်ပင်ခုတ်လဲရခြင်း၊ လူအားဆင်အားဖြင့် လောင်ကြမ်းလှေကို ရွာသို့ယူသွားရပြီး ပျော်ပွဲရွင်ပွဲများပေးကာ လှေတည်ဆောက်ရပါတယ်။ အားလုံး အချိန်တစ်လကျော်ကြာပြီးမှ လှေကို ရေချရပါတယ်။ နဂါးလှေကိုလည်း ပွဲမျိုးစုံပေးပြီး ပြင်ဆင်ရပါတယ်။ နဂါးလှေတစ်စင်းမှာ ဦးလျှာတက်တစ်ချောင်း၊ ပဲ့လျှာတက်တစ်ချောင်း၊ လှေလှော်တက် ၃၈ ချောင်း ပါဝင်ရကာ လှေတစ်စီးတွင် လူ ၄၂ ဦး လိုက်ပါလေ့ရှိကြောင်း သိရတယ်။ လှေဦးပိုင်းတွင် ဦပေါက် (ဦးထိုင်) တစ်ဦး (ခေါင်းဆောင်)၊ ၄င်း၏နောက်တွင် လှေသား ၃၆ ဦး ပါဝင်ကာ လှေပဲ့ပိုင်းတွင် ဗုံတီးသူတစ်ဦး၊ နှဲမှုတ်သူတစ်ဦး၊ လင်ကွင်းတီးသူ တစ်ဦး၊ မောင်းတီးသမား တစ်ဦးပါဝင်ကာ လှေ၏အမြီးပိုင်း နောက်ဆုံးတွင် ပဲ့ကိုင် (ပဲ့နင်း) တစ်ဦး ပါဝင်ကြောင်း သိရတယ်။ ဒီနေရာမှာ ပဲ့ကိုင် (ပဲ့နင်း) က ခေါင်းဆောင်မဟုတ်ပေမယ့် အရေးပါဆုံးသောအပိုင်းကို တာဝန်ယူရတာ တွေ့ရတယ်။ ပဲ့နင်းမှာ လှပစွာစီခြယ်ထားတဲ့ အရှည် ၉ ပေရှိ ပဲလျှာ (ပဲရှာ) ကို ကိုင်စွဲကာ လှေပေါ်တွင် တစ်ချိန်လုံး မတ်တပ်ရပ်နေရပြီး လှေသားများအချက်ကျကျ လှော်ခတ်နိုင်ဖို့ တာဝန်ယူရပါတယ်။ လှေတစ်စင်းလုံးတွင် အရေးပါဆုံးဖြစ်ပြီး ပဲ့နင်းမှ လှေအားခြေဖနှောင့်နှင့်ပေါက်ကာ အချက်ပေးရကြောင်း အချက်ရေအလိုက် လှေသားများက နဂါးလှေကို လှော်ခတ်ရကာ ပဲ့နင်းမှထိန်းကျောင်းပေးရကြောင်း သိရတယ်။ ပဲ့နင်း၏ အချက်ပြမှုအတိုင်း ကွက်တိမဖြစ်ပါက ကျဉ်းမြောင်း၍ ရှည်လျားလှသော နဂါးလှေမှာ တိမ်းမှောက်သွားတတ်ရာ လှေလှော်သားများ၏ တိကျမှု လိုက်နာမှုများက အရေးကြီးကြောင်း သိရသလို ပဲ့နင်း၏ ကျွမ်းကျင်မှုကလည်း အရေးကြီးကြောင်း သိရတယ်။ နဂါးလှေ၏ ဒုတိယအရေးပါဆုံးမှာ ဦးပေါက်ဖြစ်ပြီး လှေတစ်စီးရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ၄င်းရဲ့သြဇာဟာ လှေတစ်စီးလုံးကို သက်ရောက်ပြီး လှေလှော်သားများက နာခံကြရတယ်။ ဦးပေါက်ရဲ့တာဝန်မှာ ပွဲလမ်းသဘင်များအလိုက် အေဇာသီချင်းကို စပ်ဆိုသွားရပြီး အကြောင်းအရာလိုက်ကာ ပြောင်းလဲစပ်ဆိုသွားတတ်ဖို့လည်း လိုကြောင်းသိရတယ်။ လှေလှော်သားများက ဦးပေါက်စပ်ဆိုသည့်အတိုင်း နောက်မှသံပြိုင်လိုက်ကာ သီဆိုလှော်ခတ်ကြရတယ်။ ဦးပေါက်၏နောက်တွင် ဦးပေါက်လည်ရွဲက တာဝန်ယူရပြီး ဦးပေါက်တာဝန်ယူရသည့် အပိုင်းများတွင် အခြေအနေရ ဦးပေါက်မှမလုပ်နိုင်သည့် အပိုင်းများကို ၀င်ရောက်ကာ တာဝန်ယူပေးရတယ်။ အေဇာသီချင်းများကိုလည်း ဦးပေါက်နည်းတူ ပြောင်းလဲစပ်ဆိုပေးရတယ်။ “ဦးတို့ခေတ်က နဂါးလှေပွဲတွေကို ကျင်းပရာမှာ ခြိမ့်ခြိမ့်သဲပါပဲ။ နဂါးလှေပွဲကို လာကြည့်ကြတဲ့ ပရိတ်သတ်တွေ ကမ်းလုံးကျွတ်မျှ ပြည့်နေပြီး နဂါးလှေပွဲလာ မိန်းကလေးတွေကို ယဉ်ယဉ်ကျေးကျေးနှင့် စကြနောက်ကြတဲ့ ကဗျာလေးလည်း ရွတ်ဆိုကြတယ်။ ကမ်းပေါ်က အပျိုကညာ..ဟို....ကမ်းပေါ်က အပျိုကညာ...လှေပွဲကြည့်ဖို့လာ...သူ့မျက်နှာက ချိုပြုံးချိုပြုံး...မောင်ဘယ်လိုမုန်းရပ...ချစ်တုံ့ပကိုယ်...ကြိုက်တုံ့ပကိုယ်... အဲဒီလိုကဗျာလေးတွေလည်း ဆိုကြပြီး နဂါးလှေပွဲကို ၀င်နွဲကြတာလေ။ အခုဆို မြန်မာပြည်အရပ်ရပ်မှာ ရောက်နေကြပေမယ့် ကထိန်ရာသီဆိုရင် ကိုယ့်မြို့ကိုယ့်ရွာကို လွမ်းနေကြမယ့် နဂါးလှေလှော်ခဲ့တဲ့ လှေသားကြီးတွေလည်း ရှိနေမပေါ့” လို့ နဂါးလှေပွဲ ၀င်နွဲခဲ့ဖူးတဲ့ တနင်္သာရီသား ဦးကြီးတစ်ဦးက ပြောခဲ့တာပါ။ မြန်မာနိုင်ငံမှာ တစ်ခုတည်းသာရှိတဲ့ နဂါးလှေလှော်ပွဲကြီးကို ရိုးရာမပျက်၊ ယဉ်ကျေးမှု အမွေနှစ်အဖြစ် ထိန်းသိမ်းလာခဲ့တဲ့ တနင်္သာရီသားတွေကို ချီးကျူးဂုဏ်ပြုရမှာပါ။ နဂါးလှေကိုလည်း သားစဉ်မြေးဆက် နှစ်ပေါင်းများစွာတိုင်အောင် ထိန်းသိမ်းပြီး တစ်ချို့နဂါးလှေများဆိုရင် နှစ်ပေါင်းတစ်ရာအထိ ရှိနေကြောင်း သိရတယ်။ နဂါးလှေများကို အသစ်တည်ဆောက်ကာ ယဉ်ကျေးမှုတစ်ခု ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းကြတယ်။ တနင်္သာရီမြစ်ကြောင်း တစ်လျောက်မှာ ယခင်ရွာအတော်များများက နဂါးလှေတွေကို ပိုင်ဆိုင်ကြပြီး ပြိုင်ပွဲတွေကို ကိုယ့်ရွာဂုဏ်သိက္ခာအတွက် အကြိုက်အနယ် ယှဉ်ပြိုင်ခဲ့ကြတယ်။ ယခုလက်ရှိမှာတော့ တနင်္သာရီမြို့နယ်မှာ တစ်စီး၊ လယ်သစ်ရွာမှာ ၄ စီး အားလုံး ၅ စီးပဲ ကျန်တော့ပြီး ဒါကိုမကြာခင်မှာ တိုင်းဒေသကြီးရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကျင်းပသွားကြဖို့ ရှိပါတယ်။ သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၈၅၀ ကျော်ရှိခဲ့တဲ့ အင်မတန်မှရှေးကျပြီး ဂုဏ်သိက္ခာရှိခဲ့တဲ့ ပွဲတစ်ခုလည်း ဖြစ်ခဲ့တယ်။ တနင်္သာရီ မြစ်ကြောင်းတစ်လျောက်မှာ နေထိုင်ခဲ့ကြတဲ့မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း မည်မျှမြင့်မားခဲ့သည်ကို တိုင်းတာနိုင်တဲ့ အမှတ်သားတစ်ခုလည်း ဖြစ်ခဲ့တယ်။ တနင်္သာရီမြစ်ကြောင်းတစ်လျောက်က ကျေးရွာတွေမှာလည်း နောက်ပိုင်းကျရင် နဂါးလှေတွေ တည်ဆောက်ပြီး နဂါးလှေပွဲတော်အား စည်ကားစွာ ပြန်လည်ကျင်းပပေးဖို့ လိုပါမယ်။ ရာသီအလိုက် ခရီးသွားလုပ်ငန်းတွေမှာ အထောက်အကူ ပြုနိုင်ပါတယ်။ နဂါးလှေပွဲတော်မှာ စည်းလုံးညီညွတ်မှုအရင်းခံကို အဓိကတွေ့ရမှာ ဖြစ်ပါတယ်။ နဂါးလှေလှော်ရာမှာ ပဲ့နင်းမည်မျှပင် ကျွမ်းကျင်စေကာမူ ဦးပေါက်မှ အေဇာသီချင်းအား မညီမညာရွတ်ဆိုနေပါက လှေလှော်သားများ လှော်ခတ်ရန် စိတ်တက်ကြွမှု မရှိဖြစ်တတ်သလို၊ ဦးပေါက်မှ အေဇာသီချင်းကို မည်မျှပင် အကောင်းဆုံးရွတ်ဆိုနိုင်စေကာမူ လှေလှော်သားများ အားထုတ်မှုမရှိပါကလည်း လှေမှာထွက်နိုင်မည် မဟုတ်ပါ။ ထို့အတူ နဂါးလှေလှော်ရာမှာလည်း ဦးပေါက်နှင့်လှေသားများ မည်မျှပင် အစွမ်းထက်နေစေကာမူ ပဲ့နင်းမကျွမ်းကျင်ပါက အားလုံးရေထဲမှာ ရေဆင်းကူးရတတ်သည့် အနေထားနှင့် ကြုံရမည်သာ။ နဂါးလှေတစ်စင်း လှော်ခတ်နေသည်ကို ကြည့်ခြင်းဖြင့် နဂါးလှေမှ ကိုယ်စားပြုရသည့်ရွာ၊ နဂါးလှေပိုင်ဆိုင်သည့်ရွာ၏ စည်းလုံးမှုကို ပြနေခြင်းနှင့်အတူတူပင် ဖြစ်တယ်။ အဆင့်ဆင့် ရိုသေလေးစားမှုကိုလည်း ပြသရာရောက်ပါတယ်။ လှေလှော်သားများ တပြိုင်နက်တည်း လှေခတ်နေဟန်ကို ကြည့်ခြင်းအားဖြင့် စည်းလုံးမှုသည် ခွန်အားတစ်ရပ်အဖြစ်လည်းကောင်း၊ အားလုံးတက်ညီ လက်လှော်ခတ်ပါမှ လိုရာပန်းတိုင်ကို ရောက်နိုင်မည်ကို ပြသနေခြင်းသာ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံ အနေဖြင့်လည်း လိုရာပန်းတိုင်ကို ရောက်နိုင်ဖို့ဆိုတာကတော့ အားလုံးစည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဥမကွဲသိုက်မပျက်၊ အဆင့်ဆင့် ရိုသေလေးစားမှု၊ လိုက်နာမှုများဖြင့် သွေးမကွဲပဲ စည်းလုံးညီညွတ်စွာဖြင့် သွားဖို့လိုတယ်လို့ နဂါးလှေပွဲမှ ညွန်ပြနေသယောင် ခံစားမိပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis