ပြည်သူတွေရဲ့ မျှော်လင့်ချက်ထဲမှာ လွတ်လပ်သော သတင်းစာ (၀ါ) ပုဂ္ဂလိကပိုင်
သတင်းစာထုတ်ဝေရေးဟာ ထိပ်ဆုံးက ပါဝင်နေလျက်ရှိပါတယ်။ နေ့စဉ် သတင်းစာဆိုတာ
ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ပါပဲ။ နေ့စဉ် သတင်းစာဆိုတာ ခေတ်ပြိုင်ရက်စွဲ
သမိုင်းလည်းဖြစ်ပါတယ်။ မနက်လင်းတာနဲ့ ပြည်သူတွေရဲ့ လက်ထဲ တစ်ပြိုင်တည်း
ရောက်လာနိုင်တာ သတင်းစာပဲရှိပါတယ်။ သတင်းစာထဲ ကသတင်းတွေဆိုတာ ပြည်သူအချင်း
ချင်း လက်ဆောင်ပါးလိုက်တဲ့ သတင်းစကားများပါပဲ။ တစ်မြို့တစ်ရွာ တစ်ကမ္ဘာစီပဲ
ဝေးနေပါစေ၊ ပြည်သူအ ချင်းချင်း ပိုပြီးနီးကပ်အောင် ပိုပြီးရင်းနှီး၊
ပိုပြီးစည်းလုံးလာအောင် သတင်းစာက အောင်သွယ်ပေးနိုင်ပါတယ်။ လောကသုံးပါးမှာ
ဖြစ်ပျက်နေတဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဒိုးဒိုးဒေါက်ဒေါက်
သဘောပေါက် သိမြင်လာအောင် သတင်းစာက တစ်ခန်းတစ်ကဏ္ဍအားဖြင့်
စွမ်းဆောင်ပေးနိုင်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ဖတ်နေရတဲ့ သတင်းစာနှစ်စောင်ကို ကြည့်ပြီး
'ဒါသတင်းစာလား'လို့ မေးခွန်း ထုတ် နိုင်ပါတယ်။ ဘယ်လိုသတင်းတွေ
ဖော်ပြနေတယ်ဆိုတာ အားလုံးအသိပါပဲ။ အစိုးရထုတ် သတင်းစာတွေကို ကြည့်ပြီး
'သတင်းစာဆိုတာ ဘာလဲ' လို့ ရဲရဲတင်းတင်း စစ်တမ်းထုတ် အဖြေရှာခဲ့ပုံတွေကို
လက်လှမ်း မီသမျှ တင်ပြချင်ပါတယ်။
၁၉၇၄ ခုနှစ် စက်တင်ဘာလ ဖြစ်ပါတယ်။
ဆရာ မောင်သာရဦးဆောင်ပြီး ၀ိုင်အမ်စီအေခန်းမမှာ 'စာပေဆွေးနွေး ပွဲ' တွေ
လုပ်ခဲ့ပါတယ်။ ပါဝင်ဆွေး နွေးခဲ့တဲ့ စာရေးဆရာ သတင်းစာ ဆရာကြီးတွေကတော့
ဆရာသိန်းဖေမြင့်၊ ဆရာဇ၀န၊ ဆရာသော်တာဆွေ၊ ဆရာ အထောက်တော် လှအောင်နဲ့ ဆရာ
မောင်သိန်းဆိုင်တို့ ဖြစ်ပါတယ်။ ဆရာ အထောက်တော် လှအောင်
ဦးဆောင်ဆွေးနွေးတဲ့နေ့မှာ ဆရာ မောင်သာရ ကိုယ်တိုင် ၁၁-၉-၇၄ ရက်နေ့ထုတ်
ဟံသာဝတီ သတင်းစာပါ ခေါင်းကြီးပိုင်းထဲက အချက်အလက်တွေကို ထုတ်နုတ်ပြီး
မေးခဲ့ပါတယ်။
သတင်းစာဆိုတာ ဘာလဲ။
'၀ါဒဖြန့်စာရွက်လား၊ မှန်ပါ့ ဘုရားသံတော်ဦးတင်လွှာလား၊ဗောင်းတော်ညိတ်
စိတ်တော်သိ ဘုန်းတော် ဘွဲ့စာတမ်းလား အားလုံးကောင်းပါသည်ခင်ဗျာ၊
အစီရင်ခံစာလား၊ ခိုင်းရာရေးပေးရာ ထုတ်ပြန်သည့် ပြန် ကြားရေး စာစဉ်လား။
လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့၏ ဖောင်တော်စီး လက်မှတ်လား။ အာဏာနှင့်
ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးဝါဒဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏
အသိပျက်မှု၊အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊
ခံယူချက်၊ ရပ်တည်ချက်ပျက်မှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား။
အမှန်တရား အရှိတရားအဖြစ် တရားကိုပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊
လျို့ဟဲ့ ၀ှက်ဟဲ့နှင့် သတင်း ထောက်က တကောက်ကောက်လိုက်ခြင်း သတင်းစာက
တစာစာရေးခြင်းကို မခံနိုင်ဖြစ်ကာ ပြည်သူတို့ကို မျက်စိပိတ်ပြီး
အကြံတုံးဉာဏ်တုံး နလပိန်းတုံးများဖြစ်အောင် ပြုလုပ်ရာ၌ အသုံးပြုသည့်
စက္ကူမျက်နှာဖုံးလား''
ဆရာအထောက်တော်လှအောင် က အတော်ပြည့်ပြည့်စုံစုံ ရှည်ရှည် လျားလျား ဖြေကြားသွားတဲ့ အထဲ က ကောက်နှုတ်တင်ပြပါဦးမယ်။
''သတင်းစာဟာ ထာဝရပြည်သူတွေဘက်က ရပ်တည်ရမယ်၊ ပြည်သူ့ မျက်နှာကိုပဲ
ကြည့်ဖို့လိုတယ်၊ပြည်သူ့ သြဇာကိုပဲ နာခံဖို့လိုတယ်။ အာဏာရှိပုဂ္ဂိုလ်တွေ၊
အာဏာရအဖွဲ့အစည်းက ဒီသဘောကို နားမလည်ရင် အပြု သဘောဦးတည်တဲ့
ပြည်သူကိုအကျိုးပြုတဲ့ ဝေဖန်ချက် တင်ပြချက်ကို နားမလည်တတ်ရင်
ခံနိုင်ရည်မရှိတတ် ရင်တော့ ပျက်စီးပြီပေါ့ဗျာ၊ အဲဒီ သတင်းစာတွေမှာ
တာဝန်ယူနေတဲ့ သတင်းစာဆရာတွေက အာဏာရှိသူ ရဲ့မျက်နှာကိုသာကြည့်ပြီး
ဘုန်းတော်ဘွဲ့တွေ ဆက်သွင်းနေရင် အားလုံး ပျက်စီးပြီပေါ့ဗျာ။
အပေါ်က ချပေးတဲ့ ၀ါဒဖြန့် စာလုံးတွေကို ပုံနှိပ်စာလုံးအဖြစ်
ပြန်ကူးပေးရင်တော့ တော်တော်ဆိုးပါတယ်။ သူတို့ (အစိုးရ) အမှားကို
ဖုံးကွယ်ဖို့ သူတို့သရုပ်အမှန်ကို မျက်နှာဖုံးစွပ်ဖို့ ပြည်သူကို လိမ်ညာတဲ့
ဝါဒဖြန့်မှုမျိုးဆိုရင် သတင်းစာဆရာများအနေနဲ့ သတ္တိပြောင်မြောက်စွာ
ခုခံတိုက်ခိုက်ဖို့လိုပါတယ်။မကောင်းတာ ရှိနေရက်သားနဲ့ မကောင်းဘူးလို့
မပြောရတဲ့ သတင်းစာဟာ လူမျိုးအတွက် အဆိပ်အတောက်ပဲ၊ တိုင်းပြည်အတွက်
အဆိပ်အတောက်ပဲ။
ပြည်သူတွေ တကယ်ခံစားနေရတဲ့ ဒုက္ခကို မီးမောင်းထိုးမပြရဲရင်
အဲဒီသတင်းစာကို သတင်းစာလို့ မခေါ်ဘူး။ အဲဒီသတင်းစာများမှာလုပ်နေတဲ့
သတင်းစာသမားများကိုလည်း ပြည်သူ့ သတင်းစာဆရာအဖြစ် ကျွန်တော်တို့
အသိအမှတ်မပြုဘူး။ အဲဒီလို အယောင်ဆောင် ပုတ်သင်ညို သတင်းစာဆရာတွေ
ရှိနေမယ်ဆိုရင် ကျွန်တော်တို့ နည်းမျိုးစုံနဲ့တိုက်မယ်။ ဘက်ပေါင်းစုံက
တိုက်မယ်။
အခွင့်အာဏာ မတရားကျင့်သုံးပြီး မဟုတ်တာလုပ်၊ မမှန်ရာပြော၊ ပြည်သူကို
သစ္စာဖောက်၊ တိုင်းပြည် ကိုလည်းပဲ ကုန်းကောက်စရာမကျန်အောင် ချွတ်ခြုံကျအောင်
ထင်တိုင်းခြယ်လှယ်၊ စည်းကမ်းပျက်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ သိက္ခာပျက်မှုတွေ၊
ဘနဖူးသိုက်တူးမှုတွေ၊ မယုံကြည်ဘဲနဲ့ ရှေ့တန်းက တက်ပြီး အော်ကြီးဟစ်ကျယ်
ထောက်ခံတာတွေ၊ ကွယ်ရာတစ်မျိုး၊ ရှေ့တစ်မျိုးလုပ်တာတွေ အဲဒါတွေကို သတင်းစာ
တွေက စက္ကူကန့်လန့်ကာလို ဖုံးကွယ်ထားမယ်ဆိုရင်တော့ အဲဒီလို စာရွက်မျိုးကို
ရေချိုးခန်းမှာတောင် သုံးသင့်တယ်လို့ ကျွန်တော်မယုံကြည်ဘူး။ တကယ်လို့များ
အဲဒီလို စာရွက်မျိုးနဲ့ အင်မတန် ဈေးကြီးနေတဲ့ ၀ယ်လို့လည်း မရတဲ့
သကြားကိုများ မတော်တဆ ထုပ်လာမယ်ဆိုရင် ကျွန်တော်အဲဒီ သကြားမစားတော့ဘူး''
ဓားမိုးထားတဲ့ခေတ်မှာတောင် ဆရာအထောက်တော် လှအောင်က အဲဒီလို
ရှင်းရှင်းပြတ်ပြတ် အဖြေပေး ခဲ့ပါတယ်။ (၂၀၁၁ ထုတ်၊ စာပေ ဆွေးနွေးပွဲ စာ-၂၆၄
ရှု)
အစိုးရထုတ် နိုင်ငံပိုင် သတင်းစာများရဲ့ အရည်အသွေး အဆင့်အတန်းကို ဒီလိုအကဲဖြတ် ဖော်ပြထားပါတယ်။
''ဒီနေ့ သတင်းစာတွေဟာ အားလုံး အတူတူပါပဲတဲ့။ ဘာကွာသလဲဆိုတော့
နာမည်ပဲကွာတယ်၊ အဲဒီမှာ ဥပမာလေး တစ်ခုပေးသွားတယ်။ သာကေတမှာတုန်းကတော့ 'အရီ'
ပဲတဲ့၊ ဒီဘက်ကမ်း ကူးလာပြီး ပုဇွန်တောင်ရောက်တော့ အမြဖြစ် သွားတယ်၊
ဟိုဘက်နား ဗိုလ်တထောင်ရောက်တော့ အတင့်ဖြစ်သွားတယ်၊ စကော့ဈေးကျတော့ အညို
ဖြစ်သွားတယ်၊ အဲဒီလိုပါပဲ။ ၅၂ လမ်းကထုတ်တော့ကြေးမုံ၊ဗဟန်းက ထုတ်တော့
မြန်မာ့အလင်း၊ သိမ်ဖြူကတော့လုပ်သား အစရှိသည်ဖြင့်ပေါ့လေ . .''(၎င်းစာ ၂၈၂)
ဒီနေ့ အစိုးရသစ် ဒီမိုကရေစီခေတ် တည်ဆောက်နေချိန်မှာရော သတင်းစာတွေရဲ့
အရည်အသွေး ပြောင်းနိုင်ခဲ့ပြီလား။ ဟိုတုန်းကမှ အစိုးရထုတ် သတင်းစာတွေထဲမှာ
ဆရာဇ၀န၊ ဆရာ သိန်းဖေမြင့်၊ ဆရာကြီး ရွှေဥဒေါင်းစတဲ့ ဆရာကြီး တွေရဲ့
ဆောင်းပါးကောင်းတွေ ဖတ်ခဲ့ရသေးတယ်၊ ဒီနေ့ သတင်းစာတွေကတော့ဖြင့် . . .
အားလုံးသိတဲ့ အတိုင်းပါပဲ။
သတင်းအရည်အသွေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လောက်ထိ
ယုံကြည်အားကိုးရသလဲ။သတင်း အရည်အသွေး၊ သတင်းရဲ့တန်ဖိုးကို သတင်းစာဆရာကြီး
ဂါဒီးယန်း ဦးစိန်ဝင်းက ဒီလိုသတ်မှတ်ပေးခဲ့ဖူး ပါတယ်။
(၁) အချိန်အားဖြင့် ဆက်စပ်မှု၊ နီးစပ်မှု ရှိ မရှိ
(၂) ဒေသအားဖြင့် ဆက်စပ်မှု နီးစပ်မှု ရှိ မရှိ
(၃) လူများစုနဲ့သက်ဆိုင်မှု ရှိ မရှိ
(၄) ဖြစ်ပျက်သည့် ကိစ္စသည် ထင်ရှားမှု ရှိ မရှိ
(၅) ထူးခြားမှု ရှိ မရှိ
(၆) ဆွဲဆောင်မှု၊ စိတ်ဝင်စားမှု ရှိ မရှိ . .။ (၂၀၁၂ ဧပြီလထုတ် ဆရာ ဖိုးဉာဏ်- သတင်းလောကကို ဖြတ် သန်းခြင်း စာ-၅၂)
သတင်း တန်ဖိုးနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၁၉-၂၀၁၂ ထုတ် ကြေးမုံသတင်းစာပါ သတင်းတစ်ပုဒ်ကို ဥပမာအဖြစ် ကြည့်ကြပါစို့။
မဟာစည် သြ၀ါဒစရိယဆရာတော်ကြီး ဘဒ္ဒန္တဇဋိလအား ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့အပ်နှင်း
ရန်ကုန် နိုဝင်ဘာလ ၁၈ တဲ့။ နိုဝင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်တဲ့။
နိုဝင်ဘာလ ၄ ရက်နေ့က သတင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ ရောက်မှ
ဖော်ပြနိုင်ခဲ့တယ်။ အချိန်အားဖြင့် နှစ်ပတ်ကျော် ကြာသွားတယ်။
ဒေသအားဖြင့်ဆိုရင်လည်း မဟာစည်ရိပ်သာကြီးဆိုတာ ဗဟန်း မြို့နယ်ထဲမှာတွင်
ရှိတာ၊ အချိန်နဲ့ နေရာ ဘာဖြစ်လို့ နီးရက်နဲ့ ဝေးခဲ့ရတာလဲ။
ဒါဟာ နိုင်ငံပိုင်သတင်းစာတွေရဲ့ အနေအထား အဆင့်အတန်းပါပဲ။
နောက်တစ်ခါ နိုင်ငံပိုင်သတင်းစာရဲ့ ဘာသာပြန်စွမ်းရည် ဘယ်လောက်ထိ
စိတ်ချရပါသလဲ။ ကမ္ဘာကြီးနဲ့ နီးနီးကပ်ကပ် ထဲထဲဝင်ဝင် ဖြစ်နေချိန်မှာ
ဒီလိုတွေ့ရှိခဲ့ရပါတယ်။
၆ ဇွန်လ ၂၀၁၂ က ထိုင်းခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ 'အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့
အင်္ဂလိပ်စကားလုံးကို မြန်မာသတင်းစာက ဘာသာ ပြန်တာ မှားနေကြောင်း
သတင်းသမားတစ်ယောက်က ထောက်ပြ မေးမြန်းပါတယ်။ healthy skepticism ဆိုတဲ့
စကားပါပဲ။ အဲဒီစကားလုံးကို ဘာသာပြန်တာ မှားနေကြောင်း သတင်းသမားက ပြောတော့
ဒေါ် အောင်ဆန်းစုကြည်က ဘယ်လိုမှားတာလဲလို့ မေးပါတယ်။ သတင်း သမားက
'ကျန်းမာတဲ့ အဆိုးမြင်ဝါဒီ' လို့ ပြန်ကြောင်းဖြေတယ်။ အဲဒါ လုံးဝမှားတယ်။'
'လုံးဝမှားတယ်' လို့ ဆရာဇော် ဇော်အောင်က မှတ်ချက်ပေးထားပါတယ်။
သိပ်အရေးကြီးတဲ့ စကား၊ အမှားမခံတဲ့ စကားမို့ ရှင်းသင့်တယ်လို့ ဆရာဇော်က
ဆိုပါတယ်။ skepticism ဆိုတာ အဆိုးမြင်ဝါဒ လုံးဝမဟုတ်ပါဘူး။ ဘာသာပြန်တာ
လွဲနေပါတယ်။ အရာရာကို ဉာဏ်နဲ့ဆင်ခြင်ပြီးမှ မှန်တယ် မှားတယ်ဆုံးဖြတ်တာ၊
လက်ခံတာ လက်မခံတာကို ပြောတာပါ။ ဒုတိယ Healthy ဆိုတဲ့ စကားကိုကြည့်ပါ မယ်။
Healthy ကို 'ကျန်းမာတဲ့' လို့ ပြန်တာမှားတယ် မပြောနိုင်ပေမယ့် နေရာမကျဘူး။
မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။
မြန်မာသတင်းစာ ၆-၆-၂၀၁၂ ကြေးမုံသတင်းစာ စာမျက်နှာ ၈ မှာ ဆောင်းပါးရှင်
တစ်ယောက်ကတော့ 'ခိုင်ခိုင်မာမာ အဆိုးမြင်ဝါဒ' လို့ ပြန်တယ်။ ဒါကတော့
လုံးဝလွဲတယ် ပြောရမှာပဲ။ 'ခိုင်မာတယ်' ဆိုတဲ့ အဓိပ္ပာယ် အရိပ်အယောင်တောင်
မပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က 'အဲ သည်' skepticism ဆိုတာထက်ပို အရေးကြီးတာ
healthy ပဲနော်၊ ဖြစ် သင့်ဖြစ်ထိုက်တဲ့ ရှိသင့်ရှိထိုက်တဲ့ ကောင်းမွန်မှုကို
ဦးတည်တဲ့ သံသယမျိုးကတော့ ရှိရမယ်။ ဒါဟာ အတွေး အခေါ်အရဆိုလို့ရှိရင်
ချင့်ချိန်မှုပဲပေါ့။ အဲဒီတော့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ပါ' လို့
ပြောတာနဲ့ အတူတူပါပဲ' လို့ ဘာသာပြန် ပေးခဲ့ရသတဲ့။
ဇော်ဇော်အောင်-ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၄ မျိုး အဖွင့် ၂၀၁၂ စက်တင်ဘာ စာ၁၄၈/၁၄၉။
ကျွန်တော်တို့က နိုင်ငံပိုင်သတင်းစာတွေအပေါ် အပြစ်ရှာတင်ပြနေခြင်း
မဟုတ်ပါ။ ပြည်သူလူထုကို ဘယ်လိုမှ အကျိုးပြုနိုင်စွမ်းအားမရှိတဲ့ သဘောကို
ပြောလိုရင်းပါ။
သတင်းစာ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က သတင်းစာဆိုတာ ပြည်သူတို့ရဲ့
စကားပြန်လို့ တင်စားခဲ့ဖူးပါတယ်။ ပြည်သူတို့ရဲ့ နေ့စဉ်ဘ၀ကို
ရောင်ပြန်ဟပ်တင်ပြရမယ်လို့ ဆိုလိုပါတယ်။ အခုတော့ နိုင်ငံပိုင် သတင်းစာတွေဟာ
'စကားပြန်' မလုပ်နိုင်တဲ့အပြင် အလွန်အရေးကြီးတဲ့ စကားလုံးတွေကို တောင်
ဘာသာပြန် လွဲမှားနေပါပေါ့လား။ ဒီလို သတင်းစာမျိုးတွေ ဆက်လက်ထုတ်ဝေသင့်၊
မသင့် ချင့်ချိန်ဖို့ အချိန်တန်ပါပြီ။
ဒီနေ့ လွတ်လပ်သောသတင်းစာ (ပုဂ္ဂလိက) ထုတ်ဝေခွင့် မပြုသေးတာ နိုင်ငံပိုင်
သတင်းစာတွေမှာ အားနည်းချက်တွေ ရှိနေလို့ မယှဉ်ပြိုင်ရဲလို့လား။ ၁၉၆၂ခုနှစ်
တည်ဆဲ ဥပဒေကြောင့်လား။ မီဒီယာ ဥပဒေ မရေး ဆွဲရသေးလို့လား။
သတင်းစာ လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံဆိုတာ ၀ိညာဉ် (အသက်) မရှိတော့တဲ့
သေနေတဲ့ နိုင်ငံဖြစ်ပြီး ပြည်သူတွေရဲ့ ဘ၀တွေဟာလည်း အသက်လိပ်ပြာ
မှီတည်ရာမရှိတော့တဲ့ ဘ၀မျိုးကို ရောက်သွားစေနိုင်......
|
ဘာပဲဖြစ်ဖြစ် ဒီနေ့အားကောင်း မောင်းသန် ထုတ်ဝေနေတဲ့ သတင်း ဂျာနယ်တွေရဲ့
ရပ်တည်ချက်၊ ဖော် ပြချက်တွေကို ခွင့်ပြုနိုင်ရင် သတင်းစာ ထုတ်ဝေခွင့်ကို
ခွင့်မပြုနိုင်စရာ မရှိဘူးလို့ ထင်ပါတယ်။ ဒီနေ့ဂျာ နယ်တွေ ဒီလောက်များ
ဒီလောက် ပွင့်ပွင့်လင်းလင်း ရေးသားနေကြရာ ပြဿနာကြီးကြီးမားမား
မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဂျာနယ်အတော်များများရဲ့ ဦးတည်ချက်က ပြည်သူ ဘက်က
ရပ်တည်ပြီး နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တွေ
အောင်မြင်အောင် ၀ိုင်းဝန်းတည့်မတ် ထိန်းကျောင်းပေးနေတာပဲ မဟုတ်ပါလား။
ဒါပေမဲ့ ဂျာနယ်က တစ်ပတ်တစ်ကြိမ်ပဲ ထုတ်နိုင်တာပါ။ ဒါတောင် အခက်အခဲတွေ
အများကြီးပါ။ ပြည် သူတွေရဲ့ နေ့စဉ်ဘ၀ နိုင်ငံတော်ရဲ့ ရက်စွဲသမိုင်းကို
ကမ္ပည်းမော်ကွန်းထိုးနိုင်ဖို့ နေ့စဉ်သတင်းစာ မုချလို
အပ်နေပါတယ်။ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကိုယ်တိုင်က နေ့စဉ်ထုတ်
သတင်းစာဆိုတာ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ မဖြစ်မနေရှိရမယ့်
အင်္ဂါရပ်တစ်ခုလို့ ကျွန်တော် မြင်ပါတယ်' လို့ ၂-၉-၂၀၁၂ က မြန်မာ
တိုင်းမ်ဂျာနယ်နဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့တယ် မဟုတ်ပါလား။
ဒါ့ကြောင့် ပုဂ္ဂလိက သတင်းစာထွက်ပေါ်ရေးကို တတ်နိုင်သလောက်
ကြိုးစားပေးမယ်၊ရှေ့နှစ်ဆန်းလောက်မှာ ဖြစ်အောင်လုပ်မယ်ပေးပါမယ်လို့
ဆိုခဲ့သော်လည်း ၆-၁၁-၁၂ က ပြည်သူ့လွှတ်တော်တွင် ပုဂ္ဂလိက သတင်းစာ
ထုတ်ဝေရေးကို အချိန်အတိအကျ မပေးနိုင်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့
မျော်လင့်ချက်ဟာ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပါတယ်။
မီဒီယာ ဥပဒေဆိုတာကြီး ပေါ်လာအောင် ဘယ်လောက် စောင့်ရမှန်းမသိ၊
စာနယ်ဇင်းကောင်စီက ပထမမူကြမ်း၊ ဒုတိယမူကြမ်းတွေ ရေးဆွဲရဦးမယ်၊ ပြီးမှ
သက်ဆိုင်ရာက အတည်ပြုမယ်ဆိုတော့ ဒါဟာ 'အချိန်ဆွဲဗျူဟာ' လားလို့ မေးစရာ
ဖြစ်လာပါတယ်။
အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက အရေးကြီး အစည်းအဝေးတစ်ခု
ကျင်းပစဉ် အချိန်နောက်ကျပြီးမှ ကျင်းပနိုင်တဲ့အတွက် စိတ်မသက်မသာနဲ့ ဒီလို
ပြောခဲ့ပါတယ်။
'ခင်ဗျားတို့ အစည်းအဝေး တစ်မိနစ်နောက်ကျရင် အိန္ဒိယလွတ်လပ်ရေး
တစ်မိနစ်နောက်ကျမယ်၊အစည်း အဝေး တစ်နာရီနောက်ကျရင် လွတ်လပ်ရေး တစ်နာရီ
နောက်ကျမယ်' တဲ့။
သတင်းစာ လွတ်လပ်ခွင့် (၀ါ) ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် တစ်လနောက်ကျရင်
ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး တစ်လနောက်ကျပါလိမ့်မယ်။ အချိန်
ဆွဲထားရင် ဆွဲထားသလောက် နောက်ကျပါလိမ့်မယ်။ နောက်ပြန် လှည့်ခြင်း၊
နောက်ကျခြင်းကို ဘယ်သူမှ အလိုမရှိပါဘူး။ သတင်းစာ ဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်က သတင်းစာနဲ့ သတင်းစာဆရာဆိုတာ 'နိုင်ငံရဲ့ ၀ိညာဉ်ပြည်သူရဲ့
လိပ်ပြာ' လို့ အမွှမ်းတင်ခဲ့ပါတယ်။
သတင်းစာ လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံဆိုတာ ၀ိညာဉ် (အသက်) မရှိတော့တဲ့
သေနေတဲ့ နိုင်ငံဖြစ်ပြီး ပြည်သူတွေရဲ့ ဘ၀တွေဟာလည်း အသက်လိပ်ပြာ
မှီတည်ရာမရှိတော့တဲ့ ဘ၀မျိုးကို ရောက်သွားစေနိုင်ပါ ကြောင်းပါဗျာ။
EMG |
No comments:
Post a Comment