menu

Sunday 2 December 2012

3D ရုပ်ရှင်ရုံတစ်ရုံ ထပ်မံဖွင့်လှစ်၊ ရန်ကုန်မြို့ နေရာအနှံ့ 3D ရုပ်ရှင်ရုံများ များပြားလာ


ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးတွင် 3D ရုပ်ရှင်ရုံတစ်ရုံကို ထပ်မံဖွင့်လှစ်လိုက်ကြောင်း သိရသည်။ စိန်ဂေဟာ (ပါရမီ) ရှိ Top Royal ရုပ်ရှင်ရုံတွင် အဆိုပါ 3D ရုပ်ရှင်ကို စတင်ပြသနေပြီဖြစ်ကြောင်း ၎င်းရုပ်ရှင်ရုံ၏ တာဝန်ရှိသူကပြောသည်။ “3D တစ်လှည့် 2D တစ်လှည့် ပြသသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါရုပ်ရှင်ရုံမှာ မင်္ဂလာရုပ်ရှင်ရုံ၊ ဒဂုံစင်တာ (၂) ၏ဒုတိယမြောက် 3D ရုပ်ရှင်ရုံအဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၌ 3D ရုပ်ရှင်ရုံ အများအပြားရှိလာပြီး ယခုဖွင့်လှစ်လိုက်သော Top Royal 3D ရုပ်ရှင်ရုံအပြင် မင်္ဂလာ 3D ရုပ်ရှင်ရုံ၊ ဒဂုံစင်တာ (၂)၊ Junction Mawtin ရှိ 3D ရုပ်ရှင်ရုံ၊ Junction Square ရှိ 3D ရုပ်ရှင်ရုံ၊ တော်ဝင်စင်တာရှိ 3D ရုပ်ရှင်ရုံ၊ လှည်းတန်းရှိ Vertex 3D ရုပ်ရှင်ရုံ စသည်ဖြင့် နေရာအနှံ့အပြားတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၁ ခုနှစ်လောက်က 3D ရုပ်ရှင်ရုံငယ်လေးတွေ ဖွင့်ခဲ့တာမျိုးရှိခဲ့ပြီး အခုထိလည်း ရှိတုန်းပဲ။ ၂၀၁၂ ခုနှစ်ရောက်လာတော့ 3D ရုပ်ရှင်ရုံကြီးတွေ ပေါ်လာတယ်။
အခုဆိုရင်တော့ ရုံကြီး၊ ရုံသေး အတော်များများ ရှိလာပါပြီ။ 3D ရုပ်ရှင်ရုံတွေ ပေါ်ပေါက်လာခြင်းအားဖြင့် ကြည့်ရှုသူတွေအနေနဲ့ ရွေးချယ်စရာ ပိုများလာမယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုဝဏ္ဏကပြောသည်။ 3D ရုပ်ရှင်ရုံ များပြားလာသော်လည်း ကြည့်ရှုသူအရေအတွက် များပြားနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။ “ကျွန်တော်တို့အနေနဲ့ကတော့ Quality ကောင်းကောင်းနဲ့ ကြည့်ရှုသူတွေ အဆင်ပြေအောင် ပြသသွားမှာပါ” ဟုVertex 3D Home Cinema မှကိုပြည့်ဖြိုးကပြောသည်။ လူအနည်းစုနှင့် သီးသန့်ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ အဆိုပါ Vertex 3D Home Cinema ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ “၀န်ဆောင်မှုကောင်းတဲ့၊ ဇာတ်ကားကောင်းတဲ့ ရုံကို ရွေးချယ်ဖို့ အခွင့်အလမ်းပိုရသွားတာပေါ့” ဟု ပုံမှန် ရုပ်ရှင်ကြည့်ရှုသူတစ်ဦးဖြစ်သည့် မမေမြသူကပြောသည်။ 3D ရုပ်ရှင်ရုံများ၏ ကြည့်ရှုခနှုန်းထားများမှာ ပုံမှန်ရုပ်ရှင်ရုံများ၏ ကြည့်ရှုခနှုန်းထားထက် ကြီးမြင့်သော်လည်း ကြည့်ရှုလိုသူများပြားနေကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
 Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis