menu

Sunday 2 December 2012

တာဝန်တွေ ပိနေလို့ လုံးချင်း မရေးဖြစ်တဲ့ မစန္ဒာ




စာပေ လောကမှာ ၀တ္ထုတို ပေါင်းများစွာ အောင်မြင် ထင်ရှားခဲ့တဲ့ အပြင် လုံးချင်းဝတ္ထု များမှာလည်းရုပ်ရှင် ရိုက်ကူး ရသည်အထိ အောင်မြင်ခဲ့တဲ့ စာရေး ဆရာမ ကတော့ အမျိုးသား စာပေဆု များရှင် မစန္ဒာပဲ ဖြစ်ပါတယ်။
အရင်က မဂ္ဂဇင်း များမှာ ၀တ္ထုတိုတွေ ခပ်များများ တွေ့ခဲ့ရ ပေမဲ့ အခုတော့ ၀တ္ထုတိုလည်း မထွက်၊ လုံးချင်းလည်း မရေးဖြစ်တဲ့ စာရေး ဆရာမ မစန္ဒာကို ဘာကြောင့် မရေး ဖြစ်တာလဲလို့ စာဖတ်သူများ ကိုယ်စား မေးကြည့်ခဲ့ ပါတယ်။

ဆရာမ အခု နောက်ပိုင်းမှာ ၀တ္ထုတို တွေရော၊ လုံးချင်းပါ မရေး ဖြစ်တာ တွေ့ရတယ်၊ ဘာဖြစ်လို့ပါလဲ။
ပထမ မရေးဖြစ်တဲ့ အကြောင်းရင်း ကတော့  မေမေ နေမကောင်း တဲ့ အတွက် အချိန်ပေး ပြုစု နေရတာ ကြောင့် ၀တ္ထုတို၊ ၀တ္ထုရှည် ဘာမှကို မရေးဖြစ်တာ။ မေမေ ဆုံးသွားပြီး တဲ့နောက် စက်တင်ဘာလ အတွင်းက တော့ ၀တ္ထုတို နှစ်ပုဒ် ရေးဖြစ်ပါတယ်။ လုံးချင်း ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဆဋ္ဌဂံ က နောက်ဆုံးဆို တော့ လုံးချင်း မရေးဖြစ်တာ ၁၀ နှစ် ရှိသွားပြီပေါ့။


ဟုတ်ကဲ့၊ အခုတော့ ဘာကြောင့် မရေးဖြစ် တာပါလဲ။
အဓိက ကတော့ ကျွန်မက စာပေဆု တွေမှာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက် နေရတာ ဖြစ်လို့ တာဝန်ကျေ အောင် စာအုပ်တွေ၊ စာမူတွေကို စေ့စေ့စပ်စပ် ဖတ်နေရ တာကြောင့် ကိုယ်တိုင် စာရေးဖို့ကို အချိန်မရ ဖြစ်နေ တယ်။ ဆုရွေးချယ် ရေးအဖွဲ့ဝင် တစ်ယောက် အနေနဲ့ ရသင့်၊ ရထိုက်တဲ့သူ မရဘဲ ဖြစ်သွားမှာ စိုးရိမ်သလို၊ မရထိုက် တဲ့သူ ရသွားမှာ ကိုလည်း မလိုလားဘူး။ ဒါကြောင့် စာမူတိုင်းကို စေ့စေ့စပ်စပ် ဖတ်ပါတယ်။

သိတဲ့ အတိုင်း အမျိုးသား စာပေဆု ကတော့ စာအုပ်တွေ ကိုပဲ ဖတ်ရတာ ဆိုတော့ သိပ် ပြဿနာ မရှိပါဘူး။ စာပေ ဗိမာန် စာမူဆု ကျတော့ လက်ရေး ပေါင်းစုံကို ဖတ်ရတယ်။ ကွန်ပျူတာနဲ့ စီထား တဲ့သူ လည်း ပါပါတယ်။ လက်ရေး နဲ့ ရေးကြတဲ့ အခါတချို့က ဆိုးဆိုးရွားရွား လက်ရေးတွေ ဆိုတော့ စာဖတ်ရတဲ့ သူအတွက် တော်တော် အချိန်ပေး ရပါတယ်။ လက်ရေး မကောင်း လို့ မဖတ်ဖြစ် တာမျိုးလည်း မဖြစ် စေချင် ဘူးလေ။

ဒါဆို ဆရာမ စာတွေ ဖတ်ရဖို့ မျှော်လင့်လို့ မရသေး ဘူးပေါ့။
အဲဒီလိုလည်း မဟုတ်ပါဘူး။ Inspriation တစ်ခုရ သွားပြီဆိုရင် ရေးချင် စိတ်တွေက တားမရ၊ ဆီးမနိုင် ဖြစ်ပြီး ရေးဖြစ်သွားမှာပါ။ လောလော ဆယ်မှာ တော့ ကျွန်မ စာဖတ်သူ အဖြစ်နဲ့ပဲ လူငယ်တွေ ရေးတဲ့ ၀တ္ထုကောင်း တွေကို ဖတ်ဖြစ် နေပါတယ်။ သူတို့လက် တွေကလည်း ကျွန်မတို့ တအံ့တသြ ဖတ်ရတဲ့ ၀တ္ထုမျိုးတွေ ဖြစ်နေတာကို တွေ့ရတယ်။

ဟုတ်ကဲ့ပါ။ ဆရာမ စာဖတ် ပရိသတ် တွေကတော့ ဆရာမ ၀တ္ထုသစ် တွေကို မျှော်နေ ကြပါတယ်။
ကျွန်မ ကြိုးစားပါ့မယ်။

ဘို
(ရွှေအမြုတေ မဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis