menu

Sunday 2 December 2012

စဉ်းစားသုံးသပ်စရာလိုပြီဖြစ်သော တက္ကသိုလ်ဝင်တန်းမေးခွန်း

 
သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်တွင် အခန်း (၁၂) ခန်း ပါဝင်ရာ (၄) ခန်းကျက်ရုံနှင့် အမှတ် (၆ဝ) ဝန်းကျင်ရတာ စာမေးပွဲအောင်မြင်နိုင်သည်ဟုဆိုလျှင် သင့်အံ့သြမည်လား။ အံ့သြစရာမရှိပါ။ ယနေ့ မြန်မာနိုင်ငံတွင် အရေးအကြီးဆုံးဟု သတ်မှတ်ခံထားရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဇီဝဗေဒ မေးခွန်းပါ။ ကျောင်းသား/သူ များအခက်အခဲနည်းစေရန်ဟု ရည်ရွယ်ခဲ့ပါက အမှားကြီးမှားတော့မည်။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်လာသည့် ကျောင်းသားတစ်ဦးသည် သင်ရိုးညွှန်းတမ်း၏ သုံးပုံတစ်ပုံ သာတတ်ကျွမ်းသည်ဟုဆိုလျှင် ၎င်းဖြစ်စဉ်သည် မလျော်ညီသော အားထုတ်မှုတစ်ခုအား အခွင့်အရေး ရစေရန်အတွက် လမ်းကြောင်းပေးနေခြင်း ဖြစ်သည်။ ဇီဝဗေဒဘာသာရပ်တွင် အပင်လောကသဘော ၏ ဖွဲ့စည်းပုံ၊ အကောင်လောက၏ သဘောနှင့်ဖွဲ့စည်းပုံကို အခြေခံအဆင့် နားလည်တတ်ကျွမ်းသင့် သည်။ လက်ရှိဖြစ်စဉ်တွင်မူ အခန်း (၄) ခန်းသာကျက်ပြီး ကောင်းစွာနားလည်သဘောမပေါက်ဘဲ တက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုနေခြင်းက မေးခွန်းထုတ်သူတို့ သတိပြုရန်လိုနေပေပြီ။

၎င်းအပြင် အခန်း (၆) ခန်းနှင့် ဖွဲ့စည်းထားသော ဘောဂဗေဒဘာသာရပ်တွင်လည်း အခန်း (၃) ခန်းကို ပိုင်ပိုင်နိုင်နိုင်ကျက်ပါက ဂုဏ်ထူးအမှတ်နားပင် ရနိုင်နေသည်။ သင်ရိုးတစ်ဝက်ကျက်ရုံမျှဖြင့် အမှတ်မြင့်မြင့်တွေရနိုင်သော အခွင့်အရေးများကို ပေးထားခြင်းသည်လည်း မေးခွန်းထုတ်သူများ အပေါ် နားလည်ရခက်နေသည်။ ဘောဂဗေဒဘာသာရပ်တွင် အခန်း (၂) ခန်း၌ ဝယ်လိုအားနှင့် ရောင်းလိုအားသဘောတရားများကို အမြောက်အမြားသင်ရသည်။ အလွန်ရှည်သော အခန်းဖြစ်သော် လည်းပြင်ပ သဘောတရားအများအပြား နားလည်စေနိုင်ပေမဲ့ ကျောင်းသားတိုင်း မကျက်သည့် အခန်း ဖြစ်နေသည်။ ကျက်ရသောစာများသောကြောင့် ဖြစ်သည်။ ဘောဂအခန်း (၆) ခန်းတွင် အခန်းတို (၃) ခန်းဖြစ်သည့် အခန်း (၁)၊(၃)နှင့် (၅) တို့ကိုသာ ကျက်ကြပြီး အခန်းရှည်များဖြစ်ကြသည့် (၂)၊ (၄)၊(၆) ကိုမူ ကျက်မှတ်လေ့မရှိကြပေ။ ဤဖြစ်စဉ်ကို ကာကွယ်ရန်အတွက် ၎င်းပညာ၏ သဘောတရားနှင့် အဆီအနှစ်များကို မပျောက်ပျက်စေရန်အတွက် မေးခွန်းထုတ်သူများ အထူးသတိထားဖို့ လိုအပ်လာပြီ ဖြစ်သည်။
ထို့အပြင် သင်္ချာဘာသာရပ်တွင် အခန်း (၁၂) ခန်းသင်ကြားရရာ အက္ခရာသင်္ချာဖြစ်သော အခန်း (၁) မှ အခန်း (၇) ထိသာ ကျောင်းသားများ အထူးပြုလေ့လာကြပြီး သင်္ချာ၏အနှစ်သဘောတရားများ ဖြစ်သည့် ဂျီသြမေတြီအပိုင်းနှင့် တြီဂိုအပိုင်းတို့ကိုမူ လေ့လာသူအားနည်းလှကြောင်း သိရှိရသည်။ အခန်း (၁) မှ (၇) အထိလေ့လာပါက အမှတ် (၇ဝ) ကျော်ရနိုင်သည့် အနေအထားပင်ရှိနေသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူအများစုသည် ဂျီသြမေတြီအပိုင်းကို ယောင်လို့ပင် မသိကြချေ။ ဤကဲ့သို့သော အခြေအနေကို အမြန်ပြုပြင်နိုင်ပါမှ စစ်မှန်သည့် ပညာတတ်များကို မွေးဖွားပေးနိုင်ပါ လိမ့်မည်။ ဘွဲ့ရအလုပ်လက်မဲ့ များနေခြင်းကလည်း စစ်မှန်သောပညာစနစ်မရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြရပေမည်။ ယနေ့နိုင်ငံတော်တွင် အမှန်တကယ် လိုအပ်နေသည်မှာ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သားများပင်ဖြစ်သည်။ တိုင်းပြည်ကို ပြန်လည်ပြုစုရာ၌ ပြည်တွင်းဖြစ် ပညာရှင်များစွာကို မွေးထုတ်ပေးရန် လိုအပ်နေသည်။ တစ်ပိုင်းတစ်စနှင့် အခြေခံပညာ ကို အောင်မြင်လာပြီး တက္ကသိုလ်၌ ကိုယ်တိုင်သင်စနစ်ကို မပြုစုနိုင်သည်မှာ ၁ဝ စုနှစ်နှစ်စုထက်မက ဖြစ်နေသည်။ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပညာရှင်များ ပြန်လည်သုံးသပ်နိုင်ရန်အတွက် ရည်ရွယ်၍ ရေးသားရခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုသော သဘောမပါ ရှိပါ။ တိုင်းပြည်၏ အနာဂတ်ရေးအတွက်ကိုသာ ရည်မျှော်၍ ရေးသားရခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ် (၂ဝ) နှစ်ကျော်မှ ယနေ့အထိ တက္ကသိုလ်များတွင်လည်း Paper တစ်ခုကို ၆ ပုဒ်၊ ၇ ပုဒ်ကျက်၍ ဖြင့် အတန်းများတက်ကာ ဘွဲ့ရလူငယ်အများအပြားကို မွေးထုတ်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ မြန်မာ့ပညာရေးစနစ်၌ သင်ရိုးညွှန်းတမ်းများကမညံ့ပါ။ ရေသာခိုအချောင်လိုက်သူများနှင့် အကျင့်ပျက် ဆရာ၊ဆရာမများကြောင့် တစ်လှေလုံးပုပ်နေရခြင်း ဖြစ်ပါသည်။ ပြင်ဆင်ဖို့အချိန်တန်ပြီ၊ အချိန်လည်း ရောက်နေပြီဖြစ်ပါသဖြင့် ဝိုင်းဝန်းကြီးကြပ်ကြရန် နှိုးဆော်လိုက်ပါသည်။
 Written by မောင်ယဿ
 The Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis