menu

Wednesday 3 October 2012

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဘီဘီစီ Hardtalk နှင့် အင်တာဗျူး

Photo: ‎နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဘီဘီစီ Hardtalk နှင့် အင်တာဗျူး

Written by  The Voice

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်တာဟာ ကျွန်တော့် တစ်ယောက်တည်း သဘောနဲ့ ကျွန်တော်တို့ ပြင်လို့မရ ပါဘူး။ ”

BBC။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အတွက် အနှစ်နှစ်ဆယ် နီးပါး နေအိမ်မှာ အကျယ်ချုပ် ကျခံ ခဲ့ရသလို ထောင်နဲ့ချီတဲ့ ပုဂ္ဂိုလ်တွေလည်း အကျဉ်းကျ ခံခဲ့ရပါတယ်။ ဒီ စစ် အစိုးရ ထဲမှာ ပါဝင်ခဲ့တဲ့ ဦးသိန်းစိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအတွက် တောင်းပန်စကား ပြောဖို့ အစီအစဉ် ရှိပါသလား။
သမ္မတကြီး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောရမယ် ဆိုလို့ရှိရင်တော့ သူလည်း သူ့ ယုံကြည်ချက် အရ လုပ်ကြ ပြုကြတာပဲ။ ဒါက နိုင်ငံတိုင်းမှာ ကျွန်တော်တို့ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဆိုတော့ ဟိုတုန်းက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက် ဖြစ်ပေမယ့် ဒီကနေ့တော့ ကျွန်တော်တို့နဲ့ ခုနကလို လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေပါပြီ။

BBC။ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင်မယ် ဆိုတဲ့ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်အပေါ် လူတွေက ယုံကြည်ဖို့ အတွက် ဆိုရင် အတိတ်က ဖြစ်ပျက်ခဲ့တာတွေ အတွက် အစိုးရရဲ့ ဖိနှိပ်မှု တွေနဲ့ ပတ်သက်လို့ ဝမ်းနည်းပါတယ် ဆိုတဲ့ စကားကို ကြားလိုကြမှာ အမှန်ပါပဲ။ ဒီလိုပြောဖို့ ပြင်ဆင် ထားပါသလား။
သမ္မတကြီး။ အခုကတော့ ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို သူတို့ ကိုယ်တိုင်တောင် လက်ကမ်း ကြိုဆိုပြီး ဝင်ရောက် လာတာပဲဖြစ်ပါတယ်။

BBC။ ဒါပေမယ့် ဒီအတွက် နောင်တရပါသလား။
သမ္မတကြီး။ သူတို့လည်း သူတို့ ယုံကြည်ချက်နဲ့ လုပ်သလို ကျွန်တော်တို့ ဒီဘက်ကလည်း ကျွန်တော်တို့ ယုံကြည်ချက်နဲ့ လုပ်ကြတာ ဖြစ်ပါတယ်။ အဲတော့ အားလုံးက ခုနလို တိုင်းပြည် အတွက်ပဲ လုပ်ကြတာ ဖြစ်ပါတယ်။

BBC။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဆိုရင် သုံးကြိမ်လောက် ရှိပါပြီ။ နောက်ဆုံး တွေ့ခဲ့တာက ပြီးခဲ့တဲ့ရက်ပိုင်း နယူးယောက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံမှုက ဘယ်လို ရှိပါသလဲ။
သမ္မတကြီး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ကျွန်တော်တို့ လုပ်နေတဲ့ နိုင်ငံရေး လမ်းစဉ်မှာ နိုင်ငံရေး လုပ်ဆောင်ချက်တွေမှာ သူကိုယ်တိုင် ပါဝင်လာပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်း ပြီးတော့တောင် လုပ်နေပါတယ်။ အဲတော့ သူကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ လွှတ်တော် member တစ်ယောက် ဖြစ်နေပါပြီ။ အဲတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဒါ တိုင်းပြည်အတွက် ကို လက်တွဲပြီးတော့ လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။

BBC။ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပါပြီ။ ဒါပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပါ သေးတယ်လို့ ပြောခဲ့ပါတယ်။ ဒီတော့ ဦးသိန်းစိန် အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး အထိကို လုံးဝ ရောက်ရှိတဲ့ အထိ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါသလား။
သမ္မတကြီး။ မှန်ပါတယ်။ ကျွန်တော်တို့အခု သက်တမ်းအားဖြင့်လည်း ကျွန်တော်တို့ အစိုးရဟာ တစ်နှစ်ခွဲလောက်ပဲ ကျွန်တော်တို့ ရှိပါသေးတယ်။ အဲတော့ ဒီမိုကရေစီ ရှေ့ကိုဆက်ပြီးတော့ ရှင်သန် ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ကျန်ရှိပါသေးတယ်။

BBC။ အခုချိန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇနီး၊ခင်ပွန်း ဒါမှမဟုတ် သားသမီးဖြစ်သူတွေက နိုင်ငံခြားသား ဖြစ်နေရင် သမ္မတ ဖြစ်လာနိုင်ခွင့် မရှိပါဘူး။ ဒီလို အနေအထားမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ရွေးကောက်ခဲ့ရင် သမ္မတ ဖြစ်လာနိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အစီအစဉ်များ ရှိပါသလား။
သမ္မတကြီး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်တာဟာ ကျွန်တော့် တစ်ယောက်တည်း သဘောနဲ့ ကျွန်တော်တို့ ပြင်လို့မရ ပါဘူး။ အဲတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ constitution ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ အဲတော့ ပါလီမန်ထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ လူအများစုရဲ့ ထောက်ခံမှု နောက် ပြည်သူလူထုရဲ့ ခုနကလို ထောက်ခံမှု၊ ဒီနှစ်ခု ရမှာသာ ပြင်လို့ရမှာဖြစ်ပါတယ်။ အဲတော့ ဒီဟာ ဘယ်သူ့ပေါ်မှာ မူတည်လဲဆိုတော့ ပါလီမန်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ် အများစုနဲ့ ပြည်သူလူထုရဲ့ သဘော ဖြစ်ပါတယ်။

BBC။ ဟုတ်ကဲ့။ ဖွဲ့စည်းပုံကို သမ္မတ တစ်ဦးတည်း တစ်ယောက်တည်းက ပြင်လို့ မရဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ရွေးကောက်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ခွင့် ရှိအောင် ဒီအချိန်မှာ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အချိန်ရောက်ပြီလို့ မိမိကိုယ်တိုင်ရော ယုံကြည် လက်ခံပါသလား။
သမ္မတကြီး။ ကျွန်တော် စောစောက ပြောသလိုပေါ့။ ကျွန်တော်တို့က ဒီဟာကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးတော့ သူ့ကို သမ္မတဖြစ်ခွင့် ခုနကလို ပေးလိုက်ပါ ဆိုပြီးတော့ ကျွန်တော် ဒီလို ပြောလို့မရပါဘူး။ ဒါ ပြည်သူရဲ့ ဆန္ဒနဲ့ လွှတ်တော်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်များရဲ့ အများစုဆန္ဒပဲ ဖြစ်ပါတယ်။

BBC။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု တွေအတွက် သမ္မတက ကုလသမဂ္ဂမှာ ချီးကျူးစကား ပြောခဲ့ပါတယ်။ နိုဗယ်ဆု ချီးမြှင့် ခံခဲ့ရတာအတွက်လည်း ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံကို ဦးဆောင်ခွင့် ရမယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မယ် ထင်ပါသလား။ လက်တွဲ လုပ်ဆောင်ဖို့ မျှော်လင့်ထားပါသလား။
သမ္မတကြီး။ ကျွန်တော် စောစောက ပြောသလိုပေါ့။ နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့မဖြစ်ဖို့ ဆိုတာ ပြည်သူရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်။ ပြည်သူ့သဘောထားက လက်ခံတယ်ဆိုရင် ကျွန်တော်ကလည်း လက်ခံ ရမှာဖြစ်ပါတယ်။ အောင်ဆန်းစုကြည်နဲ့ ကျွန်တော်ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ အခုလည်း လက်တွဲပြီးတော့ ကျွန်တော်တို့ လုပ်နေကြတာ ဖြစ်ပါတယ်။

News from : The Voice Weekly 
Post by အေးချမ်းမွန်‎

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis