menu

Wednesday 3 October 2012

စာအုပ်ဆိုင်တွေ ကျန်းမာရေးကောင်းကြပါစေ( မောင်စံပေါ)




thn-3-10-1
(၁)
အမြင်များမှားနေသလားလို့ သေသေချာချာ ပြန်ကြည့်မိတယ်။ အမြင်လည်း မမှားပါ။ မရောက်တာ ကြာပြီမို့ အပြင်အဆင်တွေများ ပြောင်းသွားတာလား။ အပြင်အဆင် ပြောင်းတယ်ပြောဦးတော့ အမျိုးအမည်ကတော့ မကွဲသင့်ပါဘူး။ အခုဟာကြီးက လုံးဝခြားနားနေတော့တာ။ နေရာရယ်၊ တိုက်ခန်းနံပါတ်ရယ်ကြောင့်သာ ငါမမှားပါဘူးပြောရဲတာ။
(၂)
''ဘာသုံးဆောင်မလဲရှင်၊ ကြက်ဆီထမင်း၊ ကြက်ကြော်၊ ကြက်ဆာတေး အစုံရပါတယ်''        ဆိုင်ရှေ့မှာ အူကြောင်ကြောင်နဲ့ ငေးနေမိတာက ဧည့်ကြိုမိန်းကလေးရဲ့ အသံကြောင့် စိတ်နဲ့လူနဲ့ ပြန်တွဲမိသွားတယ်။       ''မစားပါဘူး။ သမီးရယ်၊ မရောက်တာကြာလို့ အရင်ဒီနေရာမှာ ဖွင့်တဲ့ဆိုင်ကလေးရောကွယ်။ ဘယ်များပြောင်းသွားပါလိမ့်။ '' သြော် အခွေငှားဆိုင်လား။ ပိတ်သွားပြီဦးရဲ့။ ဆိုင်ခန်းခက ဈေးတက်၊ အငှားကကျနဲ့မို့ ရှုံးတာမခံ နိုင်တော့လို့ပြောတယ်''

(၃)
အခွေငှားဆိုင်သာပြောတာပါ။ အမှန်က စာအုပ်တွေလည်း ငှားတယ်။ ဆိုင်နာမည်ကလည်း မြို့ပြနဲ့ မလိုက်ဖက်စွာနဲ့ ''ထနောင်းရိပ်''တဲ့။        ''ကျွန်တော်က အညာသားဗျ။  ဒါနဲ့ ဒီနာမည်လေးပေးမိတာ။ ထနောင်းရိပ်လိုပဲ စာပေရဲ့အရိပ်က အေးတယ် မဟုတ်လားဗျာ။''      ပြောသာပြောတာပါ။ သူ့ခမျာ မအေးနိုင်ရှာပါဘူး။ ဆိုင်ခန်း ငှားခ၊ ၀န်ထမ်းစရိတ်၊ မီတာခ၊ စာအုပ်ဖိုးနဲ့ တစ်လတစ်လ အလျင်ကမမီ။ ကြာတော့ ခုသာခံသာရှိအောင် စာအုပ်ငှားဆိုင်ကို ဘ၀ပြောင်းပြီး စာအုပ်ရော၊ အခွေရော ငှားတဲ့ ဘ၀ရောက်ပါရော။         ''စာအုပ်တွေက ကျွန်တော့် ကျေးဇူးရှင်။ ကျွန်တော် ဒီဘ၀ ရောက်လာတာ စာတွေဖတ်လို့။ကျွန်တော်တို့အညာက မြို့ကလေးမှာ စာအုပ်ငှားဆိုင်ရှိတယ်။ နာမည်က ဧရာဝတီ၊ ဆိုင်ရှင်ဘကြီးက ကျွန် တော်တို့ ကျောင်းသားတွေဆို အလကားပေးဖတ်တာ။ စာအုပ်တော့ ရိုသေရသပေါ့ဗျာ။''       စာအုပ်ငှားဆိုင်အကြောင်း ပြောရင်းကနေ အတိတ်ကိုအလည် ပြန်သွားတယ်။ ကြည်နူးရိပ်လေးတွေ မျက်နှာမှာ ထင်ဟပ်လာတယ်။
(၄)
ထင်ဟပ်လာတဲ့ ကြည်နူးရိပ်လေးတွေလည်း ကြာကြာမခံရှာပါဘူး။ ပစ္စုပ္ပန်ရောက်တော့ ပျောက်ကုန်တော့တာ။ ''ကျွန်တော် စာအုပ်ငှားဆိုင်ဖွင့်တာက စာဖတ်စေချင်လို့ပါ။ မ၀ယ်နိုင်တဲ့သူတွေ ငှားဖတ်နိုင်ကြပါစေ ဆိုပြီးတော့ပေါ့ဗျာ။ တကယ်ဖတ်ချင်တဲ့သူတွေ ငှားခမတတ်နိုင်တော့လည်း ဒီလိုပဲ ပေးဖတ်လိုက်တာပါပဲ။  အရင်းလေးရရင် တော်ပါပြီဆိုပေမယ့် ကြာလာတဲ့အခါ မခံနိုင်တော့လို့ အခွေငှားဆိုင်ပါတွဲလိုက်ရတာ။ အခုတော့ အခွေကလည်း သိပ်မငှားရတော့ဘူးဗျာ။ ဒီတစ်ခါ နှစ်ချုပ်စေ့ရင်တော့ ဆက်ဖွင့်ဖို့တောင် ခပ် ခက်ခက်ရယ်။''  ခပ် ခက်ခက်တဲ့လား၊ အခက်ပွားလို ဆက်မသွားနိုင်တော့ဘဲ ရပ်လိုက်ရပြီလား ဆိုင်ကလေးရယ်။
(၅)
''ပြောရရင် ကျွန်တော်က ဈေးတွေ ဘာတွေ သွားတာ ၀ယ်တာခြမ်းတာ သိပ်ဝါသနာမပါဘူးဗျ''          မိတ်ဆွေတစ်ယောက်ကပြော ပြတယ်။    ''အဲဒီနေ့ကဗျာ။ ကျွန်တော် စတိုးဆိုင်ထောင့်က စာအုပ်စင်မှာ ဟိုလှန် ဒီလှန်လုပ်နေတုန်းမှာ အဲဒီ ချာတိတ်ကိုတွေ့တာ။ သူ့ပုံစံကလည်း  ခပ်နွမ်းနွမ်း၊ အသက်က ဆယ်နှစ်လောက်ရှိဦးမှာ။ စာအုပ်တစ်အုပ်ကို ကိုင်လိုက်၊ လှန်လိုက် ပြန်ချလိုက်နဲ့ ကြာတော့ ဘာများလဲလို့ စပ်စုချင်လာတာနဲ့ ကြည့်လိုက်တော့ အင်္ဂလိပ် - မြန်မာအဘိဓာန် စာအုပ်အသေးလေး။ မေးကြည့်လိုက်တော့ သူအလုပ်လုပ်တဲ့ လက်ဘက်ရည်ဆိုင်မှာ ဘွဲ့ရပြီးတဲ့ အကိုကြီးတစ်ယောက်ရှိတယ်။ သူက အင်္ဂလိပ်စာ သင်ပေးမယ်ပြောလို့တဲ့။ မေးတာလည်းဖြေပြီးရော အဲဒီချာတိတ် စာအုပ်လေးချပြီး ထွက်သွားရော'' ''အဲဒါများဗျာ''    ''အဲဒါ မများနဲ့ ဆုံးအောင်နားထောင်လေ။ ကျွန်တော်လည်း အရောင်းစာရေးမလေးတစ်ယောက်ခေါ်ပြီး စာအုပ်ဖိုးပေးပြီး အဲဒီစာအုပ်လေးကို စောစောက ချာတိတ်ကို ပေးဖို့ ပြောပြီးထွက်ခဲ့တယ်။ အရောင်းစာရေးမလေးကတောင် ပြောလိုက်သေးတယ်။ အဲဒီကောင်လေး ဒီစာအုပ် သိပ်လိုချင်ရှာတာ။ ပိုက်ဆံမတတ်နိုင်လို့၊ မ၀ယ်ဘဲပြန်သွားတာ နှစ်ရက်ရှိပြီတဲ့'' ''စာအုပ်ဖိုးက''   ''စာအုပ်ဖိုးက နှစ်ထောင့်ငါး ရာပါ။ ဒါပေမယ့် ကျုပ်ဗျာ အခုပြော အခုပီတိဖြစ်တယ်''      ယုံပါတယ်။ လူကြီးအလိုကျ ဇာတိရွာ မူလတန်းကျောင်း ပြုပြင်ဆောက်လုပ်ရေးအတွက် သိန်းပေါင်းများစွာ လှူဖူးတဲ့သူ။ အဲဒီအလှူအတွက် ဆိတ်ဆိတ်နေခဲ့သူ။ ဖားပြီးလှူခဲ့တာဗျာ။ ကုသိုလ်ရချင်မှရမှာပါ ဆိုခဲ့သူ။ ဒီစာအုပ်အလှူလေး ပြောတော့ သူ့မျက်လုံးမှာ ပီတိနဲ့ အရည်လဲ့နေတယ်။
()
နှစ်ထောင့်ငါးရာဆိုတာ ကျွန်မအတွက် ငါးရက်စာဟင်းဖိုး။ ရှင်းပြမယ်လေ။ ကျွန်မတို့ ကုမ္ပဏီက နေ့လယ်စာ ထမင်းကျွေးတယ်။ ဟင်းကတော့ သင့်ရာတစ်မျိုးမျိုးပေါ့။ မနက်စာကိုက ကော်ဖီမစ်လေးဖျော်၊ မုန့် လေး တစ်ခုနှစ်ခုဝါးပြီး အလုပ်ဆင်းတယ်။ ညနေရုံးဆင်းတော့ ဟင်းတစ်ပွဲ ငါးရာနဲ့ ၀ယ်ပြန်တယ်။ ၀ယ်တာလား။ ရုံးကို နေ့လယ်စာ ကန်ထရိုက်ယူထားတဲ့ ဒေါ်ဒေါ်လှဆီကပဲပေါ့။ သူက ရုံးဟင်းအပြင် တခြားဟင်း တွေလည်း တနိုင်ချက်ချက်ပြီး ယူလာတယ်။ ရုံးမှာ ရောင်းတယ်။ ဘာယူယူ တစ်ပွဲငါးရာ။ အဲဒါဝယ် ပြန်ပြီး အဆောင်မှာ ထမင်းချက်စားတယ်။ အဲဒီနေ့က ရုံးမသွားခင် အချိန်ရတာနဲ့ လှည်းတန်းမှာ စာအုပ်ဆိုင် ၀င်ကြည့်တယ်။ အဲဒီကောင်မလေး တွေက ကျွန်မကို သိ မသိ မသေချာပေမယ့် ကျွန်မကတော့ သူတို့ကို မှတ်မိနေတယ်။ စာအုပ်ဆိုင်နဲ့ မဝေးလှတဲ့ စတိုးဆိုင်က အရောင်းအကူ မိန်းကလေးတွေ။ သူတို့နှစ်ယောက် စာအုပ်တစ်အုပ်ဖတ်ပြီး သဘောတွေကျနေကြတာ။ တော်တော်ကြာတော့ တစ်ယောက်ကပြောတယ်။ နှစ်ထောင့်ငါးရာတောင်ဟယ်။ မ၀ယ်နိုင်ပါဘူး တဲ့။ အဲဒီစာအုပ်စင်ကနေ တခြားစာအုပ်စင်ကို ကူးသွားပြီး ဆက်ကြည့်နေကြပြန်ရော။ သူတို့ ကြည့်တဲ့စာအုပ်ကို ယူကြည့်လိုက်တော့ အံ့သြသွားတယ်။ တကယ့်စာအုပ်ကောင်း။ ကျွန်မ ကိုယ်ပိုင်ဝယ်ထားတာတောင် ရှိတယ်။ ဒီလို စာကောင်း ပေမွန်တွေသိတဲ့ မိန်းကလေးတွေ ရှိပါသေးလားဆိုပြီး ကြည်နူးမိတယ်။ ဒါပေမယ့် မ၀ယ်နိုင်တဲ့ သူတို့အဖြစ်ကို စဉ်းစားမိတော့ စိတ်မကောင်းဘူး။           အဲဒီစာအုပ်လေးကို ကောက်ယူခဲ့တယ်။ ကောင်တာမှာ ပိုက်ဆံချေပြီး စာအုပ်ကို ထားခဲ့တယ်။ ကောင်တာက မိန်းကလေးက မေးတဲ့အကြည့်နဲ့ ကြည့်တယ်။ ကျွန်မလည်းဖြေပြီး ဆိုင်ထဲကနေထွက်ခဲ့တယ်။         ''ဒီစာအုပ်ကလေးကို ဟိုက ညီမလေးတွေကို ပေးပေးပါ''

ဉာဏ်ပညာ နုံနည်းလို့ပဲဖြစ်ဖြစ်၊ ပါရမီ မပါခဲ့လို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ဖြစ်ဖြစ်အတန်းပညာဆုံးခန်းမတိုင်ပေမယ့် အားငယ်စရာ မရှိပါဘူး။ ဘွဲ့တွေတသီကြီး ရထားလို့လည်း ပါးစပ်အဟောင်းသားနဲ့ ငေးမောပြီး အထင်ကြီးနေစရာမလိုပါဘူး။ အောင်လက်မှတ် တပြပြနဲ့ပေမယ့် သုံးမရ၊ ခိုင်းမရတာတွေလည်း တွေ့ရတတ်ပါတယ်။

(၇)
ကုမ္ပဏီတစ်ခုက စာရင်းကိုင်ဝန်ထမ်း မိန်းကလေးရဲ့စာအုပ်အလှူလေး နားထောင်ရတာလဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ စာအုပ်စာပေ လူ့မိတ်ဆွေပဲ။စာအုပ်တွေဟာ အဖော်မွန်တွေပါပဲ။ အတန်းပညာမတတ်ပေမယ့် စာဖတ်ပြီး အောင်မြင်ခဲ့ကြသူတွေ ရှိပါတယ်။ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းဟာ အထင်ရှားဆုံး ဥပမာတစ်ခုပါ။ဟိုးပဝေသဏီကဟာတွေ လာပြောမနေနဲ့လို့ မဆိုပါနဲ့။ ဒီဘက် ခေတ်တွေမှာလည်းရှိပါတယ်။ ''ရှစ် တန်းတောင် မအောင်တဲ့ကောင်ကများ ''တို့၊ ''ဆယ်တန်းပဲအရင် အောင်အောင် ပြန်ဖြေစမ်းပါဦးကွာ'' တို့ ဆိုတာမျိုးတွေ ကြားရဖူးပါတယ်။ ပြောတဲ့သူက ဘာရည်ရွယ်ချက်နဲ့ ပြောသလဲမသိပေမယ့် အပြောခံရတဲ့လူကို ကြည့်လိုက်တော့ နယ်ပယ်တစ်ခုခုမှာ လောက်လောက်လားလား နေရာတစ်ခုရနေသူ။ နည်းနည်းပို အတွင်းကျကျ လိုက်ကြည့်တော့ စာဖတ်တဲ့သူ။
(၈)
စာဖတ်ဖို့အတွက် စာတတ်ဖို့ လိုပါတယ်။ အဆင့်မြင့်စာတွေဖတ်ဖို့အတွက် အဆင့်မြင့်ပညာတွေ လိုပါတယ်။ စာပဲဖတ်ကြ၊ကျောင်းမတက်ကြနဲ့လို့ ပြောတာမဟုတ်ပါဘူး။ ဉာဏ်ပညာ နုံနည်းလို့ပဲဖြစ်ဖြစ်၊ ပါရမီ မပါခဲ့လို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ဖြစ်ဖြစ်အတန်းပညာဆုံးခန်းမတိုင်ပေမယ့် အားငယ်စရာ မရှိပါဘူး။ ဘွဲ့တွေတသီကြီး ရထားလို့လည်း ပါးစပ်အဟောင်းသားနဲ့ ငေးမောပြီး အထင်ကြီးနေစရာမလိုပါဘူး။ အောင်လက်မှတ် တပြပြနဲ့ပေမယ့် သုံးမရ၊ ခိုင်းမရတာတွေလည်း တွေ့ရတတ်ပါတယ်။
(၉)
''ငါ့ကလေးတွေ စာဖတ်တတ်အောင် မနည်းကျင့်ပေးခဲ့ရတာ မောင်'' ငယ်သူငယ်ချင်းတစ်ယောက်က ပြောပြတယ်။ ကျောင်းတက်ပြီး ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်ခဲ့တဲ့သူငယ်ချင်း၊ ဘာကျူရှင်မှ မတက်ခဲ့ဖူးသူ၊ ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကိုယ့်လှေကိုယ်ပဲ့ကိုင်ပြီး ဆရာဝန်ကြီးဖြစ်ခဲ့သူ။ ''ကျောင်းရယ်၊ ကျူရှင်ရယ်၊ ဂိမ်းဆိုင်ရယ်၊ တီဗီရယ်၊ အင်တာနက်ရယ်နဲ့ အချိန်တွေကုန်နေတာကွာ။ အပြင်စာဖတ်ကြပါဟဲ့ဆိုတော့ မဖတ်ချင်ဘူး။ ဒါနဲ့ အတင်းဖတ်ခိုင်း၊ ပြန်ပြောခိုင်း၊ မုန့်ဖိုးပေး၊ ဆုချနဲ့ လုပ်ရတာ မောင်။ စာအုပ်တွေတော့ ရွေးပေးရသပေါ့ကွာ။ ပြောရရင် အင်တာနက်ဆိုတာ ဖတ်မကုန်တဲ့ စာအုပ်ကြီးပါကွာ။ အခုတော့ စာကောင်းပေမွန်မဖတ်ဘဲ အဆိပ်ရှိတဲ့ စာတွေဖတ်ကြတယ်။ အင်တာနက်ဆိုလည်း ချက်(chat)တာနဲ့ပဲ ပြီးပါရော။ ငါတို့မြို့လေးမှာ တောင် အင်တာနက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေ ရှိနေပြီဆိုပဲ။ ငါလည်း ပြန်မရောက်ပါဘူးကွာ။
(၁၀)
သူငယ်ချင်းဆရာဝန်ကြီးဟာ မရောက်ပေမယ့် ကိုယ်ကတော့ ပြန်ရောက်သွားဖြစ်တယ်။ ဂိမ်းဆိုင်တွေကလည်း တခြိမ်းခြိမ်းနဲ့၊ အင်တာနက်ဆိုင်တွေကလည်း တစ်ချက်ချက်နဲ့။ တိုးတက်လာတာတွေ။ ပျောက်ဆုံးသွားတာတွေကတော့ စာအုပ်ငှားဆိုင်တွေ။ အရင် လက်နှစ်ဖက်ပေါင်းကျော်ခဲ့တဲ့ အရေအတွက် စာအုပ်အငှားဆိုင်တွေ။ အရင် လက်နှစ်ဖက်ကျော်ခဲ့တဲ့ အရေအတွက်ကနေ လက်တစ်ဖက်တောင် မရှိတော့။ နှစ်ဆိုင်ပဲ မြင်ခဲ့ရတယ်။ ကြည့်တော့လည်း မဂ္ဂဇင်းတွေနဲ့၊ သရဲသစ္ဆေနဲ့၊ ဂမ္ဘီရနဲ့။ အငှားဆိုင်လိုပဲ ပျောက်သွားတာက အရောင်းဆိုင်တွေ။ ငှားတဲ့သူက ငှားမကောင်းလို့ မလုပ်ကြတော့သလို ရောင်းတဲ့သူကလည်း ရောင်းမကောင်းတော့ စာအုပ်ဆိုင်ဖြုတ်ပြီး စတိုးဆိုင်လုပ်တယ်။ ဘယ်တတ်နိုင်မှာလဲ။ ဘယ်လိုပြောရမလဲပေါ့နော်။ ဒီကိစ္စက ဟိုလိုလေ။ သိတယ်မဟုတ်လား။ သဘောပေါက်မှာပါ စသဖြင့် ဒီနေ့ခေတ်မှာ အမြင်များတဲ့ အင်တာဗျူးစကားတွေပဲ ကိုးကားရမလိုလို။
(၁၁)
ဒေသပေါင်းများစွာမှာ၊ ကုန်တိုက်ကြီးတွေ အထင်ကရနေရာတွေမှာ နေရာအကျယ်ကြီး ငှားရမ်းပြီး စာအုပ်ဆိုင်ကြီးတွေ အများကြီးဖွင့်လှစ်တဲ့ သူဌေးကြီးကို အင်တာဗျူးကြပါသတဲ့။ ဒီလောက်နေရာတွေ အများကြီး၊ အကျယ်ကြီးမှာဘာဖြစ်လို့ စာအုပ်ဆိုင်ဖွင့်တာလဲ။ တခြားပစ္စည်းတွေရောင်းရင် ပိုပြီး အကျိုးအမြတ်ရှိမယ် မဟုတ်လားတဲ့။ သူဌေးကြီးက ပြန်ဖြေပါတယ်။ စာအုပ်တွေနဲ့ လူဖြစ်လာတာမို့ပါပဲတဲ့။ နောက်ပြီးတော့ နောက်မျိုးဆက်တွေ အတွက်လည်း ကောင်းတဲ့ အမွေလက်ဆင့် ကမ်းပေးချင်လို့ပါတဲ့။ အဲသလိုမျိုး စာအုပ်ဆိုင်ကြီးတွေ မြန်မာပြည်တစ်နံတစ်လျားမှာ ဘယ်သွားသွား တွေ့မြင်ချင်ပါတယ်။ အသစ်တွေ မပေါ်ပေါက်လာသေးရင်တောင်မှ လက်ရှိအဟောင်းတွေတော့ မပျောက်စေချင်ပါဘူး။ အငှားဆိုင်ပဲ ဖြစ်ဖြစ်၊ အရောင်းဆိုင်ပဲဖြစ်ဖြစ်၊ စာအုပ်ဆိုင်လို့ပဲ နာမပဉာတ်အမည်တပ်ပါရစေ။ စာအုပ်ဆိုင်တွေ ကျန်းမာရေး ကောင်းစေချင်ပါတယ်။ စာအုပ်ဆိုင်တွေ ကျန်းမာရေး ကောင်းကြပါစေ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis